အီဘိုလာ မျိုးစိတ်သစ်အတွက် ကာကွယ်ဆေး သုံးမျိုး စမ်းသပ်ထုတ်လုပ်နေ

အခုအချိန်မှာ ကွန်ဂိုနိုင်ငံတွင်းမှာ သံသယလူနာပေါင်း ၁,၀၀၀ ကျော် ရှိနေပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံမှာတော့ ကူးစက်ခံရသူ ကိုးဦးရှိတယ်ဆိုတာ အတည်ပြုထားပါတယ်။

 

 

၂၊ ဇွန်။

 

လူပေါင်း ၂၅၀ နီးပါးကို အသက်ဆုံးရှုံးစေခဲ့တဲ့ ရှားပါး အီဘိုလာဗိုင်းရပ်စ် မျိုးစိတ်သစ်ကို တိုက်ဖျက်ဖို့အတွက် ကာကွယ်ဆေး အသစ်သုံးမျိုးကို ထုတ်လုပ်နေပါပြီ။

 

ကာကွယ်ဆေး တမျိုးကို တာဝန်ယူ ထုတ်လုပ်နေတဲ့ အပြည်ပြည်ဆိုင်ရာ အေ့ဒ်စ်ကာကွယ်ဆေးတီထွင်မှုအဖွဲ့ (IAVI) ကတော့ အခု ရောဂါကူးစက်မှုဟာ သမိုင်းတလျှောက် အဆိုးရွားဆုံးဖြစ်လာနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

 

အောက်စဖို့ဒ် တက္ကသိုလ်နဲ့ မိုဒါနာ ဆေးဝါးကုမ္ပဏီတို့ကလည်း ဘန်ဒီဗူဂျိုလို့ခေါ်တဲ့ အီဘိုလာမျိုးစိတ်အတွက် ကာကွယ်ဆေးတွေကို သုတေသနပြု ထုတ်လုပ်နေကြပါတယ်။

 

အဖွဲ့တခုချင်းစီကို ရန်ပုံငွေ ထောက်ပံ့ပေးနေတဲ့ ကူးစက်ရောဂါ အရေးပေါ် ကြိုတင်ပြင်ဆင်မှုမဟာမိတ်အဖွဲ့ (Cepi) ကတော့ “နေ့ရက်တိုင်း၊ အချိန်တိုင်းဟာ အလွန်အရေးကြီးတယ်” လို့ ပြောပါတယ်။

အခုအချိန်မှာ ကွန်ဂိုနိုင်ငံတွင်းမှာ သံသယလူနာပေါင်း ၁,၀၀၀ ကျော် ရှိနေပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံမှာတော့ ကူးစက်ခံရသူ ကိုးဦးရှိတယ်ဆိုတာ အတည်ပြုထားပါတယ်။

 

အခု ကူးစက်မှုဟာ ၂၀၁၄ ကနေ ၂၀၁၆ ခုနှစ်အတွင်း အနောက်အာဖရိကမှာ ဖြစ်ပွားခဲ့တဲ့ သမိုင်းတလျှောက် အကြီးမားဆုံး အီဘိုလာ ကူးစက်မှုကြီးရဲ့ ပမာဏမျိုးအထိ ရောက်သွားမှာကိုစိုးရိမ်မှုတွေ တိုးနေပါတယ်။ အဲဒီတုန်းက လူပေါင်း ၂၉,၀၀၀ နီးပါး

ကူးစက်ခံရပြီး ၁၁,၀၀၀ကျော် သေဆုံးခဲ့ပါတယ်။

 

IAVI အဖွဲ့ရဲ့ အကြီးအကဲ ဒေါက်တာ မာ့ခ် ဖိန်းဘတ်ဂ်က “အခု ကူးစက်မှုဟာ အဲဒီတုန်းကလိုပဲပြင်းထန်လာနိုင်သလို ဒီထက်တောင် ပိုဆိုးသွားနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထုတ်လုပ်ဖို့နဲ့ တခြား တားဆီးကာကွယ်ရေး နည်းလမ်းတွေကိုလုပ်ဆောင်ဖို့က တကယ့်ကို အဓိက ဦးစားပေးပါပဲ” လို့ ပြောပါတယ်။

 

