
နီစွေးတဲ့ စိန်ပန်းတွေနဲ့ အတူ ကျောင်းဖွင့်ချိန် မိုးဦးကာလကို ရောက်လာခဲ့ပါပြီ။ အသက် ၄၅ နှစ်အရွယ် ဒေါ်တင်တင်ကတော့ မျက်လုံးမမြင်မစမ်း အပ်နဲ့ အပ်ချည်ကို သွယ်နေပါတယ်။ ခြောက်တန်း ကျောင်းသားလေး ကျောင်းသွားဖို့ လွယ်အိတ်အဟောင်းလေးကို ဖာချုပ်ပေးနေတာပါ။
မနှစ်က လွယ်ခဲ့တဲ့ လွယ်အိတ်အဟောင်းလေးက တချို့နေရာတွေ ပြဲနေတာကပြဲ၊ ပေါက်နေတာက ပေါက်နေခဲ့ပါပြီ ။
“လောလောဆယ်တော့ အသစ်မဝယ်နိုင်သေးပါဘူး။ အမြင်မတော်တဲ့ အပြဲလေးတွေတော့ ချုပ်ပေးလိုက်တယ်။ လွယ်အိတ်က ကောင်းပါသေးတယ်”လို့ ခမောက်မော် ဒေသခံ ဒေါ်တင်တင်က အပ်ကြောင်းကို အာရုံစိုက်ချုပ်ရင်း ပြောပြနေတာပါ။
ကိုဗစ် ကပ်ရောဂါ ကာလနဲ့ အာဏာသိမ်းမှု မဖြစ်ခင် အချိန်တွေတုန်းက ဒေါ်တင်တင်တို့ မိသားစုဟာ စားနိုင်သောက်နိုင် လူတန်းစားလို့ ပြောရမှာပါ။ဒီနှစ်ပိုင်းတွေမှာတော့ စီးပွားရေးက တစစ ကျပ်တည်းလာပြီး အစစအရာရာ ခြိုးခြံချွေတာ နေကြရတာပါ။ဒေါ်တင်တင်ကတော့ သူ့လေနဲ့ စိတ်အလိုအတိုင်း မလိုက်နိုင်တော့တာ ကြာပြီလို့ ပြောပါတယ်။
အခုလို ကျောင်းဖွင့်ရာသီမှာ ဧရာဝတီမြစ်ဝနားက ကျေးရွာလေးတွေရဲ့ ဆင်းရဲနွမ်းပါးမှုကို ထင်သာမြင်သာ တွေ့ရပါမယ်။အခြေခံ ကျောင်းသားသုံး ပစ္စည်းလေးတွေ ဖြစ်တဲ့ အဖြူအစိမ်း ၊ ကျောင်းလွယ်အိတ် သစ်သစ်လွင်လွင်နဲ့ ကျောင်းတက်ဖို့တောင် ကျောင်းသားမိဘတွေ ရုန်းကန်နေကြရတယ်လို့ ဆိုပါတယ်။
လက်ရှိ ခမောက်မော်က အခြေခံလူတန်းစား ပြည်သူတဦးရဲ့ ဝင်ငွေဟာ တရက်ကို တသောင်းကျပ် ဝန်းကျင်သာရှိပါတယ်။ တချို့က တသောင်းပင် မရကြ။ သားသမီးတွေ ကျောင်းတက်နိုင်ဖို့ မိသားတစုမှာ မိဘနှစ်ပါးစလုံး ရုန်းကန်ကြရ ။ ကျောင်းသုံး ပစ္စည်းတွေကလည်း ပုသိမ်ထက် ၂၀ ရာခိုင်နှုန်းခန့် စျေးပိုပေး ဝယ်နေရပြန်တာပါ။
ဗလာစာအုပ် ရိုးရိုးကြမ်းချော တဒါဇင် ၁၇၀၀၀ ကျပ် ဝန်းကျင်။ အချောဆိုလျှင် ၂၅၀၀၀ ။ ၆၀၀၀ ကျပ်ကနေ ၇၀၀၀ ကြား အကြမ်းစားဆိုတာတွေက စာရေးဖို့တောင် အဆင်မပြေလှ ။
“ဒီဘက်က ငါးဖမ်းသင်္ဘောတွေမှာ လိုက်ကြတယ်။ ပန်းရံလုပ်ငန်းလုပ်တယ်။ ကူလီထမ်းတယ်။ သင်္ဘောဒေါက်ကျင်းလုပ်ငန်းတွေ၊ အိမ်ဆောက်လုပ်ငန်းတွေမှာ ဝင်လုပ်ကြတဲ့သူများတယ်။ ကျောင်းကိစ္စကတော့ တချို့တတ်နိုင်တဲ့လူကျ အသစ်ဝယ်တယ်။ မတတ်နိုင်တဲ့လူကျတော့ အဟောင်းလေးပဲ ပြန်သုံးရတာပါပဲ။ ကျွန်တော်တို့ ဘက်တွေမှာလည်း မဝယ်နိုင်တဲ့ ကလေးတွေ ရှိပါတယ်။ အခုအချိန်မှာ လွယ်အိတ်တို့၊ ရေးစာအုပ်တို့၊ ဘောပင်ခဲတံတို့က ဆင်းရဲသား လူတန်းစားအတွက်အလိုအပ်ဆုံးပေါ့ဗျာ။ အခု ကျောင်းလွယ်အိတ်တလုံးက အညံ့စား၊ အနိမ့်ဆုံးတောင် သုံးသောင်း(ကျပ်) ဖြစ်နေပြီ”ဟု ခမောက်မော် ဒေသခံတဦးက ရှင်းပြပါတယ်။
