
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် ပြည်တွင်းမှာ နေရပ်စွန့်ခွာ ရှောင်တိမ်းနေကြရသူ စုစုပေါင်း ၃.၆ သန်းဝန်းကျင်ရှိနေပြီး ၊ နိုင်ငံပြင်ပမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် တောင်းထားသူ ၁.၅၉ သန်းအထိ ရှိနေပါတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သတ်မှတ် ထားပါတယ်။ ဒီနေ့ ဇွန်လ ၂၀ ရက်နေ့ကတော့ ကမ္ဘာ့တဝန်းမှာ နေရပ်စွန့်ခွာရသူတွေရဲ့ သတ္တိနဲ့ ခံနိုင်ရည်ကို အသိအမှတ်ပြု ကျင်းကြလေ့ရှိတဲ့ “ကမ္ဘာ့ဒုက္ခသည်များနေ့” ဖြစ်ပါတယ်။
၂၀၊ ဇွန်လ
(၁)
မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ကြားထဲက အကာအရံမလုံ၊ စုတ်ပြဲနေတဲ့ တာပေါ်လင်စ အမိုးအောက်မှာ ဒေါ်ညို(အမည်လွှဲ)တယောက် လသားအရွယ် သူ့ကလေးငယ်ကို ရင်ခွင်ထဲ တင်းကြပ်စွာ ပွေ့ဖက်ထားရင်း အပြင်က လေပြင်း တိုက်ခတ်သံကို စိုးရိမ်တကြီး နားစွင့်နေပါတယ်။
“ဒီတမိုးကို အလုပ်လည်းမရှိဘဲ ဘယ်လိုစားသောက် နေရမလဲ မသိတော့ဘူး။ ဒီက အလှူရှင်တွေ ဆန်နည်းနည်း၊ ဆီနည်းနည်း ပေးလာရင် စားရတယ်။ မရှိရင် ငတ်တဲ့ရက်တွေလည်း ရှိတယ်” လို့ ဒေါ်ညိုက ပြောပါတယ်။
သူမဟာ နှစ်ဖက်တိုက်ပွဲတွေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုး၊ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်၊ ဗုံးကြဲမှုတွေကြောင့် အိုးအိမ်ပစ်ပယ်ပြီး နေရပ်စွန့်ခွာ အသက်လုထွက်ပြေး၊ တိမ်းရှောင်လာခဲ့ရတဲ့ စစ်ဘေးရှောင် အမျိုးသမီးတွေထဲက တဦးဖြစ်ပါတယ်။
မြစ်၀ကျွန်းပေါ်ဒေသ ဧရာ၀တီတိုင်း ရေကြည်မြို့နယ်ရှိ မြောက်စမ်းရွာ အနီးက အမြောက်တပ် အမတ ၃၄၄ အနီး ရိုးမပေါ်က ကျေးရွာတခုမှာ အေးအေးချမ်းချမ်း နေထိုင်ခဲ့ကြတဲ့ ဒေါ်ညိုတို့ မိသားစုဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းထိုး ဖမ်းဆီးမှုတွေလုပ်လာချိန် ၂၀၂၆ ခု၊ နှစ်ဆန်းပိုင်းမှာ လသားအရွယ် ကလေးငယ် အပါအဝင် မိသားစုဝင် ငါးဦးနဲ့အတူ တိမ်းရှောင်လာခဲ့ရတာပါ။
ဒေါ်ညိုတို့မိသားစုဟာ အာရက္ခတပ်တော်(AA) အပါအဝင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ရိုးမကို ဖြတ်ကျော်ကာ ရိုးမအနောက်ဘက်ခြမ်း ရခိုင်ပြည်နယ် ဂွမြို့နယ်ဆီ ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။
“တိုက်ပွဲမရှိဘဲနဲ့လည်း ၃၄၄ က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ နောက်ကျရင် စစ်တပ်က စစ်ကြောင်းတွေထိုး၊ သေ နတ်တွေပစ်ပြီး ရောက်လာတော့ ဘယ်လိုမှနေလို့ မရတော့ဘူး။ အဲဒါနဲ့ ဒီဘက်ကို ပြေးလာခဲ့ကြတာ။ ငသိုင်း ချောင်းဘက်ကိုသွားရင် လမ်းမှာ စစ်တပ် ဖမ်းဖို့ ကြောက်ရတော့ ဒီဘက်ပဲ ပြေးလာခဲ့တယ်” လို့ ဒေါ်ညိုက ပြောပါ တယ်။
