
အဆိုပါ သဘောတူညီချက်ကြောင့် အရှေ့အလယ်ပိုင်းပင်လယ်ကွေ့မှာ ပိတ်မိနေတဲ့ ရေနံစည်ပေါင်း ၈၅ သန်းကျော် ကမ္ဘာ့ဈေးကွက်ထဲကို ပြန်လည်စီးဆင်းလာလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက မျှော်လင့်ထားကြပါတယ်။
၁၉၊ ဇွန်။
အမေရိကန်နဲ့ အီရန်ကြား ယာယီငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘောတွေပြန်လည်ဖြတ်သန်းမောင်းနှင်လာတာကြောင့် ဈေးကွက်ထဲကို ရေနံတွေ ပိုမိုဝင်ရောက်လာမယ့် အလားအလာနဲ့အတူ သောကြာနေ့မှာ ရေနံဈေးနှုန်းတွေကျဆင်းသွားပါတယ်။
ဂရင်းနစ်စံတော်ချိန် မနက် ၁ နာရီ ၄၆ မိနစ်အထိ အရောင်းအဝယ်ဖြစ်မှုအရ ဘရန့်စ်ရေနံစိမ်း ကြိုပွိုင့်ဈေးနှုန်းဟာ ၅၄ ဆင့် (ဒါမှမဟုတ်) ၀.၆၈ ရာခိုင်နှုန်းကျဆင်းပြီး တစည်ကို ၇၈.၃၁ ဒေါ်လာ ဖြစ်သွားပါတယ်။
အမေရိကန် WTI ရေနံစိမ်းဈေးနှုန်းကလည်း ၄၆ ဆင့် (ဒါမှမဟုတ်) ၀.၆၀ ရာခိုင်နှုန်း ကျဆင်းပြီး တစည်ကို ၇၆.၁၄ ဒေါ်လာ ဖြစ်သွားပါတယ်။
လာမယ့် ဇူလိုင်လအတွက် အနီးကပ်ဆုံး ရေနံစာချုပ်သက်တမ်းဟာတနင်္လာနေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပိုပြီး အရောင်းအဝယ်သွက်နေတဲ့ဩဂုတ်လ
စာချုပ်ဈေးနှုန်းကတော့ ၇၉ ဆင့် ကျဆင်းပြီး တစည်ကို ၇၅.၀၆ဒေါ်လာ ရှိနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ စစ်ပွဲအဆုံးသတ်ဖို့ သဘောတူညီချက် လက်မှတ်ရေးထိုးပြီး နာရီပိုင်းအလိုမှာတင် ရေနံစိမ်းစည်ပေါင်းခြောက်သန်း တင်ဆောင်လာတဲ့ ဆော်ဒီအလံစိုက် သင်္ဘောသုံးစင်းအပါအဝင် ရေနံတင်သင်္ဘောအတော်များများဟာ အဲဒီရေလက်ကြားကိုဖြတ်သန်းမောင်းနှင်ခဲ့တာကြောင့် ကြာသပတေးနေ့မှာ ကမ္ဘာ့ရေနံစံနှုန်းနှစ်ခုစလုံးဟာ ပြီးခဲ့တဲ့ မတ်လအစောပိုင်းနောက်ပိုင်း အနိမ့်ဆုံးအဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်။
အဆိုပါ သဘောတူညီချက်ကြောင့် အရှေ့အလယ်ပိုင်းပင်လယ်ကွေ့မှာ ပိတ်မိနေတဲ့ ရေနံစည်ပေါင်း ၈၅ သန်းကျော် ကမ္ဘာ့ဈေးကွက်ထဲကို ပြန်လည်စီးဆင်းလာလိမ့်မယ်လို့ လေ့လာဆန်းစစ်သူတွေက မျှော်လင့်ထားကြပါတယ်။
ဒါ့အပြင် သဘောတူညီချက်မှာ အီရန်ရေနံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရုပ်သိမ်းဖို့လည်း ပါဝင်တာကြောင့် ရေနံတင်ပို့မှု ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။
“ကုန်သည်တွေကတော့ ရေနံဈေးနှုန်းတွေ နောက်ထပ်အဆင့်တခုအထိ ထပ်ပြီးမကျခင်မှာ ဟော်မုဇ်ရေလက်ကြားကနေ ရေနံတင်သင်္ဘောတွေ သွားလာနေတာ တကယ်ပဲ ပုံမှန်ပြန်ဖြစ်သွားပြီလားဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားကို စောင့်ကြည့်နေကြတုန်းပဲ” လို့ နိုင်ငံတကာ ဘဏ္ဍာရေး လုပ်ငန်းစု KCMရဲ့ အကြီးတန်း ဈေးကွက်လေ့လာဆန်းစစ်သူ တင်မ် ဝါးတားရားက ပြောပါတယ်။
စစ်ပွဲမတိုင်ခင်က ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ရဲ့ ငါးပုံတပုံခန့်ဟာ အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသယ်ယူခဲ့တာ ဖြစ်ပြီး အမေရိကန်-အီရန် သဘောတူညီချက်သာ တည်မြဲမယ်ဆိုရင် လာမယ့်လတွေမှာကုန်သွယ်မှုတွေ ပုံမှန်ပြန်ဖြစ်လာနိုင်တယ်လို့ လေ့လာဆန်းစစ်သူတွေကသုံးသပ်ထားကြပါတယ်။
အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကလည်း ရေနံပြန်လည်တင်ပို့ဖို့အတွက် ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
အီရတ်နိုင်ငံရဲ့ ရေနံဝန်ကြီး ဘာဆင် မိုဟာမက်ကလည်း သူတို့နိုင်ငံရဲ့ရေနံတွင်းတွေဟာ ထုတ်လုပ်မှု ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပြီး အရင်က ထုတ်လုပ်မှုနှုန်းထားတွေအတိုင်း ပြန်မရောက်မချင်း ပုံမှန်ထုတ်လုပ်မှုအဆင့်ကို တဖြည်းဖြည်းချင်း ပြန်လည်လုပ်ဆောင်သွားမယ်လို့ပြောပါတယ်။
ဒါပေမဲ့လည်း အစ္စရေးဟာ လက်ဘနွန်မှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ စစ်ပွဲကိုဆက်လက်ဆင်နွှဲနေတာကြောင့် အမေရိကန်-အီရန် ငြိမ်းချမ်းရေးသဘောတူညီချက်ဟာ တကယ်ပဲ တည်မြဲပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။
Ref – CNA