ဧရာ၀တီ ရခိုင်ရိုးမပေါ်က တိုက်ပွဲတွေမှာ စစ်တပ်အထိနာ

“လေယာဉ်တွေ တအားသုံးလာတယ်။ တခါလာရင် လေယာဉ်နှစ်စီး၊ သုံးစီးနဲ့လာတယ်။ အရင်လို တစီးတည်းနဲ့ မဟုတ်တော့ဘူး”

၃၊ ဇွန်။

ငသိုင်းချောင်း အနီး အမတ ၃၄၄ အပါအဝင် လေးမျက်နှာ၊ အင်္ဂပူနဲ့ သာပေါင်းမြို့နယ်တွေ အတွင်းရှိ  အာရက္ခတပ်တော်နဲ့ ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေမှာ  စစ်တပ်က အထိနာနေပြီး စစ်ကူအများအပြားပို့ပေးနေရပါတယ်။

“အများဆုံးပို့ရတာကတော့ ၃၄၄ ကို ပို့ရတယ်။ အဲဒီမှာ ထွက်ပြေးတဲ့သူတွေရော၊ တိုက်ပွဲကျတဲ့သူတွေရော နေ့တိုင်း ရှိတယ်။ တိုက်ပွဲကလည်း တရက်မပျက် နေ့တိုင်းဖြစ်နေတာကိုး။ ပုသိမ်ကနေ တရက်တရက် ကားအစီးရေ ဆယ်ဂဏန်းနေ့တိုင်း အထွက်ရှိတယ်။ စစ်ကူပို့တာလေ” လို့ စစ်ရေးအခြေအနေတွေကို သိထားတဲ့ ပုသိမ်ဒေသခံတဦးက ပြောပါတယ်။

ပုသိမ်အပြင် ကျုံပျော်အခြေစိုက် ခလရ ၃၆ ၊ ဟင်္သာတအခြေစိုက် ခလရ ၁၈ နဲ့ အင်္ဂပူအခြေစိုက် တပ်ရင်း၊ တပ်စခန်းတို့ကနေလည်း စစ်ကူပို့တာတွေ မကြာခဏရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ အမတ ၃၄၄ တပ်ရင်းနဲ့ တမိုင်နီးပါးအကွာ တပ်စခန်းတွေထိပါ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်၊ သိမ်း ပိုက်နေပြီး သာပေါင်း – ရွှေသောင်ယံ လမ်းတလျှောက် ရိုးမပေါ်၊ ပုသိမ် – မုံရွာလမ်းတလျှောက် လေးမျက်နှာ၊ အင်္ဂပူ မြို့နယ်တို့မှာလည်း  စစ်တပ်နဲ့ ထိတွေ့ တိုက်ပွဲတွေ ရှိနေပါတယ်။

ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဟာ ၃၄၄ အနီးဝန်းကျင်က စစ်တပ်ရဲ့ ကာကင်းစခန်း ခြောက်ခုထက်မနည်းကို သိမ်း ပိုက်ထားပြီး လက်ရှိမှာ တပ်ရင်းနဲ့ အနီးဆုံးမှာရှိတဲ့ အကြီးဆုံးလက်ကျန် ကာကင်းကို ဆက်လက်တိုက်ခိုက်နေတယ် လို့ AA နဲ့ နီးစပ်တဲ့ မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

“၁ ရက်နေ့က ထွက်ပြေးလာကြတဲ့ကောင်တွေ တဆယ်ကျော်လောက် ရှိမယ်။ ဒီဘက်မှာ ပြည်သူ့စစ်တွေ များ တယ်။ ရှေ့တန်းမှာရော ထွက်ပြေးလာကြတဲ့ကောင်တွေရော အများဆုံးက စစ်မှုထမ်းပြည်သူ့စစ်တွေ” လို့ AA နဲ့ နီး စပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် အင်္ဂပူမြို့နယ် ကွင်းကောက် အနီးဝန်းကျင်မှာလည်း ရိုးမတောင်ဆီ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းတွေကို ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေပါတယ်။ အဲဒီတိုက်ပွဲမှာလည်း စစ်တပ်ဘက်က အကျ အဆုံးတွေ ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

အဲဒီလို ရှေ့တန်းစစ်မျက်နှာတွေမှာ အထိနာနေတဲ့ စစ်တပ်ဟာ အင်အား အများအပြားဖြည့်တင်းနေ သလို တပ်သားအပြောင်းအလဲ လုပ်တာတွေလည်း ရှိလာတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေလည်း ပိုတွေ့လာရတယ်လို့ ပြောပါတယ်။

“လေယာဉ်တွေ တအားသုံးလာတယ်။ တခါလာရင် လေယာဉ်နှစ်စီး၊ သုံးစီးနဲ့လာတယ်။ အရင်လို တစီးတည်းနဲ့ မဟုတ်တော့ဘူး” လို့ အမတ ၃၄၄ အနီးမှာနေထိုင်တဲ့ ငသိုင်းချောင်းဒေသခံတဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲတွေ ရှိနေသလို စစ်တပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသ ခံတွေ တိမ်းရှောင်ထွက်ပြေးရတာ၊ သူတို့ရဲ့ တောင်ယာ၊ စိုက်ခင်းတွေ မလုပ်နိုင်တာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ် တာ စတဲ့အခက်အခဲတွေလည်း ကြုံနေကြရတယ်လို့ သိရပါတယ်။