စစ်တပ်နဲ့ထွေအုပ် စိတ်တိုင်းမကျတဲ့ အုပ်ကြီးတွေနေရာမှာ အသစ်ပြန်ရွေးဖို့ပြင်

“အဓိကတော့ သူတို့ ပိုက်ဆံတောင်းခိုင်းလို့ မရမယ့်သူတွေကို ပြန်ရွေးခိုင်းတယ်။ အဓိက စစ်မှုထမ်းကြေးတောင်း ခိုင်းလို့ရမယ့် အုပ်ကြီးတွေကို ထပ်ရွေးခိုင်းတာ။ ဒီဘက်မှာ ၃၄၄ က ကောင်တွေ ကြိုးကိုင်ပြီး လုပ်နေတာပါ”

၆ ၊ ဇွန်။

ဧရာ၀တီတိုင်းအတွင်းမှာ အသစ်ရွေးထားတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထဲ စစ်တပ်အရာရှိတွေနဲ့ ထွေအုပ်အရာရှိတွေ သဘောမကျတဲ့သူတွေကို အသစ်ပြန်ရွေးခိုင်းနေပါတယ်။

“ရပ်ရွာက ပြည်သူ့ဆန္ဒနဲ့ ရွေးထားတဲ့သူတွေမှာ လူမှန်တွေပါတယ်။ အဲဒါတွေကျတော့ အပေါ်ကနေ ပြန်ရွေးခိုင်း တယ်။ စစ်တပ်က ကြီးကြပ်တာ၊ တပ်အရာရှိတွေက သူတို့ငွေတောင်းစားတာတွေကို လက်မခံမယ့် သူတွေဆို မကြိုက်ဘူးလေ။ အသစ်ပြန်ရွေးခိုင်းနေတယ်”လို့ ဧရာ၀တီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ဒေသခံလူငယ်တဦးက ပြောပါတယ်။

လက်ရှိမှာ ရေကြည်မြို့နယ် ညောင်ပင်သာအုပ်စု၊ ဖန်ခါးပင်အုပ်စု၊ ကွင်းချောင်းအုပ်စု၊ ဂွေးတောက်အုပ်စု၊ မိဿ လင်အုပ်စုနဲ့ မော်လမြိုင်ကျွန်းမြို့နယ် ကျားချောင်းကျေးရွာအုပ်စု၊ ထီတိုလိုကျေးရွာအုပ်စု၊ ကျုံလမုကြီးကျေးရွာ အုပ်စုတို့က အုပ်ချုပ်ရေးမှူးတွေကို ပြန်ရွေးဖို့ မြို့နယ်စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးကော်မတီက အကြောင်းကြား ထားတာ တွေ့ရပါတယ်။

“အဓိကတော့ သူတို့ ပိုက်ဆံတောင်းခိုင်းလို့ မရမယ့်သူတွေကို ပြန်ရွေးခိုင်းတယ်။ အဓိက စစ်မှုထမ်းကြေးတောင်း ခိုင်းလို့ရမယ့် အုပ်ကြီးတွေကို ထပ်ရွေးခိုင်းတာ။ ဒီဘက်မှာ ၃၄၄ က ကောင်တွေ ကြိုးကိုင်ပြီး လုပ်နေတာပါ” လို့ ရေကြည်မြို့နယ် မိဿလင်ကျေးရွာအုပ်စုမှ ဒေသခံတဦးက ပြောပါတယ်။

အဲဒီလို အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်တဲ့အခါ အရင်အုပ်ချုပ်ရေးမှူးဟောင်းတွေဟာ သူတို့နေရာသူတို့ ပြန်ရွေးခံရဖို့ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ သက်ဆိုင်ရာအကြီးအကဲတွေကို ငွေပေးတာတွေ လုပ်ပြီး နေရာပြန်ရအောင် လုပ်ခဲ့ကြပါတယ်။

“တချို့ဆို အုပ်ချုပ်ရေးမှူး ပြန်အရွေးခံရအောင် ပိုက်ဆံတွေအများကြီးပေးပြီး ကပ်ကြတယ်။ တကယ်လည်း သူတို့ နေရာပြန်ရကြတယ်။ စစ်မှုထမ်းကြေးကောက်လို့ ပိုက်ဆံက လိုသလောက်ရနေတာလေ။ အဲဒီရာထူးကို ဘယ်လက်လွှတ်ချင်ကြမလဲ” လို့ ငပုတောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

အချို့ကျေးရွာတွေမှာတော့ ရွာသားတွေက သူတို့စိတ်ကြိုက် လူမှန်ကို ရွေးချယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အဲဒီလို ရပ်ကွက်၊ ကျေးရွာက ထောက်ခံသူ၊ စစ်တပ်အသိုင်းအဝိုင်း၊ ထွေအုပ်၊ ရဲတို့နဲ့ မနီးစပ်သူတွေကို ပြန်ရွေး ခိုင်းနေတာဖြစ်ပါတယ်။

ဧရာ၀တီတိုင်းအတွင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ စစ်မှုထမ်းကြေးလို့ဆိုပြီး ရွာသားတွေဆီကနေ ကျပ်သိန်းကျော်ထိ ကောက်ခံတာတွေ ရှိနေပြီး အချို့ရွာတွေမှာဆိုရင် လောင်းကစားဝိုင်းထောင် ဆက်ကြေး ကောက်တာတွေလည်း ရှိနေပါတယ်။