
လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အခုထိ မသိရသေးဘဲစုံစမ်းစစ်ဆေးနေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။
၁၆၊ ဇွန်။
ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဟာဗီသဲကန္တာရထဲက အက်ဒဝပ်စ်လေတပ် အခြေစိုက်စခန်းမှာ တနင်္လာနေ့ကအမေရိကန်လေတပ်ရဲ့ B-52 ဗုံးကြဲလေယာဉ်တစင်း ပျံတက်စဉ် ပျက်ကျပြီး မီးလောင်ကျွမ်းခဲ့တာကြောင့်လေယာဉ်ပေါ်ပါလာတဲ့ အမှုထမ်း ရှစ်ဦးစလုံး သေဆုံးသွားတယ်လို့ လေတပ်အရာရှိတွေက ပြောပါတယ်။
နျူကလီးယားဗုံးတွေနဲ့ ရိုးရိုးဗုံးအမျိုးမျိုးကို သယ်ဆောင်နိုင်ဖို့ တည်ဆောက်ထားတဲ့ အင်ဂျင် ရှစ်လုံးတပ်ဗုံးကြဲလေယာဉ်ဟာ ပုံမှန်စမ်းသပ်ပျံသန်းမှု တာဝန်တခု ထမ်းဆောင်နေတာ ဖြစ်ပါတယ်။
အဆိုပါ လေယာဉ်ဟာ အက်ဒဝပ်စ်စခန်းရဲ့ ပြေးလမ်းကနေ ပျံတက်ပြီးပြီးချင်းမှာပဲ ပြေးလမ်းပေါ်ကိုပြန်လည်ပျက်ကျခဲ့တာလို့ လေတပ်ဗိုလ်မှူးကြီး ဂျိမ်းစ်ဟေးစ်က နာရီပိုင်းအကြာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မတော်တဆမှုဖြစ်ပွားပြီးပြီးချင်းမှာပဲ လေယာဉ်ပျက်ကျတဲ့နေရာကနေ လွင့်ပျံတက်လာတဲ့ မီးခိုးလုံးအမည်းကြီးတွေကို မိုင်ပေါင်းများစွာ အကွာအဝေးကနေ လှမ်းမြင်ခဲ့ရပါတယ်။
လေယာဉ်ပေါ်မှာပါသွားတဲ့ အမှုထမ်းအဖွဲ့စုံထဲမှာ အစိုးရအရပ်ဘက်ဝန်ထမ်းတွေ၊ အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ကန်ထရိုက်တာတွေနဲ့ ယူနီဖောင်းဝတ် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ သူက ပြောပါတယ်။
လေယာဉ်ကို ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တဲ့ အာကာသနဲ့ လေကြောင်းလိုင်း ဘိုးအင်းကုမ္ပဏီကလည်း သေဆုံးသူတွေထဲမှာ သူတို့ရဲ့ ဝန်ထမ်း နှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ပျံသန်းမှုဟာ ရေဒါခေတ်မီအောင် အဆင့်မြှင့်တင်တဲ့ အစီအစဉ်တခုကို ပံ့ပိုးကူညီဖို့ ရည်ရွယ်တာလို့ ဟေးစ်ကသတင်းထောက်တွေကို ပြောပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ အခုထိ မသိရသေးဘဲစုံစမ်းစစ်ဆေးနေတုန်းပဲလို့ သူက ဆက်ပြောပါတယ်။
လေတပ်အရာရှိတွေကတော့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အကြောင်းကြားဖို့ လုပ်ဆောင်နေတုန်းမို့လို့သေဆုံးသူတွေရဲ့ အမည်စာရင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက် မိုင် ၁၀၀ (၁၆၁ ကီလိုမီတာ) အကွာမှာရှိတဲ့ လေယာဉ်ပျက်ကျတဲ့နေရာကိုဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ ဘောလုံးကွင်းတကွင်းထက် ပိုကျယ်တဲ့ မြေပြင်ဟာမီးလောင်ကျွမ်းပြီး အခိုးအငွေ့တွေ ထွက်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးယာဉ်တစင်းကတော့ အဆိုပါနေရာရဲ့ အနားပတ်လည်မှာ မောင်းနှင်နေတာကို မြင်တွေ့ရပါတယ်။
အဝေးကနေ ကြည့်ရင်တော့ လေယာဉ်ရဲ့ အစိတ်အပိုင်းအကျိုးအပဲ့ အကြီးကြီးတွေကို ဗီဒီယိုထဲမှာ ထင်ထင်ရှားရှား မတွေ့ရပါဘူး။
လေယာဉ်ပြေးလမ်း ပျက်စီးသွားတာကြောင့် အက်ဒဝပ်စ်လေတပ်စခန်းရဲ့ ပျံသန်းရေးလုပ်ငန်းစဉ် အားလုံးကို ဆိုင်းငံ့ထားတယ်လို့ အသိပေးထားပြီး အနည်းဆုံး အင်္ဂါနေ့အထိ ဆိုင်းငံ့ထားမှာဖြစ်ပေမဲ့ စခန်းပြင်ပကတခြားလုပ်ငန်းစဉ်တွေကိုတော့ ရပ်ဆိုင်းထားမှာ မဟုတ်ဘူးလို့ ထည့်သွင်းပြောကြားထားပါတယ်။
အက်ဒဝပ်စ်လေတပ်စခန်းဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေကတည်းက တည်ဆောက်ခဲ့တဲ့ စမ်းသပ်ပျံသန်းရေးစခန်းတခု ဖြစ်ပါတယ်။ မိုဟာဗီသဲကန္တာရရဲ့ စတုရန်းမိုင် ၄၈၁ မိုင် (စတုရန်းကီလိုမီတာ ၁,၂၄၅) ခန့် ကျယ်ဝန်းတာကြောင့် လေတပ်ရဲ့ အကြီးမားဆုံး လေယာဉ်ကွင်းလည်း ဖြစ်ပါတယ်။
အဆိုပါ စခန်းရဲ့ စမ်းသပ်ပျံသန်းမှုဆိုင်ရာ သမိုင်းဝင်အမွေအနှစ်တွေထဲမှာ ၁၉၄၇ ခုနှစ်က အသံထက်မြန်တဲ့နှုန်းကို ပထမဆုံး စံချိန်တင်ကျော်ဖြတ်နိုင်ခဲ့တဲ့ ချက်ယေဂါရဲ့ Bell X-1 လေယာဉ် ပျံသန်းမှု၊ X-15 လေယာဉ်တွေရဲ့ စမ်းသပ်ပျံသန်းမှုတွေနဲ့ နာဆာရဲ့ အာကာသလွန်းပျံယာဉ်တွေ ပထမဆုံးအကြိမ် မြေပြင်ကို ဆင်းသက်ခဲ့တဲ့ ဖြစ်စဉ်တွေ ပါဝင်ပါတယ်။
Ref – Reuters