အခုနှစ်မိုးရာသီကို ဂွမြို့နယ်အတွင်းက စစ်ရှောင်တွေခိုလှုံရာ နေရာတခုမှာ တာလပတ် တဲအိမ်လေးဆောက်ကာ ဖြတ်သန်းရအုံးမယ်လို့ သူမက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် ဒေါ်ညိုတို့မိသားစုအပြင် ဧရာ၀တီတိုင်းအတွင်းက နောက်ထပ်မိသားစု ထောင်ဂဏန်းဟာလည်း အိုးအိမ်၊ နေရပ်စွန့်ခွာ တိမ်းရှောင်နေရကာ ဘာသာရေး အဆောက်အဦးတွေ၊ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေနဲ့ တောတောင်တွေထဲ အမိုးအကာမလုံမခြုံ ခိုလှုံနေကြရပါသေးတယ်။
သောင်းချီတဲ့ မြစ်၀ကျွန်းပေါ်က စစ်ရှောင်တွေ
မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်မြောက်ပိုင်းကနေ စတင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် တောင်ဘက်အစွန်ဆုံး၊ ဧရာ၀တီတိုင်းနဲ့အစပ် ဂွမြို့နယ်ထိ ရောက်လာခဲ့ချိန် အာဏာသိမ်းစစ်တပ်ကို တော်လှန်တဲ့ စစ်ပွဲဟာ ရိုးမတဘက်ခြမ်း မြစ်၀ကျွန်းပေါ်ဒေသထိပါ ကူးစက်လာခဲ့ပါတယ်။
ဂွကမ်းခြေနဲ့ တဆက်စပ်တည်းမှာရှိတဲ့ ဧရာ၀တီတိုင်း ပုသိမ်ခရိုင် ရွှေသောင်ယံ မြို့နယ်အတွင်း ကမ်းခြေတလျှောက်ကနေ စတင်ခဲ့တဲ့ မြစ်၀ကျွန်းပေါ်တိုက်ပွဲတွေဟာ သာပေါင်း၊ ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်တွေထိပါ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ကာ တိုက်ပွဲတွေနဲ့အတူ စစ်ဘေးရှောင်တွေလည်း ရှိလာခဲ့ပါတယ်။
လက်ရှိမှာ ရိုးမတောင်ခြေတလျှောက် လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာအများစု၊ ရိုးမတောင်ခြေ တလျှောက် ရေကြည်မြို့နယ်အတွင်းက ကျေးရွာတွေ၊ သာပေါင်း၊ ရွှေသောင်ယံမြို့နယ်တို့အတွင်းမှ ကျေးရွာတွေဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတာပါ။
အဲဒီဒေသတွေက အချို့စစ်ဘေးရှောင်တွေဟာ ဒေါ်ညိုတို့လို ရိုးမအနောက်ဘက်ခြမ်း ဂွမြို့နယ်မှာ သွားရောက်ခိုလှုံ ကြသလို အများစုကတော့ ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေထဲ ခိုလှုံနေထိုင်ကြပါတယ်။
“မြို့တိုင်းလိုလိုမှာ စစ်ဘေးရှောင်တွေရှိတယ်။ တချို့က ဓမ္မာရုံတွေမှာ၊ တချို့က အိမ်တွေမှာ နေကြတယ်။ တချို့ ကျတော့လည်း မြို့ပေါ်တွေ မရောက်ဘဲ တောတွေတောင်ထဲ၊ ယာတွေထဲမှာ နေကြတယ်” လို့ လေးမျက်နှာမြို့နယ်အတွင်း လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက စစ်ဘေးရှောင်တွေဟာ တခြားဒေသတွေမှာလိုမျိုး ဒုက္ခသည်စခန်းအခြေစိုက် ခိုလှုံခွင့်ရဖို့ထက်၊ နီးစပ်ရာ ဆွေမျိုးအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောတောင်တွေထဲမှာ လူမသိသူမသိ ပုန်းအောင်း ခိုလှုံနေရတာက ပိုများတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ တိုက်ပွဲမရှိတော့တဲ့ နေရာတွေမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် နေထိုင်လို့ အဆင်မပြေဘဲ တိမ်းရှောင်နေကြရတာပါ။ ဒေသခံတော်လှန်ရေးတပ်တွေ ထိန်းချုပ်သိမ်းပိုက်ထားပြီး တိုက်ပွဲမရှိတော့တဲ့ နေရာတွေရှိ အရပ်သား လူနေကျေးရွာတွေကိုလည်း စစ်တပ်က မကြာခဏ လေကြောင်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေပါတယ်။
လေးမျက်နှာမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံအမျိုးသမီးတဦးက “ဒီဘက်မှာဆိုရင် တကယ်တမ်းကျ တိုက်ပွဲသိပ်မရှိတော့ဘူး။ ဒါပေမယ့် ရွာသားတွေ နေလို့မရဘူး။ ဗုံးခဏခဏ ကြဲနေတော့လေ။ သူတို့မှာ လယ်လည်းမလုပ်ရ၊ ကိုင်းလည်း မလုပ်ရဘူး။ တောတွေထဲမှာ နေရတယ်။ မဟုတ်ရင်လည်း တခြားအဝေးက ရွာ တွေမှာ သွားနေကြရတယ် ခုထိ” လို့ ပြောပါတယ်။
ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တွေမှာ ဒေသခံစစ်ဘေးရှောင်တွေအပြင် ရခိုင်ပြည်နယ်က တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေလည်း ရှိနေပါတယ်။
ဧရာ၀တီတိုင်းအတွင်းက မြို့နယ်တိုင်းနီးပါးမှာ ရှိနေတဲ့ စစ်ဘေးရှောင် အရေအတွက်ကို တိတိကျကျ စာရင်းကောက်ယူ၊ ပြုစုထားတဲ့ အချက်အလက်တွေ မရှိပေမယ့် စစ်ဘးရှောင်ဦးရေဟာ ထောင်ချီရှိနိုင်တယ်လို့ ဒေသခံလူ မှုကူညီရေးလုပ်နေသူတွေက ခန့်မှန်းပြောဆိုကြပါတယ်။
“စစ်ရှောင်စခန်းရယ်လို့ သီးသန့်မရှိဘဲ ဟိုနားတစု၊ ဒီနားတစု နေကြတော့ အရေအတွက် ခန့်မှန်းဖို့ခက်တယ်။ ဒါပေမယ့် ထောင်ချီကတော့ ရှိမယ်။ ရခိုင်ဘက်က စစ်ရှောင်တွေတောင် ထောင်ကျော်မယ်။ ရခိုင်နဲ့ ဆက်စပ်တဲ့ လေးမျက်နှာ၊ ရေကြည်ဘက်မှာလည်း တထောင်ကျော်၊ နှစ်ထောင်လောက်ရှိမယ်” လို့ ရေကြည်မြို့နယ်မှ လူမှုကူညီရေး လုပ်နေသူလူငယ်တဦးက ခန့်မှန်းပြောဆိုပါတယ်။
(၂)
UNHCR ရဲ့ ၂၀၂၆ ၊မတ်လမှာ နောက်ဆုံရခဲ့တဲ့ စာရင်းတွေအရ ဧရာဝတီတိုင်းမှာ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၂၂,၈၀၀ ဦး ရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ရှိလာတဲ့ စစ်ဘေးရှောင်ရသူတွေ ဖြစ်ပါတယ်။ ဒီကာလ မတိုင်ခင်တုန်းကတော့ ဧရာဝတီတိုင်းမှာ စစ်ဘေးရှောင် ဒုက္ခသည်ဆိုတာ မရှိခဲ့ပါဘူး ။ UNICEF ရဲ့ စာရင်းအရလည်း ၂၀၂၅ အတွင်းမှာ နေရပ်စွန့်ခွာရသူ တိုးလာတဲ့ အထဲမှာလည်း ဧရာဝတီတိုင်းက ပါဝင်နေပါတယ်။
🔹 ကူညီသူမဲ့ ဘ၀တွေ
အဲဒီသောင်းချီတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေနဲ့ အစိုးရရဲ့ ပုံမှန်အထောက်အပံ့တွေကို မရကြဘဲ အလုပ်အကိုင် ရှားပါးတဲ့ အခြေအနေမှာ ကိုယ့်အားကိုယ်ကိုးကာ စားဝတ်နေရေး ဖြေရှင်းနေကြရတာ ဖြစ်ပါတယ်။
