
စာမေးပွဲမေးခွန်းတွေကို ရောင်းချပေးနေတယ်လို့ ကြေညာထားတဲ့ (အမည်မဖော်ပြလိုတဲ့) တယ်လီဂရမ်ချန်နယ်တွေက အဆိုပါအက်ပလီကေးရှင်းကို အသုံးပြုနေကြတာ ဖြစ်တယ်လို့အစိုးရက ပြောပါတယ်။
၁၇၊ ဇွန်။
ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေကို လိမ်လည်လှည့်ဖြားဖို့အတွက် တယ်လီဂရမ်ကို အသုံးပြုခဲ့တာကြောင့် အိန္ဒိယနိုင်ငံဟာ အဆိုပါ အက်ပလီကေးရှင်းကို
ယာယီပိတ်လိုက်ပါတယ်။
အဆိုပါ စာမေးပွဲဟာ ပြီးခဲ့တဲ့လကလည်း မေးခွန်းတွေ ပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တာကြောင့် ကျောင်းသား သန်းနဲ့ချီရဲ့ ရလဒ်တွေကို ပယ်ဖျက်ခဲ့ရပါသေးတယ်။
အိန္ဒိယနိုင်ငံမှာ အခုလို ပိတ်ပင်မှုကို လုပ်ဆောင်ရတာဟာ “ဇွန်လ၂၁ ရက်နေ့မှာ ပြန်လည်ဖြေဆိုဖို့ သတ်မှတ်ထားတဲ့ ၂၀၂၆ ခုနှစ် အမျိုးသားအဆင့် ဝင်ခွင့်စာမေးပွဲကို ဖြေဆိုမယ့် ကျောင်းသားတွေကို လိမ်လည်ဖို့ စာမေးပွဲ မသမာတဲ့ဂိုဏ်းတွေက ဒီအက်ပလီကေးရှင်းကို စနစ်တကျ အသုံးပြုနေကြတာကြောင့် အခုလို တုံ့ပြန်ဆောင်ရွက်ရတာ ဖြစ်တယ်” လို့ ပညာရေးဝန်ကြီးဌာနရဲ့ အမျိုးသားစာစစ်အေဂျင်စီက ဇွန် ၁၆ ရက်၊ အင်္ဂါနေ့ မှာပြောခဲ့ပါတယ်။
ပိတ်ဆို့မှုဟာ ဇွန်လ ၂၂ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။
အစိုးရကတော့ တယ်လီဂရမ်အသုံးပြုမှုကို အိန္ဒိယနိုင်ငံအတွင်းမှာ သတ်မှတ်ထားတဲ့ အချိန်ကာလတခုအထိပဲ ကန့်သတ်ပိတ်ဆို့ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း ဆေးတက္ကသိုလ်တွေအတွက် ကျင်းပတဲ့ NEET ဘွဲ့ကြိုဝင်ခွင့်စာမေးပွဲမေးခွန်းတွေ ပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပြီးနောက် အိန္ဒိယအစိုးရဟာ အဆိုပါ စာမေးပွဲကို ဖျက်သိမ်းခဲ့ပါတယ်။
စာမေးပွဲမေးခွန်းတွေကို ရောင်းချပေးနေတယ်လို့ ကြေညာထားတဲ့ (အမည်မဖော်ပြလိုတဲ့) တယ်လီဂရမ်ချန်နယ်တွေက အဆိုပါအက်ပလီကေးရှင်းကို အသုံးပြုနေကြတာ ဖြစ်တယ်လို့အစိုးရက ပြောပါတယ်။
မေးခွန်းတွေ ပေါက်ကြားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကျောင်းသားပေါင်း ၂ ဒသမ ၃သန်းရဲ့ စာမေးပွဲရလဒ်တွေကို ဖျက်သိမ်းလိုက်ပြီးနောက် အိန္ဒိယနိုင်ငံရဲ့ ဒေသအသီးသီးမှာဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဆန္ဒပြမှုတွေထဲမှာ ပညာရေးဝန်ကြီး ဒါမန္ဒရာ ပရာသန်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့တောင်းဆိုခဲ့ကြတဲ့ အိန္ဒိယနိုင်ငံက နာမည်ကြီး ကော့ခရုချ် ဂျန်တာပါတီရဲ့ ဆန္ဒပြမှုတွေလည်း ပါဝင်ပါတယ်။
