ဒေါ်လာ ၁.၈ ဘီလီယံတန် ရန်ပုံငွေအစီအစဉ်ကို ထရမ့် လက်လျှော့

ရှေ့နေချုပ် ဘလန့်ရှ်က ရန်ပုံငွေကို ဖျက်သိမ်းမယ်လို့ နှုတ်နဲ့ ထွက်ဆိုချက်မှာ ကတိပေးခဲ့ပေမဲ့ တရားရေးဝန်ကြီးဌာနအနေနဲ့ တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ချင်မှ ထုတ်ပြန်လိမ့်မယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

 

၃၊ ဇွန်။

 

အစိုးရရဲ့ မတရားပစ်မှတ်ထားတာ သို့မဟုတ် စုံစမ်းစစ်ဆေးတာ ခံခဲ့ရတယ်လို့ ပြောကြတဲ့သူတွေကိုနစ်နာကြေးပေးဖို့ ဒေါ်လာ ၁.၈ ဘီလီယံ (ပေါင် ၁.၃ ဘီလီယံ) တန်ဖိုးရှိတဲ့ ရန်ပုံငွေတခု တည်ထောင်မယ့်အစီအစဉ်တွေကို ထရမ့်အစိုးရက လက်လျှော့လိုက်ပြီလို့ ယာယီ ရှေ့နေချုပ် တော့ဒ် ဘလန့်ရှ်က ပြောလိုက်ပါတယ်။

 

“ကျွန်တော်တို့ ဒီရန်ပုံငွေကို ဆက်လုပ်မှာ မဟုတ်ပါဘူး၊ ဒီလောက်ပါပဲ” လို့ ဘလန့်ရှ်က အင်္ဂါနေ့မှာ လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

 

လက်ရှိ အဆိုပြုထားတဲ့

“လက်နက်သဖွယ် အသုံးချခြင်းကို ဆန့်ကျင်ရေး” ရန်ပုံငွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်ဆိုင်ရာ အချက်အလက်တွေ ပေါက်ကြားမှုနဲ့ပတ်သက်ပြီး သူက ပြည်တွင်းအခွန်များဌာနကို တရားစွဲဆိုထားတဲ့ အမှုတခုကို ပြေလည်စေဖို့အတွက် ကြေညာခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါ အစီအစဉ်ကြောင့် ဒီမိုကရက်တွေနဲ့ ရီပတ်ဘလစ်ကန်တချို့ဆီကနေ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေထွက်ပေါ်စေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က အမေရိကန် လွှတ်တော်အဆောက်အအုံ ရုန်းရင်းဆန်ခတ်မှုမှာရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အပါအဝင် တရားစွဲခံထားရသူတွေကို ငွေကြေးတွေ ပေးသလို ဖြစ်သွားနိုင်တယ်လို့ ငြင်းခုံမှုတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့အပတ်က အမေရိကန် တရားသူကြီး လီယိုနီဘရင်ကီမာက နစ်နာကြေး ရန်ပုံငွေ တည်ထောင်မှုကို ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။

ဇွန်လ ၁၂ ရက်မှာ လုပ်မယ့် ပဏာမ ကြားနာပွဲ မတိုင်ခင်အထိ တရားရေးဝန်ကြီးဌာန (DOJ) အနေနဲ့ အဆိုပါ ရန်ပုံငွေကို စတင်တာ ဒါမှမဟုတ် လည်ပတ်တာ (တောင်းခံမှုတွေကို စိစစ်တာ ဒါမှမဟုတ် ငွေကြေးခွဲဝေပေးတာတွေ အပါအဝင်) ဘယ်လို အဆင့်မျိုးကိုမဆို မလုပ်ဖို့ ဘရင်ကီမာက တားမြစ်လိုက်ပါတယ်။

တင်းမာမှုတွေရှိခဲ့တဲ့ လွှတ်တော်ကြားနာပွဲမှာ ဘလန့်ရှ်ရဲ့ အခုလို ပြောကြားချက်ဟာ တရားသူကြီးရဲ့ အမိန့်အပေါ် တရားရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် သဘောမတူဘူးလို့ ပြောခဲ့ပေမဲ့ စီရင်ချက်ကိုတော့လိုက်နာသွားမယ်လို့ ပြောကြားခဲ့ပြီး တရက်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ရှေ့နေချုပ် ဘလန့်ရှ်က ရန်ပုံငွေကို ဖျက်သိမ်းမယ်လို့ နှုတ်နဲ့ ထွက်ဆိုချက်မှာ ကတိပေးခဲ့ပေမဲ့ တရားရေးဝန်ကြီးဌာနအနေနဲ့ တရားဝင် ထုတ်ပြန်ချက် ထုတ်ပြန်ချင်မှ ထုတ်ပြန်လိမ့်မယ်လို့ အရိပ်အမြွက် ပြောခဲ့ပါတယ်။

တရားရေးဝန်ကြီးဌာနကတော့ အခုရန်ပုံငွေဟာ “လူအများအပြားအပေါ် မတရား ပြသခဲ့တဲ့ ကြီးမားလှတဲ့ အလွဲသုံးစားမှုတွေ၊ နစ်နာမှုတွေနဲ့ မုန်းတီးမှုတွေကို ပြန်လည်ကုစားပေးဖို့” ဖန်တီးခဲ့တာ ဖြစ်တယ်လို့ X လူမှုကွန်ရက်ပေါ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် ရန်ပုံငွေဟာ “ဒီမိုကရက်၊ ရီပတ်ဘလစ်ကန်၊ ကွန်ဆာဗေးတစ်၊ တသီးပုဂ္ဂလ သို့မဟုတ် အခြားဘယ်သူပဲဖြစ်ဖြစ် အခုလို အာဏာအလွဲသုံးစား လုပ်ခံရသူ၊ ပစ်မှတ်ထားခံရသူ သို့မဟုတ် နှိပ်စက်ညှဉ်းပန်းခံရသူမည်သူမဆိုအတွက် ဖွင့်လှစ်ပေးထားတာ ဖြစ်တယ်” လို့ တရားရေးဝန်ကြီးဌာနက ထပ်လောင်းပြောပါတယ်။

အိမ်ဖြူတော်ကတော့ အဆိုပါ ဆုံးဖြတ်ချက်နဲ့ပတ်သက်တဲ့ မှတ်ချက်တွေကို တရားရေးဝန်ကြီးဌာနဆီပဲလွှဲပြောင်းပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့အမေရိကန် ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်က ရန်ပုံငွေဟာ “အစကတည်းကကို မဟုတ်ကဟုတ်က အကြံ”ဖြစ်ပြီး လက်လျှော့ ဖျက်သိမ်းသင့်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Ref – BBC