စစ်တပ်က ရေကြည်၊ သာပေါင်းအစပ်မှာ အင်အားဖြည့်တင်းပြီး လက်နက်ကြီးတွေ အထိုင်ချနေ

“တိုက်ပွဲ နေ့တိုင်းဖြစ်တယ်။ တော်တော်ကပ်လာပြီ၊ လက်နက်သံတွေ ပိုကျယ်လာတယ်”

၁၇၊ ဇွန်။

ဧရာဝတီတိုင်း အတွင်းမှာ စစ်တပ်က ရေကြည်မြို့နယ်နဲ့ သာပေါင်းမြို့နယ်အကြား နေရာတွေမှာ အားဖြည့်တင်း နေပြီး လက်နက်ကြီး ပစ်လို့ရတဲ့ စခန်းတွေ အထိုင်ချဖို့ ပြင်ဆင်လာနေပါတယ်။ သာပေါင်းနဲ့ ရေကြည်မြို့နယ်နှစ်ခု အကြားမှာ ရှိတဲ့ သရက်ကုန်း၊ ဘုရားကြီး ၊ သောင်တန်း ၊ မရမ်းချို ၊ ဝါးတောကွင်း ၊ မြေရဲ ၊ မြေရဲကွင်း ၊ရွှေမျှော် စတဲ့ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး အင်အားဖြည့်နေတာဖြစ်ပြီး ဘုရားကြီး၊ ရွှေရင်မျှော် နဲ့ မြေရဲကွင်းရွာတွေမှာ အမြှောက်တွေပါ အထိုင်ချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အင်အားဖြည့်တာက အဲဒီသာပေါင်းနဲ့ ရေကြည်ကြားမှာတင် တထောင်နီးပါးလောက်ရှိပြီ။ ကားလမ်းအတိုင်းရော မြစ်ကြောင်းကနေရော အင်အားဖြည့်တယ်။ အမြောက်ကြီးတွေပါ ယူသွားပြီးတော့ စခန်းအခိုင်အမာချနေတယ်” လို့ ရေကြည်ဒေသခံ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

လက်ရှိမှာ အမတ ၃၄၄ အပြင် ရေကြည်နဲ့ သာပေါင်းမြို့နယ်အကြား စစ်တပ်စစ်ကြောင်းထိုး နေတဲ့ နေရာတွေမှာလည်း အာရက္ခတပ်တော်နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့  စစ်တပ်အကြား နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ကာကင်းစခန်းတွေ လက်လွှတ်ထားရတာ ရှိသလို အထိအခိုက် အကျအဆုံးလည်း များနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်အတွင်းမှာတင် စစ်တပ်ဘက်က သေဆုံးသူ တရာကျော်ရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် အမတ ၃၄၄ အနီး တိုက်ပွဲမှာလည်း စစ်တပ်ဘက်က အထိနာနေတာကြောင့် လေကြောင်းနဲ့ လက်နက်ကြီးကိုသာ အဓိကအားကိုး ခုခံနေရတယ်လို့ ပြောကြပါတယ်။

“တိုက်ပွဲ နေ့တိုင်းဖြစ်တယ်။ တော်တော်ကပ်လာပြီ၊ လက်နက်သံတွေ ပိုကျယ်လာတယ်” လို့ အမတ ၃၄၄ နဲ့ ငသိုင်းချောင်းမြို့အကြား ဧရိယာမှာ နေထိုင်သူတားက ပြောပါတယ်။

စစ်တပ်အနေနဲ့ အခုလိုမျိုး အမတ ၃၄၄ နားအထိ ထိခိုက်မှုတွေ ရှိနေချိန်မှာ ရေကြည်နဲ့ သာပေါင်းအစပ်မှာ အင်အားဖြည့်တင်းတာ ၊ လက်နက်ကြီး အထိုင်ချစခန်းတွေ လုပ်လာတာဟာ အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)ထိ တော်လှန်ရေးအဖွဲ့တွေ  ခြိမ်းခြောက်လာမှာကို  စိုးတာကြောင့်ဖြစ်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံး သပ်ကြပါတယ်။

“အမတ ၃၄၄ တိုက်ပွဲလည်း တော်တော် အထိနာနေတယ်ဆိုတော့ ရှေ့မတိုးနိုင်အောင် လုပ်တာလို့မြင်တယ်။ ရခိုင်ဘက်ကို စစ်ကြောင်းထိုးဖို့ထက် သူတို့ခံစစ်လုပ်တာလို့ပဲ မြင်တယ်” လို့ ရခိုင်ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောပါတယ်။

စစ်တပ်ဟာ ဒီလပိုင်း အတွင်းမှာ သာပေါင်းလမ်းကနေတဆင့် ရခိုင်ပြည်နယ်တောင်ပိုင်းဘက်ဆီ စစ်ကြောင်းထိုးဖို့ ကြိုးစား နေသလို အင်္ဂပူမြို့နယ် ကွင်းကောက်ဘက် ရိုးမပေါ် သစ်ထုတ်လမ်းကနေလည်း စစ်ကြောင်းထိုးနေကာ တိုက်ပွဲအချို့ ရှိနေပါတယ်။

ဧရာ၀တီတိုင်း အတွင်းက လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့နယ်တို့မှာဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အရာရှိတွေ အပါအဝင် တပ်သားအကျအဆုံးတွေ အများအပြား ရှိနေပြီး ပုသိမ် အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ)၊ ကျုံပျော်ခလရ ၃၆ ၊ဟင်္သာတ ခလရ ၁၈ အပြင် ဒေသတွင်း အခြား အခြေစိုက် တပ်ရင်းတွေဆီကလည်း အင်အားဖြည့် တင်းပေးနေရတာပါ။

ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။