ဧရာဝတီတိုင်းအတွင်း ဒေသတချို့ လာမယ့် ငါးရက်အတွင်း မိုးကြီးနိုင်

ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ အထူးသတိပြုရမယ်။ သွားလာမှု ခေတ္တဆိုင်းငံ့ရန် လိုအပ်ပါတယ်။

၁၉၊ ဇွန်လ။

ဧရာဝတီတိုင်း အရှေ့ဘက်ခြမ်းနဲ့ ရခိုင်ဘက်နီးတဲ့ ကမ်းရိုးတန်းဒေသတွေမှာ လာမယ့် ၅ ရက်အတွင်း ဆက်တိုက် မိုးထစ်ချုန်းပြီး သည်းထန်စွာရာသွန်းနိုင်ခြေ ဆက်ရှိနေတယ်လို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

အဓိကအားဖြင့် မအူပင်၊ ဓနုဖြူ၊ ဖျာပုံ၊ ဒေးဒရဲ၊ ပုသိမ်၊ ကန်ကြီးထောင့်၊ ဘိုကလေး၊ လပွတ္တာ၊ ဟိုင်းကြီးကျွန်း၊ ငပုတော၊ ဂေါ်ရင်ဂျီ စတဲ့မြို့တွေမှာ မိုးရေချိန် များများရွာသွန်းဖို့ရှိနေပြီး ရခိုင်ကမ်းရိုးတန်းနဲ့ နီးတဲ့ ဒေသတွေမှာ မိုးအလွန်များနိုင်တယ်လို့ သူတို့က တွက်ချက်ထားကြတာပါ။

“ကမ်းရိုးတန်းဒေသတွေမှာ မိုးသက်လေပြင်း ကျနိုင်ခြေ တွေရှိပါတယ်။ ဟိုင်းကြီးကျွန်း၊ ဂေါ်ရင်ဂျီကျွန်း ပတ်ဝန်းကျင် ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျပြီး လှိုင်းလေ အလွန်ထန်လာနိုင်တယ်။ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ အထူးသတိပြုရမယ်။ သွားလာမှု ခေတ္တဆိုင်းငံ့ရန် လိုအပ်ပါတယ်။ ပုသိမ်၊ ငပုတော၊ လပွတ္တာမြို့ပြ ဧရိယာတွေက မြစ်ဝှမ်းနိမ့်ပိုင်း ကျေးရွာတွေမှာ မိုးကြီးချိန်၊ ဒီရေတက်ချိန် ကြုံရင် ရေထုတ်ရခက်ခဲပြီး လျှပ်တစ်ပြက် ရေကြီးခြင်း၊ လမ်းမတွေပေါ် ရေဝပ်ခြင်းတွေ ဖြစ်နိုင်ပါတယ် ” လို့

မိုးဇလ ပညာရှင် ဦးဝင်းနိုင်က  ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစလို့ တတိုင်းလုံးနီးပါး မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ရှိနေတာကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်တဲ့ ဒေသတွေက စိုက်ပျိုးရေးသမားတွေ အနေနဲ့ ရေစီးရေလာ ကောင်းမွန်ဖို့  ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့လည်း သတိပေးထားကြပါတယ်။

“ငါးကန်တွေမှာလည်း ရေလျှံပြီး ကန်ထဲဝင်လာမှာတွေ၊ ကန်ထဲကရေတွေ လျှံထွက်သွားနိုင်တာတွေ၊ ရေအရည်အသွေး ကျသွားနိုင်တာတွေကို ဂရုတစိုက်ကြည့်နေဖို့လိုပါတယ် ” လို့  ငါးမျိုးပေါက်တွေကို ဧရာဝတီတိုင်းအတွက် အဓိကထား ရောင်းချပေးနေတဲ့ ငါးဒိုင်ပိုင်ရှင် ကိုဝင်းမြင့်က ဆိုပါတယ်။