
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဗြိတိန်ဟာ အထူးသဖြင့် အထိနာဆုံးဖြစ်လိမ့်မယ်လို့ပညာရှင်တွေက ခန့်မှန်းထားကြပြီး ဗြိတိန်အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရချိန်မှာပဲ အခုသဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
၁၅၊ ဇွန်။
ဗြိတိန်နဲ့ ဂျပန်ဟာ ပေါင်ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တခုကို ရရှိခဲ့ကြပြီး ဒါဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်တခုကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဆာ ကီယာစတာမာက ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ဂျပန်မဟာမိတ် ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီတို့ဟာ လန်ဒန်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ဂျပန်ကုမ္ပဏီတွေအနေနဲ့ ဗြိတိန်ရဲ့ အခြေခံအဆောက်အအုံနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပေါင် ကိုးဘီလီယံကျော်နဲ့ ဗြိတိန်ရဲ့ ကမ်းလွန်လေစွမ်းအင်ဆိုင်ရာ
ကဏ္ဍမှာ နောက်ထပ် ပေါင်ကိုးဘီလီယံ အအသုံးပြုသွားမှာဖြစ်ပြီး သောင်းချီတဲ့အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ဗြိတိန်ဟာ အထူးသဖြင့် အထိနာဆုံးဖြစ်လိမ့်မယ်လို့ပညာရှင်တွေက ခန့်မှန်းထားကြပြီး ဗြိတိန်အနေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ရုန်းကန်နေရချိန်မှာပဲ အခုသဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒေါင်းနင်းလမ်းက ထုတ်ပြန်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုစာရင်းထဲမှာ ရင်းနှီးမြှုပ်နှံမှုအသစ် ဘယ်လောက်ပါဝင်လဲနေလဲ ဒါမှမဟုတ်အရင်ကတည်းက ကြေညာထားခဲ့တဲ့ အစီအစဉ်တွေ ဘယ်လောက်ပါဝင်လဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဆာ ကီယာစတာမာနဲ့ တာကာအီချီတို့ဟာ တနင်္ဂနွေနေ့က ဒေါင်းနင်းလမ်းမှာ ဂျပန်စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြပြီး စတာမာက ဆွေးနွေးပွဲတွေကို အလွန်အကျိုးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။
သီးခြားအနေနဲ့ ဆာ ကီယာစတာမာက အီတလီနိုင်ငံနဲ့အတူ ပူးပေါင်းထုတ်လုပ်နေတဲ့ တိုက်လေယာဉ်စီမံကိန်းအပေါ် နှစ်နိုင်ငံလုံးက ကတိကဝတ်တွေကို ထပ်မံအတည်ပြုခဲ့ကြတဲ့အတွက် တကယ်ပဲ ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ Rolls-Royce ကုမ္ပဏီဟာ မျိုးဆက်သစ်နျူကလီးယားနည်းပညာတွေ ထုတ်လုပ်ဖို့အတွက် ဂျပန်နိုင်ငံရဲ့ အဏုမြူစွမ်းအင်အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်သလို ဗြိတိန်ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး (R&D)၊ ဆော့ဖ်ဝဲကျွမ်းကျင်မှုတွေကို ဂျပန်ရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ ချိတ်ဆက်ပေးမယ့် နည်းပညာသဘောတူညီချက်တခုကိုလည်း ကြေညာခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ကတော့ စကားပြန်ကတဆင့် ပြောကြားရာမှာ ယူကေဟာ “အလွန်အရေးကြီးတဲ့ မိတ်ဘက်နိုင်ငံတခု” ဖြစ်တယ်လို့ ဆိုပါတယ်။ လာမယ့် ငါးနှစ်အတွင်း အခြေခံအဆောက်အအုံနဲ့ အိမ်ခြံမြေစီမံကိန်းတွေမှာ ပေါင်ဘီလီယံပေါင်းများစွာ သုံးစွဲဖို့သဘောတူခဲ့ကြတဲ့ ဂျပန်ကုမ္ပဏီတွေထဲမှာ Mitsubishi Estate၊ Mitsui Fudosan နဲ့ Nomura Real Estate တို့ ပါဝင်တယ်လို့ သိရပါတယ်။
ကွန်ဆာဗေးတစ်ပါတီရဲ့ အတိုက်အခံ စီးပွားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီး အင်ဒရူး ဂရစ်ဖစ်ကတော့ သူ့တို့ပါတီအနေနဲ့ ဗြိတိန်ကိုရင်းနှီးမြှုပ်နှံမှုတွေ သယ်ဆောင်လာပေးမယ့် ဘယ်လိုသဘောတူညီချက်မျိုးကိုမဆို ကြိုဆိုတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လက်ရှိအာဏာရ လေဘာပါတီရဲ့ အခွန်တိုးမြှင့်မှုတွေနဲ့ အလုပ်ရှင်တွေအပေါ် တင်းကျပ်တဲ့ စည်းမျဉ်းလုပ်ထုံးလုပ်နည်းတွေဟာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေပြီး အလုပ်အကိုင်တွေကို ဖျက်ဆီးနေသလို လူတွေကိုလည်း လူမှုဝန်ထမ်းအကူအညီတွေအပေါ် ပိုပြီးမှီခိုလာအောင် လုပ်နေတယ်လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အခု သဘောတူညီချက်က အလုပ်အကိုင်တွေနဲ့ ရေရှည်စီးပွားရေးတိုးတက်မှုကို မြှင့်တင်ပေးလိမ့်မယ်လို့ ဒေါင်းနင်းလမ်းကပြောထားပေမဲ့လည်း ပညာရှင်တွေကတော့ ကာလတိုအတွင်းမှာ စီးပွားရေးအရ ခက်ခဲမှုတွေကို ရင်ဆိုင်ရဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။
Ref – BBC