“အားလုံးရဲ့ အဓိက လိုအပ်ချက်တွေကတော့ စားဝတ်နေရေးပါ၊ တက်လာတဲ့ ကုန်စျေးနှုန်းရယ်၊ နောက် သူတို့အလုပ်လက်မဲ့ ပြဿနာရယ်၊ ဒီအတွက်ကြောင့် မိသားစု စားဝတ်နေရေး အတွက်တော့ တော်တော်အခက်အခဲရှိပါ တယ်” လို့ ဟင်္သာတမြို့မှ နိုင်ငံရေးအကျဉ်းသားဟောင်း၊ လူမှုကူညီရေးလုပ်နေသူ ဦးစိန်သောင်းက ပြောပါတယ်။
အာဏာသိမ်း စစ်အစိုးရကတော့ စစ်ဘေးရှောင်တဦးကို တလမှာ ကျပ်နှစ်သောင်းနှုန်းနဲ့ လစဉ် ထောက်ပံ့ပေးတယ်လို့ ပြောဆိုနေပေမယ့် ပုံမှန်ထောက်ပံ့မှု မရှိသလို စစ်ဘေးရှောင် ဒုက္ခသည် အားလုံးဟာလည်း အဲဒီအထောက်အပံ့ကို မရကြဘူးလို့ ဆိုပါတယ်။
“သူတို့စာရင်းထဲ ပါတဲ့သူမှ ရတာ။ ဆယ်ယောက်မှာ ငါးယောက်လောက်ပဲရှိမယ် အကူအညီရတာ။ လတိုင်းပေးတာလည်း မရှိဘူး။ သုံးလလောက်နေမှ တခါ။ လူကြီးတွေလာမှ တခါပဲ ရကြတာ အဲဒါက။ လတိုင်းရရင်တောင် လူတယောက် နှစ်သောင်းဆိုတာ ဘယ်လိုမှ စားလို့မလောက်ဘူး” လို့ ရေကြည်မြို့နယ်မှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင် အမျိုးသမီးတဦးက ပြောပါတယ်။
အချို့စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ စစ်အစိုးရက အထောက်အပံ့ပေးဖို့ စာရင်းကောက်ယူတဲ့အခါ ဖမ်းဆီးခံရမှာ၊ စစ်မှုထမ်းပါမှာ စိုးရိမ်တာကြောင့် စာရင်းမပေးတဲ့အတွက် အထောက်အပံ့ မရကြဘူးလို့ ဆိုကြပါ တယ်။
ဧရာ၀တီတိုင်းအတွင်းက အဲဒီစစ်ဘေးရှောင်တွေဟာ အစိုးရ အထောက်အပံ့ ပုံမှန်မရတဲ့အပြင် နိုင်ငံတကာကူညီရေး အဖွဲ့တွေရဲ့ အထောက်အပံ့တွေလည်း မရကြဘူးလို့ ပြောကြပါတယ်။ တခါတရံ ပုဂ္ဂလိက အလှူရှင်တွေရဲ့ ထောက် ပံ့မှုအချို့ကို ရကြပေမယ့် ပုံမှန်လာလှူကြတာ မဟုတ်ပါဘူး။
“အစိုးရပေးတယ်ဆိုတာကလည်း မပြည့်စုံ၊ မဖူလုံဘူး။ နောက် ပြင်ပအလှူရှင်တွေ ရှိတယ်။ ပြင်ပ အလှူရှင်တွေလည်း အလှူရှင်ရှိမှ သူတို့ဆီ ရောက်တာဆိုတော့ ပြည့်ပြည့်စုံစုံကြီး နေရတယ်လို့တော့ မရှိဘူး” လို့ ဦးစိန်သောင်းက စစ်ရှောင်တွေရဲ့ အခက်အခဲအခြေအနေကို ပြောပြပါတယ်။
အဲဒီလို စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံနေကြရတဲ့ သောင်းချီနေတဲ့ စစ်ဘေးရှောင်တွေကို အစိုးရအနေနဲ့ တိကျတဲ့ စာရင်းကောက်ယူပြီး အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးတာ၊ စားဝတ်နေရေး အဆင်ပြေ ဖူလုံအောင် ထောက်ပံ့တာတွေ လုပ်ပေးဖို့လိုတယ်လို့ သူက ထောက်ပြပါတယ်။
“အလုပ်အကိုင် အခွင့်အလမ်း ပေးတာမျိုး၊ နောက် ကူညီထောက်ပံ့ ပေးတာမျိုး လုပ်မယ်ဆိုရင်တော့ စစ်ဘေးရှောင်တွေအတွက် အများကြီး အကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်ဗျ။ နိုင်ငံသားတယောက်အတွက် နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်ဆိုတာကို သိစေချင်တယ်” လို့ ဦးစိန်သောင်းက ပြောပါတယ်။