ကလေးတွေအတွက် ကျောင်းဖွင့်ချိန်မှာ တခြားရွယ်တူတွေ နည်းတူ လွယ်အိတ် အသစ်လေးတွေ လိုချင်ပေမယ့် မိဘတွေရဲ့ မျက်နှာရိပ် မျက်နှာကဲ ကြည့်ရတာမျိုး မဟုတ်လား ။
“မိဘဆိုတာကတော့ သူများသားသမီးတွေလို ကိုယ့်သားသမီးအပေါ်လည်း လုပ်ပေးချင်တာပဲ။ ရှိရဲ့ သားနဲ့ မဝယ်ပေးတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ကိုယ့်အတိုင်းနဲ့ ကိုယ့်အထွာလေ”ဟု ဒေါ်တင်တင်က ရှင်းပြသည်။
“ဒီနှစ် ကုန်ဈေးနှုန်းတွေက အရမ်းတက်တော့ စာအုပ်ဖိုးနဲ့ အင်္ကျီဖိုးတောင် အနိုင်နိုင် စုရတယ်။ လွယ်အိတ်အသစ် ဝယ်ပေးဖို့တော့ ပိုက်ဆံမရှိသေးဘူး။ အရင်နှစ်ကအဟောင်းလေးပဲ ဆက်လွယ်ခိုင်းရမယ်”လို့ ဟင်္သာတမြို့နယ်က ကျောင်းသားမိဘတဦးက ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) ရဲ့ ပြီးခဲ့တဲ့ မေလက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ ပြည်တွင်းပဋိပက္ခတွေနဲ့ ကမ္ဘာလုံးဆိုင်ရာ လောင်စာပြတ်လပ်မှု ပြဿနာတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေခံ စားသောက်ကုန် ဈေးနှူန်းတွေဟာ ပျမ်းမျှ ၁၈ ရာခိုင်နှူန်းအထိ မြင့်တက်ခဲ့ပြီး နိုင်ငံသား ၁၂.၄ သန်းကျော်ဟာ အငတ်ဘေးဒဏ်ကို ရင်ဆိုင်နေကြရပြီလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲ မြို့ကြီးတွေရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေနဲ့ ကျေးရွာတချို့မှာ အခုလို နွမ်းနွမ်းပါးပါး ကျောင်းတက်နေကြရတဲ့ ကလေးငယ်တွေကို ပိုပြီး မြင်တွေ့လာရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ကျောင်းတက်နိုင်ရေးကိုပဲ အနိုင်နိုင် ရုန်းကန်နေကြရတာပါ ။
“ကျောင်းဝတ်စုံတွေတော့ ပေးပါတယ်။ တယောက်တစုံစီပါ။ မူလတန်းအဆင့်တွေကို ပေးတာပါ”လို့ ငပုတောမြို့နယ်မှာ တာဝန်ကျတဲ့ ကျောင်းဆရာတဦးက ပြောပါတယ်။လွယ်အိတ်ပင် အသစ်မဝယ်နိုင်တဲ့ ကလေးတွေဟာ ရပ်ကွက်တိုင်းမှာ ရှိနေပြီး အားလုံးကို ကူညီဖို့လည်း လက်လှမ်းမမှီ ဖြစ်နေတယ်လို့ ဟင်္သာတမြို့က လူမှုကူညီရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
“အင်တာနက်ရှိမှ စာသင်ကြားရမယ့် အခြေနေမှာလည်း မီးမမှန်၊ အင်တာနက်ဖိုး မတတ်နိုင်၊ စီးပွားရေးကလည်း မကောင်း၊ နေ့စဉ်စားဖို့ကိုပဲ ရည်မှန်းနေရတဲ့ တချို့ပြည်သူတွေအတွက်တော့ ခက်ခဲတဲ့ အခြေအနေက မြင်သာနေပါတယ်”လို့ ရန်ကုန်မြို့နေ CDM ကျောင်းဆရာမတဦးက ရှင်းပြပါတယ်။
ဒေါ်တင်တင်ကတော့ သူ့သားငယ်ကို စာသင်ခန်းနဲ့ အဆက်ပြတ် မသွားဖို့ကိုပဲ အဓိက ရည်မှန်းထားတယ်လို့ ခိုင်ခိုင်မာမာ ပြောပါတယ်။
“အမြင်မှာ လွယ်အိတ်က စုတ်နေပေမယ့် မိဘတွေရဲ့ မေတ္တာနဲ့ သိက္ခာကို လွယ်ထားတယ်လို့ပဲ ထင်ပါတယ်”လို့ ဒေါ်တင်တင်က ခပ်တွေးတွေး ပြောခဲ့ပါတယ်။