တောင်အာဖရိကရှိ HIV စီမံချက် ရန်ပုံငွေထောက်ပံ့မှုကို အမေရိကန် ရပ်ဆိုင်းမယ်

 

သမ္မတ ဒေါ်နယ်ထရမ့် ရာထူးတက်လာပြီးကတည်းက နှစ်နိုင်ငံကြား ဆက်ဆံရေးဟာတဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။

 

 

၂၀၊ ဇွန်။ 

 

တောင်အာဖရိကနိုင်ငံမှာ HIV နဲ့ Aids ရောဂါ ကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်ဖို့ရည်ရွယ်ထားတဲ့ စီမံချက်တွေအတွက် ရန်ပုံငွေထောက်ပံ့မှုကို ရပ်ဆိုင်းတော့မယ်လို့အမေရိကန်အစိုးရက ပြောပါတယ်။ တောင်အာဖရိကနိုင်ငံသား ရှစ်သန်းကျော်ဟာHIV ပိုးနဲ့အတူ နေထိုင်နေကြရပြီး ဒါဟာ ကမ္ဘာပေါ်က နိုင်ငံတွေအနက် အများဆုံးအရေအတွက် ဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အဆိုပါ ဆုံးဖြတ်ချက်ကို လူနည်းစု လူဖြူအာဖရီကန်နာ (Afrikaner) လူမှုအသိုက်အဝန်းကို ကာကွယ်ပေးဖို့ တောင်အာဖရိကအစိုးရဘက်က ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်စပ်နေပုံရပြီး အဆိုပါ စွပ်စွဲချက်ကိုတော့ တောင်အာဖရိကအစိုးရဘက်က အကြိမ်ကြိမ် ငြင်းဆိုထားခဲ့တာပါ။

 

တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနကတော့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သူတို့ကို ကြိုတင်အကြောင်းကြားထားတာမျိုး မရှိပေမဲ့ “ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မယ့် အစီအစဉ်တခုကို လုပ်နေခဲ့တာ ကြာပါပြီ” လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အထိ အမေရိကန်ဟာ Aids ကယ်ဆယ်ရေးဆိုင်ရာ သမ္မတရဲ့အရေးပေါ်ရန်ပုံငွေအဖွဲ့ကတဆင့် ဗိုင်းရပ်စ်ကို နှိမ်နင်းဖို့ တောင်အာဖရိကရဲ့ ကြိုးပမ်းမှုတွေအပေါ် တနှစ်ကို ခန့်မှန်းခြေ ဒေါ်လာ သန်း ၄၀၀ နဲ့ ပံ့ပိုးပေးခဲ့တာပါ။ 

 

ဒါပေမဲ့သမ္မတ ဒေါ်နယ်ထရမ့် ရာထူးတက်လာပြီးကတည်းက နှစ်နိုင်ငံကြား ဆက်ဆံရေးဟာတဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့ပါတယ်။

 

ထရမ့်ဟာ ရာထူးရပြီး မကြာခင်မှာပဲ တောင်အာဖရိကရဲ့ မူဝါဒတွေဟာ အခွင့်အရေးတန်းတူညီမျှမှုကို ဖျက်ဆီးနေပြီး လူမျိုးရေးအရ မျက်နှာသာမပေးခံရတဲ့ မြေပိုင်ရှင်တွေအပေါ် အကြမ်းဖက်မှုကို လှုံ့ဆော်နေတယ်လို့ စွပ်စွဲထားတဲ့ အမှုဆောင်အမိန့်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။

 

ဒါကို တောင်အာဖရိကအစိုးရက သဘောမတူဘဲ ငြင်းခုံထားပြီး လူမျိုးရေးခွဲခြားမှုခေတ်ကတည်းက ရှိခဲ့တဲ့ စီးပွားရေးမညီမျှမှုကို ပြုပြင်ဖို့အတွက် သူတို့ရဲ့ လူမည်းစီးပွားရေး အာဏာမြှင့်တင်မှု မူဝါဒက လိုအပ်တယ်လို့ ပြောထားပါတယ်။

 

အဆိုပါ အမိန့်ထဲမှာ နိုင်ငံတကာတရားရုံး (ICJ) မှာ အစ္စရေးကို တောင်အာဖရိကကတရားစွဲထားတဲ့အမှုနဲ့ အီရန်နိုင်ငံနဲ့ သူတို့ရဲ့ ဆက်နွှယ်မှုတွေကိုလည်း အလေးပေးဖော်ပြထားပါသေးတယ်။ မတရားပြီး စာရိတ္တပိုင်းဆိုင်ရာ ပျက်ပြားတဲ့ လုပ်ရပ်တွေကြောင့် တောင်အာဖရိကကို နောက်ထပ် အကူအညီတွေ ပေးတော့မှာမဟုတ်ဘူးလို့အိမ်ဖြူတော်က ပြောပါတယ်။

 

