
ယူကရိန်းဟာ သူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဥရောပနဲ့ အရှေ့အလယ်ပိုင်းတို့မှာသံတမန်ရေးနဲ့ ကာကွယ်ရေးသဘောတူညီချက်တွေ ရယူနိုင်ခဲ့သလို သမ္မတ ဇလန်းစကီးကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပင်လယ်ရေပြင်သုံး ဒရုန်းတွေလို နည်းပညာတွေကို ဂျပန်နိုင်ငံအတွက် “ဖွင့်လှစ်ပေးဖို့ အဆင်သင့်ပဲ” လို့ ပြောခဲ့ပါတယ်။
၂၀၊ ဇွန်။
တိုက်ခိုက်ရေးဒရုန်းတွေ ထုတ်လုပ်တဲ့ ယူကရိန်းကုမ္ပဏီ UFORCE ရဲ့ စီအီးအိုဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းက တိုကျိုမြို့ကို လာရောက်ခဲ့ပြီး ဂျပန်အရာရှိတွေနဲ့ ကာကွယ်ရေးကန်ထရိုက်တာတွေကို ဂျပန်နဲ့ သူ့ရဲ့မဟာမိတ်တွေကို ကာကွယ်ဖို့အတွက် ဒရုန်းအစင်းရေ ထောင်ချီကို ထုတ်လုပ်ကြဖို့ ကမ်းလှမ်းဆွေးနွေးခဲ့ပါတယ်။
အဲ့ဒီခရီးစဉ် မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ အမေရိကန်စစ်တပ်ဟာ တောင်တရုတ်ပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာ ဆုံတွေ့တဲ့နေရာမှာ လျှို့ဝှက်ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုတခုအတွင်းUFORCE ရဲ့ ရေပေါ်ဒရုန်းတွေကို သုံးပြီး သင်္ဘောတစင်းကို နှစ်မြှုပ်ပစ်ခဲ့ပါသေးတယ်။
ဒါ့အပြင် အဆိုပါ ကုမ္ပဏီထုတ် Magura ရေပြင်ပေါ်သွားယာဉ်ဟာ ပင်လယ်နက်ရဲ့နေရာတော်တော်များများကို ရုရှားရေတပ် မလာရဲတဲ့ဇုန်တွေဖြစ်အောင် နှစ်ပေါင်းများစွာ ကူညီပေးထားခဲ့တာပါ။
အရှေ့အာရှရဲ့ ရေပြင်ပထဝီဝင်အနေအထားကအများကြီးကွဲပြားပေမဲ့ “သက်ရောက်မှုကတော့ အတူတူပါပဲ” လို့ UFORCE ရဲ့ စီအီးအို အိုလက် ရိုဂျင်စကီးက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာလုပ်ခဲ့တဲ့ UFORCE ရဲ့ အစည်းအဝေးအသေးစိတ်အချက်အလက်တွေကို အရင်က သတင်းထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။
ကာကွယ်ရေးကန်ထရိုက်တာတွေ၊ယူကရိန်းနဲ့ ဂျပန်အစိုးရအရာရှိတွေအပါအဝင် လူပေါင်း ၂၀ ကို မေးမြန်းချက်အရ ဒါဟာ ပိုပြီးရန်လိုလာတဲ့ တရုတ်နိုင်ငံကို ဟန့်တားဖို့နဲ့ ထိုင်ဝမ်အရေးကြောင့် ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေကို တားဆီးဖို့ စိတ်အားထက်သန်နေတဲ့ အမေရိကန်မဟာမိတ်တွေရဲ့အာရှဒေသတွင်း စစ်ရေးအသုံးစရိတ် မြင့်တက်လာမှုကို အမိအရဆုပ်ကိုင်ဖို့ ယူကရိန်းဒရုန်းထုတ်လုပ်သူတွေရဲ့ ပိုမိုကျယ်ပြန့်တဲ့ ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်တယ်လို့သိရပါတယ်။
