
ကတိပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေပါဝင်တယ်လို့ သတင်းမြစ်က ဆိုပါတယ်။
၁၇၊ ဇွန်။
အီရန်နိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ရည်ရွယ်ပြီး ဒေါ်လာ ဘီလီယံ ၃၀၀ တန်ဖိုးရှိတဲ့ ပုဂ္ဂလိက ရန်ပုံငွေတရပ်ထူထောင်ဖို့ အမေရိကန်-အီရန် မူဘောင်သဘောတူညီချက်မှာ ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။
အဆိုပါ ပမာဏရဲ့ တဝက်ကျော်ကိုလည်း စိုက်ထုတ်ဖို့ ကတိပြုထားပြီးဖြစ်တယ်လို့ သဘောတူညီချက်အကြောင်း တိုက်ရိုက်သိရှိတဲ့ သတင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဝါရှင်တန်နဲ့ တီဟီရန်တို့ သောကြာနေ့မှာ လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေချိန်အထိ အဆိုပါ အစီအစဉ်ကို လူသိရှင်ကြား မကြေညာသေးပါဘူး။
အမည်မဖော်လိုတဲ့ သတင်းအရင်းမြစ်က ပြောရာမှာတော့ အဆိုပါ ရန်ပုံငွေဟာ အပြီးသတ်သဘောတူညီချက်တခု ရရှိလာစေဖို့နှစ်ဘက်စလုံးကို စီးပွားရေးအရ တွန်းအားပေးတဲ့အနေနဲ့ ရည်ရွယ်ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေ အီရန်ကို တိုက်ခိုက်ခဲ့ရာကနေ စတင်ခဲ့တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့၊ အမေရိကန်က အီရန်ကို ပိတ်ဆို့ထားတာတွေကို ရပ်တန့်ဖို့နဲ့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ဖို့အတွက် မူဘောင်တခုကို သဘောတူညီခဲ့ကြတယ်လို့ အမေရိကန်နဲ့ အီရန် တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။
အခုရန်ပုံငွေအသစ်ဟာ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုပုံစံမျိုး ဖြစ်ပြီး ပြန်လည်ထူထောင်ရေး ဒါမှမဟုတ် စစ်လျော်ကြေးပေးတဲ့အစီအစဉ်မဟုတ်သလို အစိုးရရဲ့ ငွေကြေး ဒါမှမဟုတ် ထောက်ပံ့ကြေးတွေလည်း ဘာမှ ပါဝင်မှာမဟုတ်ဘူးလို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဒါ့အပြင် အမေရိကန်၊ ပင်လယ်ကွေ့အာရပ်နိုင်ငံတွေ၊ အာရှ၊ တောင်အမေရိကနဲ့ အာဖရိကမှာရှိတဲ့ ကုမ္ပဏီတွေက ငွေကြေးစိုက်ထုတ်ပေးဖို့ သဘောတူထားကြတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
ကတိပြုထားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲမှာ စွမ်းအင်၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေပါဝင်တယ်လို့ သတင်းမြစ်က ဆိုပါတယ်။
အီရန်ဘက်က ဝါရင့်သတင်းအရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောရာမှာတော့ တီဟီရန်ဟာ စစ်ပွဲကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် အမေရိကန်ဆီကနေ လျော်ကြေးငွေ ဒေါ်လာ ဘီလီယံ ၄၀၀ ရဖို့ မူလက တောင်းဆိုခဲ့ပေမဲ့ ဝါရှင်တန်ဘက်က ဒါကိုမပေးနိုင်ဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ “ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ” လို့ အမည်ပေးမယ့် အဆိုပါ ရန်ပုံငွေဆိုင်ရာအကြံဉာဏ် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
လုပ်ငန်းစဉ်ဟာ ဒေသတွင်းနိုင်ငံတွေက နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်ကူညီကြဖို့မျှော်မှန်းထားတယ်လို့ အီရန်သတင်းမြစ်က ပြောပါတယ်။
အဲဒီအထဲမှာ ချေးငွေတွေ ရအောင်လုပ်ပေးတာ၊ အကြွေးပေးချေမှုစနစ်တွေ ထူထောင်ပေးတာ ဒါမှမဟုတ် စစ်ပွဲအတွင်း ပျက်စီးသွားတဲ့ နေရာတွေကို တိုက်ရိုက်ငွေကြေးစိုက်ထုတ် ပြန်လည်တည်ဆောက်ပေးတာတွေ ပါဝင်ပါတယ်။
အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံး စီးပွားရေးနိုင်ငံတွေထဲက တခုဖြစ်တဲ့ အီရန်ဟာ အမေရိကန်နဲ့ နိုင်ငံတကာရဲ့ ဆက်တိုက်ပိတ်ဆို့အရေးယူမှုတွေကြောင့် ကမ္ဘာ့အရင်းအနှီးစျေးကွက်ကနေ ဖယ်ကြဉ်ခံထားရပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုအတွင်း သိသာထင်ရှားတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမျိုးမရသလောက်နီးပါး ဖြစ်ခဲ့ပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့နဲ့ ပြည်ပမှာ ပိတ်မိနေတဲ့ အီရန်အစိုးရပိုင် ပိုင်ဆိုင်မှုတွေကို ပြန်လည်ထုတ်ပေးဖို့ သီးခြားဆွေးနွေးနေတဲ့ လမ်းကြောင်းနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိဘူးလို့ သတင်းအရင်းအမြစ်ကပြောပါတယ်။
လုပ်ငန်းစဉ်နှစ်ခုဟာ ရည်ရွယ်ချက်နဲ့ အချိန်ကာလချင်း မတူညီတဲ့ သီးခြားဘဏ္ဍာရေးလုပ်ငန်းစဉ်တွေဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။
အပြီးသတ်နဲ့ စိတ်ကျေနပ်မှုရှိတဲ့ သဘောတူညီချက်တခု မရမချင်း အဆိုပါ ရန်ပုံငွေကို ထူထောင်မှာမဟုတ်သလို စတင်လည်ပတ်မှာလည်း မဟုတ်ပါဘူး။
နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးပြီးရင်တော့ နောက်ထပ် ရက်ပေါင်း ၆၀ အတွင်းမှာ လုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ်။ “အပြီးသတ်သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးမှပဲ ဒီရန်ပုံငွေကိုထူထောင်မှာပါ” လို့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဒီရက် ၆၀ အတွင်းမှာ ရန်ပုံငွေစီမံခန့်ခွဲသူတွေဟာ စီမံကိန်းတွေ ရေးဆွဲဖို့နဲ့ အတိုင်းအတာ သတ်မှတ်ဖို့အတွက် အီရန်လူမျိုးတွေ၊ရင်းနှီးမြှုပ်နှံသူတွေနဲ့အတူ လက်တွဲလုပ်ဆောင်သွားမှာဖြစ်တယ်” လို့ သူက ဆိုပါတယ်။
ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေသဘောတူညီချက် ရရှိအောင် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်း တုံ့ပြန်ခြင်းမရှိသေးပါဘူး။
Ref – Reuters