ထရမ့်ဟာ တောင်အာဖရိကမှာ “လူဖြူတွေအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရတယ်” လို့ အမှားအယွင်း စွပ်စွဲခဲ့ဖူးပြီး ဒါကြောင့်ပဲ သူ့အစိုးရအဖွဲ့ဟာ ၁၇ ရာစုတုန်းက အာဖရိကတောင်ပိုင်းမှာ အခြေချခဲ့တဲ့ အနောက်ဥရောပသားတွေရဲ့ မျိုးဆက်တွေဖြစ်တဲ့ အာဖရီကန်နာတွေအတွက် ဒုက္ခသည်အစီအစဉ်တခုကို ဖွဲ့စည်းပေးခဲ့တာပါ။အခုဆိုရင် သူတို့ဟာ အမေရိကန်ထဲကို ပေးဝင်တဲ့ တခုတည်းသော ဒုက္ခသည်တွေ ဖြစ်နေပါတယ်။ အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဟာဆိုရင် အများစုက လက်မခံဘဲ ပယ်ချထားတဲ့အရာ ဖြစ်ပါတယ်။

 

တောင်အာဖရိကရဲ့ HIV စီမံချက်တွေအတွက် စုစုပေါင်းအသုံးစရိတ်ရဲ့ ငါးပုံတပုံခန့်ကို ပံ့ပိုးပေးနေတဲ့ Pepfar ရန်ပုံငွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ကြားဖြတ်အစီအစဉ်လို့ခေါ်တဲ့ အစီအစဉ်ကြောင့် ခေတ္တသက်သာရာရခဲ့ပါသေးတယ်။

 

ဒါပေမဲ့ အခုအခါမှာတော့ Pepfar ရန်ပုံငွေကို အဆင့်လိုက် လျှော့ချသွားမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အတည်ပြုခဲ့ပါတယ်။ 

 

ဒါဟာ“အမေရိကန်အစိုးရအဖွဲ့ရဲ့ မူဝါဒဆိုင်ရာ တောင်းဆိုချက်တွေအပေါ် တောင်အာဖရိကဘက်က သိသာထင်ရှားတဲ့ တိုးတက်မှုပြသဖို့ ပျက်ကွက်ခဲ့တာကြောင့်” ဖြစ်တယ်လို့အဆိုပါ အရာရှိက ပြောပါတယ်။

 

အမေရိကန်အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ “ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စွမ်းရှိစေဖို့” နဲ့ အမေရိကန်ရန်ပုံငွေအပေါ် မှီခိုနေရမှုကို လျှော့ချဖို့ဖြစ်တယ်လို့ဖြည့်စွက်ပြောခဲ့ပြီး “တောင်အာဖရိကဟာ ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံတနိုင်ငံဖြစ်လို့ သူ့ရဲ့ကျန်းမာရေးစီမံချက်တွေကို ကိုယ်တိုင်ပံ့ပိုးပေးနိုင်စွမ်း ရှိပါတယ်”လို့ထောက်ပြခဲ့ပါတယ်။

 

တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနကတော့ Pepfar ဟာ နိုင်ငံရဲ့ HIV စီမံချက်မှာ ပါဝင်ကူညီခဲ့တာ မှန်ပေမဲ့ အသက်ကယ်ဆေးဖြစ်တဲ့ HIV ဆေးဝါးတွေ ထောက်ပံ့မှုကတော့ သီးခြားစီမံခန့်ခွဲတဲ့ ရန်ပုံငွေဖြစ်ပြီး အများစုကို အစိုးရကိုယ်တိုင်ကပဲ ကျခံနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

 

အမေရိကန်နဲ့ တောင်အာဖရိက ဆက်ဆံရေးကိုပြန်လည်ကုစားဖို့ ကြိုးပမ်းမှုတွေဟာ မအောင်မြင်ဘဲ ပျက်ပြားခဲ့ရပါတယ်။

 

အဲဒီအထဲမှာ လွန်ခဲ့တဲ့ တနှစ်ကျော်က ထရမ့်နဲ့ တောင်အာဖရိကသမ္မတ စိုင်ရေး ရာမာဖိုဆာတို့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြတဲ့ အရေးပါတဲ့ အစည်းအဝေးလည်း ပါဝင်ပြီးအဲဒီတုန်းက အမေရိကန်သမ္မတဟာ လူဖြူတွေ ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ သူ့ရဲ့စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး တောင်အာဖရိကသမ္မတကို မျက်နှာချင်းဆိုင် ပြောဆိုခဲ့တာပါ။

 

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက တောင်အာဖရိကနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ကမ္ဘာ့အဓိက စီးပွားရေးအင်အားကြီး နိုင်ငံတွေရဲ့ G20 အစည်းအဝေးကိုလည်း အမေရိကန်က သပိတ်မှောက်ခဲ့ပါသေးတယ်။

 

Ref – BBC