ကာကွယ်ရေးကန်ထရိုက်တာတွေဟာ ဒရုန်းစစ်ပွဲမှာ ယူကရိန်းရဲ့ နာမည်ကျော်ကြားမှုကို အသုံးချဖို့ ကြိုးစားနေကြတာဖြစ်ပြီး အဆိုပါ ဒရုန်းနည်းပညာကြောင့်ပဲ လက်နက်အင်အားမမျှတဲ့ ကိဗ်အစိုးရဟာ ရုရှားကို လေးနှစ်ကျော်ကြာအောင် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့တာပါ။
ယူကရိန်းဟာ သူ့ရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး ဥရောပနဲ့ အရှေ့အလယ်ပိုင်းတို့မှာသံတမန်ရေးနဲ့ ကာကွယ်ရေးသဘောတူညီချက်တွေ ရယူနိုင်ခဲ့သလို သမ္မတ ဇလန်းစကီးကလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပင်လယ်ရေပြင်သုံး ဒရုန်းတွေလို နည်းပညာတွေကို ဂျပန်နိုင်ငံအတွက် “ဖွင့်လှစ်ပေးဖို့ အဆင်သင့်ပဲ” လို့ ပြောခဲ့ပါတယ်။
လွှတ်တော်ထဲမှာ သြဇာရှိနေဆဲဖြစ်တဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးဟောင်း အစ်ဆူနိုရီအိုနိုဒီရာက ယူကရိန်းရဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းမှုကို ကြိုဆိုတယ်လို့ ရိုက်တာကို ပြောပါတယ်။
တိုကျိုအနေနဲ့ တကယ့်လက်တွေ့မှာ ထိရောက်တဲ့စွမ်းဆောင်ရည်ကိုပြသနိုင်တဲ့ လက်နက်ကိရိယာမျိုး လိုအပ်တယ်လို့ သူက ဆိုပါတယ်။ UFORCE၊ Skyeton နဲ့ General Cherry လို ယူကရိန်း ကာကွယ်ရေးကုမ္ပဏီတွေဟာအခုနှစ်ထဲမှာ လက်နက်တင်ပို့မှုဆိုင်ရာ ကာလရှည်ပိတ်ပင် ကန့်သတ်ချက်တွေကို ဖယ်ရှားလိုက်တဲ့ စက်မှုအင်အားကြီးနိုင်ငံဖြစ်တဲ့ ဂျပန်မှာ ကုန်ထုတ်လုပ်မှု မိတ်ဘက်တွေ ရှာဖွေဖို့ မျှော်လင့်နေကြပါတယ်။
Swarmer (SWMR.O) ကုမ္ပဏီရဲ့ ပြောကြားချက်အရ ဂျပန်စစ်တပ်ဟာ အရင်က သတင်းမထွက်ခဲ့တဲ့ ယူကရိန်းဒရုန်းနည်းပညာပြပွဲတခုကို အနည်းဆုံးတစ်ကြိမ် လက်ခံကျင်းပပေးခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒါပေမဲ့ အခြားဂျပန်အရာရှိတွေနဲ့ ယူကရိန်းကုမ္ပဏီတွေကြား ဆွေးနွေးမှုတွေကတော့ လေ့လာစူးစမ်းတဲ့အဆင့်ပဲ ရှိသေးတယ်လို့ အဆိုပါ ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူ သုံးဦးက ပြောပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ယူကရိန်းဒရုန်းထုတ်လုပ်သူတွေနဲ့ ပတ်သက်ဆက်နွှယ်မှုအပေါ် မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမဲ့ တိုကျိုအနေနဲ့ ဂျပန်ရဲ့ “စစ်ပွဲပုံစံအသစ်အတွက် လိုအပ်တဲ့ လက်နက်ကိရိယာတွေ ရရှိစေဖို့ ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံးကို စိစစ်သုံးသပ်နေပါတယ်” လို့ပြောခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး တိုကျိုပါပဋိပက္ခထဲ ဆွဲသွင်းခံရနိုင်တယ်လို့ သတိပေးထားပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကိုသူ့ရဲ့ထိန်းချုပ်မှုအောက် ရောက်စေဖို့ လက်နက်အားကိုးသုံးမှာကို အပြတ်အသတ်ငြင်းပယ်ထားခြင်းမရှိဘဲ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ အဆိုပါ ကျွန်းပတ်ပတ်လည်မှာ စစ်ရေးလေ့ကျင့်မှုတွေကို ပုံမှန်လုပ်ဆောင်လေ့ရှိပါတယ်။
