
“ကိုယ့်ဟာကိုယ် သွားလုပ်ရင် တမင်မလုပ်ပေးဘူး။ ဘေးဖယ်ထားတယ်။ နယ်ကလာ လုပ်တဲ့သူတွေမှာကျ အဆင် မပြေဘူးလေ အဲလိုဆိုရင်။
၂၂၊ ဇွန်။
ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးမှာ ရုံးဝန်ထမ်းတွေနဲ့ ပွဲစားတွေပေါင်းပြီး လုပ်စားနေကြတာကြောင့် ပွဲစားမပါဘဲ သက်တမ်းတိုးသူတွေအဖို့ အချိန်ကြန့်ကြာ အဆင်မပြေဖြစ်နေကြပါတယ်။
“အကုန်လုံး ပွဲစားတွေနဲ့ပဲ သက်တမ်းတိုးအောင် လုပ်ထားတာ။ ကိုယ့်ဟာကိုယ်လုပ်မယ်ဆိုရင် အရမ်းကျတယ်။ ဆယ်ရက်၊ လခွဲလောက်တောင် ကြာတယ်။ အဲတော့ ပွဲစားနဲ့ပဲ လုပ်ကြရတာပေ့ါ။ ပွဲစားခကလည်း ငါးထောင်၊ တ သောင်းထိ ပေးရတယ်” လို့ ဟင်္သာတမြို့ခံတဦးက ပြောပါတယ်။
ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးဖို့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်ရွက်မယ်ဆိုရင် ဆယ်ရက်ကနေ လဝက် လောက်ထိ ကြန့်ကြာပြီး ပွဲစားတွေနဲ့တဆင့်လုပ်မယ်ဆိုရင် ရက်ပိုင်းအတွင်း အဆင်ပြေတယ်လို့ ဆိုပါတယ်။
ပွဲစားကနေတဆင့်မဟုတ်ဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် သက်တမ်းတိုးမယ်ဆိုရင် ရုံးဝန်ထမ်းတွေဟာ တမင်တိုးမပေးဘဲ အချိန်ဆွဲထားတယ်လို့ ဆိုပါတယ်။
“ကိုယ့်ဟာကိုယ် သွားလုပ်ရင် တမင်မလုပ်ပေးဘူး။ ဘေးဖယ်ထားတယ်။ နယ်ကလာ လုပ်တဲ့သူတွေမှာကျ အဆင် မပြေဘူးလေ အဲလိုဆိုရင်။ ဝန်ထမ်းတိုင်း ပွဲစားတွေနဲ့ ပေါင်းစားနေတာပါ။ ပွဲစားနဲ့ လာရင်တော့ ခဏပဲ၊ ရက်ချင်းတောင် ရတယ်” လို့ ဟင်္သာတမြို့နယ်ထဲက ကျေးရွာတခုမှ အမျိုးသမီးက ပြောပါတယ်။
ဟင်္သာတမြို့နယ်အတွင်းမှာ ဆိုင်ကယ်ဖမ်းဆီးတာတွေများပြီး ဖမ်းဆီးခံရရင် ငွေကျပ်သိန်းဂဏန်း တောင်းကြတာကြောင့် လိုင်စင်သက်တမ်းတိုးသူတွေ အများအပြား ရှိနေတာပါ။ အဲဒီလို အခြေအနေမှာ ကညန ဝန်ထမ်းတွေက သူတို့နဲ့ နီးစပ်ရာ ဆွေမျိုးတွေကို ပွဲစားလုပ်ခိုင်းထားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဆိုင်ကယ်တစီး သက်တမ်းတိုးဖို့အတွက် သက်တမ်းကျန်သေးတဲ့ ဆိုင်ကယ်ဆိုရင် ကျပ်သုံးသောင်းဝန်းကျင် ကုန်ကျပြီး သက်တမ်းလွန်ဆိုရင် ကျပ်ငါးသောင်းဝန်းကျင်ထိ ကုန်ကျကာ ပွဲစားတွေနဲ့လုပ်မယ်ဆိုရင် ငွေကုန်ကျမှု ပိုများတာ ဖြစ်ပါတယ်။
ဧရာ၀တီတိုင်းအတွင်းက ဟင်္သာတ၊ ပုသိမ်၊ ဖျာပုံစတဲ့မြို့နယ်တွေမှာ ဆိုင်ကယ်ဖမ်းဆီးတာတွေ ဆက်တိုက် ရှိနေပြီး ဦးထုပ်မဆောင်းလာမိရင်တောင် ငွေကျပ်သုံးသောင်းကနေ ၊ ငါးသောင်းလောက်ထိ ပေးကြရတယ်လို့ ပြောကြ ပါတယ်။
“လိုင်စင်တွေအကုန်ရှိပြီး ဦးထုပ်မပါရင်တောင် အနည်းဆုံး သုံးသောင်းပဲ။ လိုင်စင်ပါမပါရင် သိန်းဂဏန်းသွားပြီ” လို့ ပုသိမ်မြို့မှ လူငယ်တဦးက ပြောပါတယ်။
အခုနောက်ပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေဟာ အဂတိလိုက်စားတာတွေ ဆက်တိုက်ရှိနေပြီး စစ်အစိုးရသစ် လက်ထက်မှာလည်း အဂတိလိုက်စားမှုတွေက ဆက်ရှိနေတာဖြစ်ပါတယ်။