မတ်ပဲစျေး အနည်းငယ် တက်လာ

“ပဲက မတ်လနဲ့ ဧပြီလမှာ လှိုင်လှိုင်ပေါ်ခဲ့တာလေ။ အခု ပဲ လက်ကျန်နည်းသွားတာကြောင့် ပါမယ်။ နိုင်ငံခြားကိုလည်း မတ်ပဲတွေ ပို့နေရတယ် အခု”

၁၉၊ ဇွန်။

မတ်ပဲစိုက်ပျိုးသူ အများအပြားရှိတဲ့ ဧရာ၀တီတိုင်းအတွင်း မတ်ပဲစျေး အနည်းငယ်တက်လာနေပြီး တတင်းကို တသိန်းတသောင်းအထိ စျေးရှိလာပါတယ်။ ပြီးခဲ့တဲ့အပတ်က မတ်ပဲတတင်းကို ကိုးသောင်း ခွဲဝန်းကျင်သာ ရှိခဲ့ရာကနေ အခုအခါ တသိန်းကျော်ထိ စျေးတက် သွားတာလို့ ဆိုပါတယ်။

“စျေးနည်းနည်း တက်လာတယ်။ ပဲလှောင်ထားတဲ့ သူတွေအတွက် ကောင်းတာပေ့ါ။ စျေးကောင်းပေမယ့် အမြတ်တော့ အများကြီး ရကြမှာ မဟုတ်ဘူး။ အရင်းများထားတော့လေ။ အစောကြီးကတည်းက ထုတ်ရောင်းတဲ့သူတွေကတော့ ရှုံးသွားပြီ” လို့ ကျုံပျော်မြို့နယ်မှ ပဲစိုက်တောင်သူတဦးက ပြောပါတယ်။

အခုလို ပဲစျေးတက်တာဟာ မိုးတွင်းကာလ ရောက်တော့မှာဖြစ်ပြီး တောင်သူတွေဆီ ပဲလက်ကျန် နည်းသွားတာကြောင့် ဖြစ်နိုင်တယ်လို့ ပဲကုန်သည်တွေနဲ့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

ပုသိမ်မြို့နယ်မှ ပဲအရောင်းအဝယ်လုပ်နေသူတဦးက “ပဲက မတ်လနဲ့ ဧပြီလမှာ လှိုင်လှိုင်ပေါ်ခဲ့တာလေ။ အခု ပဲ လက်ကျန်နည်းသွားတာကြောင့် ပါမယ်။ နိုင်ငံခြားကိုလည်း မတ်ပဲတွေ ပို့နေရတယ် အခု” လို့ ဆိုပါတယ်။

ဧရာ၀တီတိုင်း အတွင်းက တောင်သူတွေဟာ စပါးစိုက်ပျိုးလို့ အရင်းမရ၊ အရှုံးပေါ်တာကြောင့် ပဲပြောင်းစိုက်ခဲ့ကြပြီး အခုနှစ်မှာ ပဲခင်းဧကရာချီဟာ အဝါရောင်သန်းကာ အခင်းလိုက် ပျက်စီးတာတွေနဲ့ ကြုံခဲ့ကြရတာကြောင့် ပဲစိုက်တောင်သူတွေအဖို့ ဆုံးရှုံးမှု ကြီးခဲ့တယ်လို့ ဆိုပါတယ်။

“စျေးကတက်ရင် ထပ်တက်စေချင်တယ်။ ဒါမှလည်း တောင်သူတွေ နည်းနည်းအဆင်ပြေကြမှာ” လို့ ကျုံ ပျော်မြို့ နယ်မှ ပဲစိုက်တောင်သူက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှ ဒေသခံတောင်သူတွေဟာ မိုးရာသီစပါးစိုက်ပြီး ဆောင်းသီးနှံအဖြစ်ပဲကို စီးပွားဖြစ် အများအပြား စိုက်ပျိုးကြပြီး စပါးရောပဲပါ စျေးကောင်းမရတာကြောင့် ဒေသခံတောင်သူတွေမှာ အခက်အခဲတွေနဲ့ ကြုံ နေကြရတာ ဖြစ်ပါတယ်။

စပါးစျေးဟာလည်း အရင်နှစ်တွေတုန်းက တင်းတရာကို ကျပ်သိန်းနှစ်ဆယ်ကျော်အထိ ရှိခဲ့ရာကနေ အခုအခါ စပါးစျေးတည်ငြိမ်မှုမရှိဘဲ ကျပ် ၁၄ သိန်းဝန်းကျင်ထိ စျေးကျသွားတာကြောင့် ရင်းနှီးထားရတဲ့ အရင်းအနှီးနဲ့ လုပ်အားခ တွေ နုတ်လိုက်ရင် အရှုံးပေါ်တဲ့ လယ်သမားတွေ များနေတယ်လို့ ဒေသခံတွေ လယ်သမားတွေက ပြောကြပါ တယ်။