ယူကရိန်းကုမ္ပဏီ သုံးခုနဲ့ ဒရုန်းအသင်းတခုက တာဝန်ရှိသူတွေက သူတို့အနေနဲ့ ထိုင်ဝမ်နဲ့ စီးပွားရေးလုပ်ဖို့ လေ့လာနေတယ်လို့ ပြောကြပေမဲ့ ကိဗ်အစိုးရဟာ တရုတ်ကသူ့ပိုင်နက်လို့ အခိုင်အမာပြောနေတဲ့ အဆိုပါ ကျွန်းနဲ့ တရားဝင်သံတမန် ဆက်ဆံရေးမရှိတာကြောင့် သတိကြီးကြီးထားနေကြပါတယ်။
ဝါရှင်တန်အနေနဲ့ ထိုင်ဝမ်ကိုယ်တိုင် ခုခံကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ထောက်ပံ့ပေးဖို့ တာဝန်ရှိပါတယ်။
စစ်ရေးအရ တုံ့ပြန်မှုမှန်သမျှမှာ ဒရုန်းတွေကအဓိကသော့ချက်ဖြစ်လာလိမ့်မယ်လို့ အဆိုပါ ဒေသတွင်းက အမေရိကန်ရဲ့ ထိပ်သီးစစ်ဗိုလ်ချုပ်ကြီး ဆင်မြူရယ် ပါပါရိုက ၂၀၂၄ ခုနှစ်မှာ ပြောခဲ့ပြီး ဒရုန်းတွေဟာ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေ တုံ့ပြန်ဖို့ အချိန်ရအောင် လူသူမပါဘဲ ငရဲခန်းတခုကိုဖန်တီးပေးနိုင်လိမ့်မယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
ဝါရှင်တန်အခြေစိုက် Hudson Institute သုတေသနအဖွဲ့ရဲ့ ဘရိုင်ယန် ကလတ်လို ရေတပ်ကျွမ်းကျင်သူတွေက ဂျပန်ကနေ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်အထိ သွယ်တန်းနေပြီး တရုတ်ကို ဝိုင်းရံထားတဲ့ ကျွန်းစုတန်းတွေကြားက ဟာကွက်တွေကို ဖြည့်ဆည်းဖို့ ဒရုန်းတွေ လိုအပ်လိမ့်မယ်လို့ ဆိုပါတယ်။
UFORCE နဲ့ အမေရိကန်စစ်တပ်ရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့ ဧပြီလကလုပ်ခဲ့တဲ့ အမေရိကန်ရဲ့ ဒရုန်းစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်တောင်ဘက် မိုင် ၁၀၀ အကွာတင်ရှိတဲ့ ဖိလစ်ပိုင်ကျွန်းစုတစ်ခုဖြစ်တဲ့ အစ်ဘာရတ် ကမ်းလွန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ထိုင်ဝမ်ကာကွယ်ရေးနဲ့ စီးပွားရေးဝန်ကြီးဌာနတွေအပြင် ယူကရိန်းသမ္မတရုံးကလည်း ဒီအကြောင်းအရာအပေါ် မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အာရှမှာ ဒရုန်းမိတ်ဘက်ဖြစ်ဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှုတွေနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို မဖြေကြားခဲ့ပေမဲ့ “ပင်လယ်နက်က စစ်ဆင်ရေးတွေကို အင်ဒို-ပစိဖိတ်ဒေသမှာဘယ်လိုအသုံးချနိုင်မလဲဆိုတာ ဆွေးနွေးဖို့” ယူကရိန်းဒရုန်းထုတ်လုပ်သူတွေနဲ့တွေ့ဆုံခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် အရှေ့အာရှမှာလည်း