တက်ကြွလှုပ်ရှားသူများအဖွဲ့ကတော့ အခုလို ပိတ်ပင်တာဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကိုချိုးဖောက်တာဖြစ်ပြီး ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“တယ်လီဂရမ်ကို ပိတ်လိုက်တာဟာ ယာယီဖြေရှင်းနည်းသာဖြစ်ပြီး စာမေးပွဲလိမ်လည်မှုပြဿနာအတွက်တော့ မျှတတဲ့အဖြေ မဟုတ်ပါဘူး” လို့ အင်တာနက်လွတ်လပ်ခွင့် ဖောင်ဒေးရှင်း (Internet Freedom Foundation) က ပြောပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ “စာမေးပွဲမေးခွန်း ပေါက်ကြားမှုရဲ့ အဓိကဇစ်မြစ်ကို ဖြေရှင်းမယ့်အစား သာမန်အသုံးပြုသူတွေကို အပြစ်ပေးသလို ဖြစ်နေလိမ့်မယ်” လို့လည်း ဆိုပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ အစိုးရက အခုလို အဆင်မပြေမှုတွေ ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောထားပြီး အက်ပလီကေးရှင်းပေါ်ကနေ အဲဒီလိုလိမ်လည်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ အရင်က လုပ်ဆောင်ခဲ့ပေမဲ့ အလုပ်မဖြစ်တာကြောင့် အခုလို နောက်ဆုံးနည်းလမ်းအနေနဲ့ လုပ်ဆောင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ တယ်လီဂရမ်ဘက်က ချက်ချင်း တုံ့ပြန်တာ မရှိခဲ့ပါဘူး။
အင်္ဂါနေ့ ဂရင်းနစ်စံတော်ချိန် မနက် ၈ နာရီခွဲ အထိတော့ အိန္ဒိယနိုင်ငံမှာ တယ်လီဂရမ်ဟာ ပုံမှန်အတိုင်း အလုပ်လုပ်နေဆဲဖြစ်ပါတယ်။
အိန္ဒိယမှာ မိုဘိုင်းလ်ဖုန်းအသုံးပြုသူ သန်းတထောင်ကျော်ကို ဝန်ဆောင်မှုပေးနေတဲ့Reliance Jio၊ Bharti Airtel နဲ့ Vodafone Idea ဆက်သွယ်ရေးကုမ္ပဏီတွေဟာလည်း အခုလိုပိတ်ဆို့ဖို့ ညွှန်ကြားချက်ကို သူတို့ ရရှိထားပြီးပြီလား၊ စတင်အကောင်အထည်ဖော်နေပြီလား ဆိုတဲ့မေးခွန်းအပေါ် မှတ်ချက်ပေးဖို့ ချက်ချင်း တုံ့ပြန်လာတာ မရှိကြသေးပါဘူး။
ဒါ့အပြင် အိန္ဒိယအသုံးပြုသူ အများစု တယ်လီဂရမ်ကို ဒေါင်းလုဒ်ဆွဲလေ့ရှိတဲ့ Play Store ကို လုပ်ဆောင်နေတဲ့ Alphabet ရဲ့ Google နဲ့ Apple ကုမ္ပဏီတို့ဟာလည်း အိန္ဒိယနိုင်ငံမှာအဆိုပါ အက်ပလီကေးရှင်းကို ကန့်သတ်ပိတ်ဆို့ဖို့ ညွှန်ကြားချက် ရရှိထားသလားဆိုတဲ့အပေါ်မှတ်ချက်ပေးတာလည်း မရှိသေးပါဘူး။
Ref – Reuters