🔹 အဖမ်းအဆီးလည်း ကြောက်ကြရသေး
ဧရာဝတီတိုင်းအတွင်းက စစ်ရှောင်တွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော ကန့်သတ်ချက်ကတော့ လုံခြုံရေးအရ ဖိအားပေးခံရမှုပဲ ဖြစ်ပါတယ်။
သူတို့ဟာ စားဝတ်နေရေး ကြပ်တည်း ခက်ခဲကြတဲ့အပြင် အုပ်ချုပ်ရေး အဆင့်ဆင့်ရဲ့ ခြိမ်းခြောက်၊ဖမ်းဆီးမှုတွေနဲ့လည်း ကြုံနေကြရတာပါ။
ရွေးကောက်ပွဲမတိုင်ခင် ကာလတုန်းက ရွေးကောက်ပွဲမှာ မဲပေးဖို့ အတင်းအကြပ်စေခိုင်း၊ ခြိမ်းခြောက်ခံခဲ့ကြရသလို အချိန်မရွေး ဝင်ရောက်စစ်ဆေး၊ ဖမ်းဆီး၊ စစ်မှုထမ်း ပို့ခံရတာတွေလည်း ရှိနေတယ်လို့ ပြောကြပါတယ်။
“မသင်္ကာရင် အဖမ်းခံရတယ်။ စစ်ရှောင်ထဲက လူငယ်တွေဆိုရင် ပိုကြောက်ရတယ်။ အလုပ်တွေတောင် ပေါ်ပေါ် ထင်ထင် ထွက်မလုပ်ရဲဘူး။ ရခိုင်ဘက်ကလာတဲ့ စစ်ရှောင်တွေ ပိုအဖမ်းခံရတယ်။ ဘ၀တွေက မလွယ်ဘူး။ အကုန်လုံးကို ကြောက်နေရတယ်” လို့ ငသိုင်းချောင်းမှာ ခိုလှုံနေတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်ကလာတဲ့ စစ်ရှောင်တဦးက ပြောပါ တယ်။
တိုက်ပွဲကာလ နှစ်နှစ်ဝန်းကျင်အတွင်း ဧရာ၀တီတိုင်းအတွင်း ဖမ်းဆီးခံရတဲ့ စစ်ဘေးရှောင်ဦးရေဟာ တရာဝန်းကျင် ထိရှိခဲ့ပြီလို့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံ လူမှုကူညီရေး လုပ်နေသူတွေရဲ့ ခန့်မှန်းပြောဆိုချက်အရ သိရပါတယ်။
🔹 အိမ်ပြန်လမ်းတွေ ဝေဝါးနေဆဲ
နေရပ်စွန့်ခွာ တိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေဟာ သူတို့လာရောက်ခိုလှုံရာ နေရာမှာလည်း ရိက္ခာဖူလုံမှု မရှိ၊ အဖမ်းအဆီးကပါ စိုးရိမ်ကြရပြန်တော့ နေရပ်ပြန်ချင်ကြပြီလို့ ပြောကြပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အိမ်ပြန်လမ်း တွေကတော့ အလှမ်းဝေး၊ ဝေဝါးနေဆဲ ဖြစ်ပါတယ်။
“အိမ်မပြန်ချင်တဲ့သူ ဘယ်သူရှိမလဲ။ ဒီနေ့ပြန်လို့ရရင် ဒီနေ့ပဲ ပြန်မှာ။ အခုက တိုက်ပွဲမရှိရင်တောင် ခွေးတွေ လက်နက်ကြီးနဲ့ ပစ်နေသေးတော့ အိမ်ပြန်ဖို့ မလွယ်ဘူး။ အခု လေယာဉ်တွေနဲ့လည်း နေ့တိုင်းပစ်နေတယ် ကြားတယ်။ ခွေးတွေ မရှိတော့မှပဲ အိမ်ပြန်လို့ရမယ်ထင်တယ်” လို့ ဒေါ်ညိုက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေဟာ ပြည်တွင်းနဲ့ နိုင်ငံတကာသတင်းတွေမှာ နေရာမရ၊ လူသူ အာရုံစိုက်မှု နည်းပါးနေပေမယ့် မြေပြင်မှာတော့ ကြီးစွာသော အကြပ်အတည်းကြီးတခု ဖြစ်ပါတယ်။
“ကမ္ဘာ့ဒုက္ခသည်များနေ့” မှာ သူတို့ တကယ်တမ်း လိုအပ်နေတာဟာ နိုင်ငံတကာရဲ့ စာနာမှုကဗျာလင်္ကာတွေ၊ စာ လွှာတွေထက် မြေပြင်ထိ ထိရောက်မယ့် ဘေးကင်းလုံခြုံတဲ့ လူသားချင်းစာနာမှု အကူအညီတွေပဲ ဖြစ်ပါတယ်။