အလားတူပဋိပက္ခမျိုး ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် ဂျပန်နိုင်ငံဟာ ၂၀၂၂ ခုနှစ်မှာ သမိုင်းဝင်စစ်အင်အားဖြည့်တင်းမှုကို စတင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ စစ်လိုလားသူ တာကာအီချီအာဏာရလာချိန်မှာတော့ ဂျပန်ရဲ့ စစ်လက်နက်တပ်ဆင်မှုက ပိုပြီးမြန်ဆန်လာခဲ့ပါတယ်။ သူဟာ ဂျပန်ကုမ္ပဏီတွေကို လူမဲ့မောင်းနှင်တဲ့စနစ်တွေအပါအဝင် စစ်လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ တိုက်တွန်းခဲ့တာပါ။
နိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူအများစုက တရုတ်နိုင်ငံအပါအဝင် နေရာတွေမှာ လူသုံးကုန်ပစ္စည်းတွေရောင်းပြီး ပိုက်ဆံပိုရနေကြတာမို့ လက်နက်ကုန်သွယ်မှုကနေ လာမယ့် နာမည်ပျက်နိုင်ခြေ ဘေးထွက်ဆိုးကျိုးတွေကို ကာလရှည်ကြာ စိုးရိမ်ခဲ့ကြပါတယ်။
တိုကျိုဟာ အခုနှစ်ကာကွယ်ရေးအသုံးစရိတ်ထဲမှာ ဒရုန်းစနစ်တွေကို ထောက်ပံ့ဖို့အတွက် ဒေါ်လာ နှစ်ဘီလီယံနီးပါး လျာထားပါတယ်။
ဂျပန်ဟာ အခုဆယ်စုနှစ်အကုန်မှာ ဒရုန်းနှစ်ပတ်လည်ထုတ်လုပ်မှုကို အစင်းရေ ၈၀,၀၀၀ အထိ တိုးမြှင့်ဖို့ စီစဉ်နေပြီး ဒါဟာ ဂျပန် UAV အသင်းရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ အစင်းရေ၁,၀၀၀ ဝန်းကျင်ထက် အဆမတန်များပြားလာတာပါ။ ဒါပေမဲ့ ဒါဟာ ယူကရိန်းကအခုနှစ်ထဲမှာ ထုတ်လုပ်ဖို့ ရည်မှန်းထားတဲ့ ဒရုန်းအစင်းရေ ခုနစ်သန်းနဲ့ယှဉ်ရင်အများကြီး နည်းပါးနေပါသေးတယ်။
အာရှစျေးကွက်အတွက် စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထုတ်လုပ်ဖို့ ဂျပန်မိတ်ဘက်တွေကို ရှာဖွေနေတဲ့ ယူကရိန်းကာကွယ်ရေး ကန်ထရိုက်တာတွေထဲမှာ ကင်းထောက်ဒရုန်းထုတ်လုပ်တဲ့ Skyeton နဲ့ ကာမီကာဇေ အသေခံဒရုန်းတွေကို အထူးပြုထုတ်လုပ်တဲ့General Cherry ကုမ္ပဏီတို့ ပါဝင်ပါတယ်။
မကြာသေးခင်က တိုကျိုကို လာရောက်လည်ပတ်စဉ်အတွင်း ဒရုန်းပြပွဲတခုမှာ ပါဝင်ပြသခဲ့ပြီး ပြည်တွင်းက ဖြစ်နိုင်ခြေရှိတဲ့ မိတ်ဘက်တွေနဲ့ တွေ့ဆုံကာ ယူကရိန်းသံရုံးကဦးစီးကျင်းပတဲ့ ပွဲတခုမှာ ဂျပန်အစိုးရအရာရှိတွေနဲ့ အဆက်အသွယ်လုပ်ခဲ့တဲ့General Cherry ရဲ့ တွဲဘက်တည်ထောင်သူ စတန်နစ္စလက် ဂရစ်ရှင်က “ဂျပန်ကအာရှစျေးကွက်ထဲကို ဝင်ရောက်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ” လို့ ရိုက်တာကို ပြောခဲ့ပါတယ်။
သူတို့ရဲ့ အဝေးထိန်းဒရုန်းတွေဟာ ဂျပန်ရဲ့ ကျွန်းပေါင်း ၁၄,၀၀၀ ကျော်ကို ကင်းလှည့်ရာမှာ ကူညီပေးနိုင်တယ်လို့ ဆိုတဲ့ Skyeton ကုမ္ပဏီဟာလည်း ပြီးခဲ့တဲ့နှစ်ကဂျပန်နိုင်ငံမှာ အစည်းအဝေးတွေ ပြုလုပ်ခဲ့ပါတယ်။
Ref – Reuters