
၀၅၊မေလ။
လာမယ့် ဩဂုတ်လကစပြီး အယ်နီညို သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် ဆောင်းသီးနှံနဲ့ နွေစပါး စိုက်ပျိုးကြမယ့်သူတွေ အနေနဲ့ အဓိကကျတဲ့ ရေသိုလှောင်ခြင်းနဲ့ ရေရရှိနိုင်ရေးတွေကို ကြိုတင် ပြင်ဆင်ထားသင့်တယ်လို့ မိုးဇလ ပညာရှင်တွေက တိုက်တွန်းထားပါတယ်။
အစွန်းရောက် ရာသီဥတုဖြစ်စဉ် အယ်နီညိုရဲ့ အရှိန်သက်ရောက်မှု ရှိလာနိုင်တယ် ဆိုပေမယ့် ရက်ဝေးခန့်မှန်းချက်တွေဖြစ်လို့ အစဉ်တစိုက် စောင့်ကြည့်ဖို့ လိုအပ်နေသေးတာပါ။ ဒါပေမယ့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသူတွေ အနေနဲ့ကတော့ ရေရရှိရေးအတွက် ကြိုတင်ပြင်ဆင်ထားတာဟာ မမှားဘူးလို့ သူတို့က အကြံပေးထားကြတာပါ။
မြန်မာနိုင်ငံ မိုးဇလဌာနက ဝန်ထမ်းတဦးက “ ဆရာဦးဝင်းနိုင် တင်ထားတာတွေကိုလည်း ကြည့်နိုင်တယ်။ ကျွန်တော်တို့ဆီက ထုတ်ပြန်တာတွေက အဲ့လောက်အဝေးကြီးတွေ မပါဘူး။ ဒါပေမယ့် မိုးလေဝသ မော်လ်ဒယ်တွေမှာ ဖော်ပြနေတဲ့ အနေအထားကတာ့ အယ်နီညို ဖြစ်လာနိုင်တယ်။ အယ်နီညိုဖြစ်ရင် အလွယ်ကူဆုံး ပြောနိုင်တာက ပူမယ်၊ ရေငွေ့ပြန်နူန်းမြင့်မယ်၊ ခြောက်သွေ့မယ်ပေါ့ဗျာ။ ဧရာဝတီတိုင်းအတွက်ဆိုရင်တော့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ ရေအတွက်ကြိုပြင်ထားသင်ပါတယ် ” လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့လည်း မိုးဇလ ပညာရှင် ဦးဝင်းနိုင်က သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် အယ်နီညိုဖြစ်လာနိုင်ချေတွေကို မကြာခဏ တွက်ချက်ခန့်မှန်းထားတဲ့ ဆောင်းပါးတွေ၊ သတိပေးချက်တွေကို သတိပေး ဖော်ပြနေပါတယ်။
“စက်တင်ဘာလဆန်းပိုင်းတွင် မိုးအနည်းငယ် ကျန်ရှိနိုင်ဦးမည် ဖြစ်သော်လည်း စက်တင်ဘာ လလယ်မှစ၍ အောက်တိုဘာလဆန်းအတွင်း မုတ်သုံလေဟာ မြန်မာနိုင်ငံအတွင်းမှ စနစ်တကျဖြင့် ပုံမှန်အတိုင်း ပြန်လည်ဆုတ်ခွာသွားမှာ ဖြစ်ပါတယ်။ ထို့ကြောင့် “မိုးနှောင်းကာလ မိုးရွာသွန်းမှုသည် နှစ်စဉ်ရွာသွန်းမြဲအောက် (သို့မဟုတ်) ရွာသွန်းမြဲအခြေအနေခန့်သာ ရှိတော့မည်ဖြစ်ပြီး မိုးစောစောပြတ်မည့် လက္ခဏာမျိုး တွေ့ရှိရပါတယ် ” လို့ ဆိုပါတယ်။
လက်ရှိ မိုးလေဝသခန့်မှန်းချက်တွေမှာတော့ ဇွန်နဲ့ ဇူလိုင်လဟာ ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံတောင်ပိုင်း ဒေသတွေမှာ ပုံမှန်မိုးရေချိန်ထက် ပိုများတဲ့ မိုးရွာသွန်းမှုမျိုးတွေ ရှိမယ်လို့ တွေ့နေရပါတယ်။
“အခုမိုးများနေလို့ လာမယ့်ရာသီအတွက် ရေလှောင်နိုင်ဖို့ဆိုတာ တကယ်တော့ခက်ပါတယ်။ ဒါမျိုးက ကျွန်တော်တို့ တောင်သူလယ်သမားတွေ လုပ်ရမှာမျိုး မဟုတ်ဘူးလေ။ အစိုးရကနေပြီး ဒီနှစ် ဒီရာသီမှာ ရေရှားနိုင်တယ်ဆိုရင် ရေရဖို့အတွက် ဘာတွေလုပ်ပေးမယ်ဆိုတာမျိုး စီမံပေးရမှာ။ ကျွန်တော်တို့မှာက ရေတင်ဖို့ ဆီတောင်တန်းစီနေရတာကို။ တကယ်လို့ ရေရှားတာမျိုး ဖြစ်လာရင်လည်း မစိုက်ရုံပေါ့။ တနှစ်ထက် တနှစ် ပိုနစ်လာတာပဲ ထူးပြီးနစ်စရာလည်း မရှိလောက်တော့ပါဘူး ” လို့ ဟင်္သာတမြို့မှာ နေထိုင်တဲ့ ကိုယ်တိုင်လည်း လယ်သမားဖြစ်ပြီး တောင်သူလယ်သမားအရေး ကူညီပေးနေသူ တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ – ၂၀၂၆ စိုက်ပျိုးရာသီမှာ ထူးထူးခြားခြား ရာသီဥတု ဖောက်ပြန်မှုမျိုး မရှိခဲ့ပေမယ့် မိုးနှောင်းကာလကြာရှည်ခဲ့တာကြောင့် ဆောင်းသီးနှံစိုက်ပျိုးမှုမှာ အခက်တွေ့ခဲ့ရသလို စပါးဈေးကျဆင်းမှုတွေနဲ့ စက်သုံးဆီ အခက်အခဲတွေကြောင့် လယ်သမား အများစု ဆုံးရှုံးမှုတွေ များခဲ့ရပါတယ်။