
အခုတော့ ဥပဒေကြမ်းဟာ အောက်လွှတ်တော်ကို ဆက်လက်ရောက်ရှိသွားပြီ ဖြစ်ပြီး သမ္မတ ထရမ့် လက်မှတ်ရေးထိုးနိုင်ဖို့ လာမယ့် သီတင်းပတ်အစောပိုင်းမှာပဲ အမြန်ဆုံး အတည်ပြုနိုင်အောင် ရီပတ်ဘလီကန် ခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။
၆၊ ဇွန်။
သမ္မတ ဒေါ်လာထရမ့်ရဲ့ တင်းကျပ်တဲ့ လူဝင်မှုကြီးကြပ်ရေး နှိမ်နင်းရေး အစီအစဉ်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံ ပေးဖို့ အမေရိကန် အထက်လွှတ်တော်က ဇွန်လ ၅ ရက်၊ သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။
အဆိုပါ ဥပဒေကြမ်းဟာ ထရမ့်ရဲ့ သမ္မတသက်တမ်း ကျန်ရှိနေတဲ့ ကာလတလျှောက်လုံးအတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန် ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) နဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့တွေကို ရန်ပုံငွေ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး လနဲ့ချီ ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ခဲ့ရပြီးနောက်မှာတော့အခု ရလဒ်က ရီပတ်ဘလီကန်ခေါင်းဆောင် ထရမ့်အတွက် သူရဲ့ အဓိက မူဝါဒတခုမှာ အကြီးအကျယ် အောင်ပွဲရလိုက်တာလည်းဖြစ်ပါတယ်။
အခုတော့ ဥပဒေကြမ်းဟာ အောက်လွှတ်တော်ကို ဆက်လက်ရောက်ရှိသွားပြီ ဖြစ်ပြီး သမ္မတ ထရမ့် လက်မှတ်ရေးထိုးနိုင်ဖို့ လာမယ့် သီတင်းပတ်အစောပိုင်းမှာပဲ အမြန်ဆုံး အတည်ပြုနိုင်အောင် ရီပတ်ဘလီကန် ခေါင်းဆောင်တွေက မျှော်လင့်နေကြပါတယ်။
ရန်ပုံငွေအစီအစဉ်ဟာ အခုနှစ် အစောပိုင်းတုန်းက ကြုံတွေ့ခဲ့ရတဲ့ စံချိန်တင် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ လုပ်ငန်းအချို့ ရပ်ဆိုင်းသွားခဲ့ရမှုနောက်ပိုင်းမှာ ထွက်ပေါ်လာတာပါ။ အဲဒီတုန်းက စိုးရိမ်ရတဲ့ နေရာတွေကို ဝင်ရောက်စီးနင်းတာနဲ့ အရာရှိတွေ မျက်နှာဖုံးတပ်ဆင်တာမျိုးတွေကို ကန့်သတ်ချက်မထားရင် လူဝင်မှုကြီးကြပ်ရေးအတွက် ရန်ပုံငွေအသစ်ပေးဖို့ ဒီမိုကရက်တွေက ငြင်းဆန်ခဲ့ကြပါတယ်။
ရီပတ်ဘလီကန်တွေက အဆိုပါ တောင်းဆိုချက်တွေကို ပယ်ချခဲ့ပြီး အဲဒီအစား ICE နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေကို ဘတ်ဂျက်ညှိနှိုင်းမှုဆိုင်ရာ အမြန်လမ်းကြောင်း လုပ်ထုံးလုပ်နည်းကနေတစ်ဆင့် ရန်ပုံငွေပေးဖို့ ရွေးချယ်ခဲ့ကြပါတယ်။
အဆိုပါ လုပ်ထုံးလုပ်နည်းကတော့ ပါတီဝင်တွေ စည်းလုံးညီညွတ်နေသရွေ့ ဒီမိုကရက်တွေရဲ့ ကန့်ကွက်မှုကို ကျော်ဖြတ်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။
ဒီမိုကရက်တွေကလည်း ရီပတ်ဘလီကန်တွေဟာ ပြည်သူတွေရဲ့ နေထိုင်မှုစရိတ်ထက် ထရမ့်ရဲ့ ပြည်နှင်ဒဏ်ပေးမယ့် အစီအစဉ်ကို ပိုပြီး ဦးစားပေးနေကြတယ်တယ်လို့ စွပ်စွဲခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေစိုးမိုးရေး ရန်ပုံငွေတွေကို အိမ်ရာနဲ့တခြားတတ်နိုင်တဲ့ လူနေမှုစရိတ် ကိစ္စရပ်တွေဆီ လမ်းကြောင်းပြောင်းဖို့ ဒီလုပ်ငန်းစဉ်ကို အသုံးချပြီး ကြိုးပမ်းခဲ့ကြပါတယ်။
ထရမ့်ရဲ့ မူဝါဒအပေါ် သီးခြားပြစ်တင်ရှုတ်ချမှုတစ်ခုအဖြစ် ရှုမြင်ရတဲ့ ဖြစ်ရပ်မှာတော့ ရီပတ်ဘလီကန် အမတ်အချို့ဟာအောက်လွှတ်တော် ခေါင်းဆောင်ပိုင်းကို ကျော်ဖြတ်ပြီး ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချမှတ်ဖို့နဲ့ ယူကရိန်းအတွက် စစ်ရေးဆိုင်ရာ ဘဏ္ဍာရေးချေးငွေ ဒေါ်လာ ၈ ဘီလီယံ ထောက်ပံ့ပေးဖို့ ဒီမိုကရက်တွေရဲ့ကြိုးပမ်းမှုကို ထောက်ခံမဲ ပေးခဲ့ကြပါတယ်။
အစောပိုင်း ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ လုပ်ငန်းအချို့ ရပ်ဆိုင်းမှုကြောင့် အဆိုပါကိစ္စက မပြေလည်ဘဲ ကျန်ရစ်ခဲ့ပြီးနောက်မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေစိုးမိုးရေး ရန်ပုံငွေတွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် ငွေကြေးဟာ လိုအပ်တယ်တယ်လို့ ရီပတ်ဘလီကန်တွေဘက်က ပြန်လည်ချေပခဲ့ပါတယ်။
Ref – AFP