ဒါဟာ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့လည်း ထပ်တူကျနေပါတယ်။ အခြေအနေဟာ အလွန် စိုးရိမ်စရာကောင်းပြီး တိုတောင်းတဲ့ အချိန်အတွင်းမှာ များပြားတဲ့ လူနာအရေအတွက်မျိုး တခါမှ မှတ်တမ်း မတင်ခဲ့ဖူးဘူးလို့ MSF က ပြောပါတယ်။

 

အီဘိုလာ မျိုးစိတ်တခုချင်းစီအတွက် ကာကွယ်ဆေးကို သီးခြားစီ ထုတ်လုပ်ရမှာ ဖြစ်ပါတယ်။အီဘိုလာ မျိုးစိတ် စုစုပေါင်း ခြောက်မျိုးရှိပေမဲ့ သုံးမျိုးပဲ ကူးစက်မှုတွေ ဖြစ်ပွားစေတတ်တယ်လို့ သိထားကြပါတယ်။

 

အဖြစ်အများဆုံး ဇိုင်ယာ မျိုးစိတ်အတွက်တော့ ကာကွယ်ဆေး ရှိပါတယ်။ ဒါပေမဲ့ အခု ကူးစက်မှုက ဘန်ဒီဗူဂျိုလို့ခေါ်တဲ့ တခြားမျိုးစိတ်တခုကြောင့် ဖြစ်နေတာပါ။ အဆိုပါ မျိုးစိတ်က အရင်က နှစ်ကြိမ်ပဲ ဖြစ်ပွားခဲ့ဖူးပြီး အတည်ပြုချက်ရထားတဲ့ ကာကွယ်ဆေးလည်း မရှိသေးပါဘူး။

 

IAVI အဖွဲ့ဟာ ဘန်ဒီဗူဂျို မျိုးစိတ်ကို တိုက်ဖျက်ဖို့အတွက် ဇိုင်ယာ အီဘိုလာ ကာကွယ်ဆေးကိုပုံစံပြောင်းလဲပြီး ထုတ်လုပ်ဖို့ ကြိုးစားနေပါတယ်။

 

စမ်းသပ်ဆဲ ကာကွယ်ဆေးကို မျောက်တွေမှာ ထိုးနှံစမ်းသပ်ခဲ့ရာမှာ ခုခံအားစနစ်ကို လျင်လျင်မြန်မြန် လေ့ကျင့်ပေးနိုင်ခဲ့ပြီး ၁၀၀ ရာခိုင်နှုန်းနီးပါး ကာကွယ်ပေးနိုင်တာကို တွေ့ရပါတယ်။

 

အခုအချိန်အထိ ရရှိထားတဲ့ အထောက်အထားတွေအရ ကာကွယ်ဆေးရဲ့ အစွမ်းအစအပေါ်မျှော်လင့်ချက် ရှိပါတယ်လို့ ဖိန်းဘတ်ဂ်က ပြောပါတယ်။

 

ဒါပေမဲ့ အခုလောလောဆယ်မှာတော့ လူတွေနဲ့ စမ်းသပ်တဲ့အဆင့် ရောက်ဖို့အတွက် ခုနစ်လကနေ ကိုးလအထိ ကြာဦးမှာ ဖြစ်ပါတယ်။ ဒါကို ပိုပြီးမြန်ဆန်အောင်လည်း သူတို့ ကြိုးစားနေကြပါတယ်။

 

အခုအတောအတွင်းမှာပဲ မိုဒါနာ ဆေးဝါးကုမ္ပဏီက ကိုဗစ်ကပ်ရောဂါတုန်းက ကာကွယ်ဆေးတွေ အမြန်ဆုံးထုတ်လုပ်ဖို့ အသုံးပြုခဲ့တဲ့ သူတို့ရဲ့ mRNA နည်းပညာကိုသုံးပြီး ဘန်ဒီဗူဂျိုမျိုးစိတ်အတွက် ကာကွယ်ဆေး ထုတ်လုပ်နေတယ်လို့ ကြေညာခဲ့ပါတယ်။

 

“ဒီရောဂါ တိုက်ဖျက်ရေးကို ကူညီဖို့နဲ့ တကယ်လိုအပ်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေဆီကာကွယ်ဆေး အမြန်ဆုံး ရောက်ရှိနိုင်ဖို့အတွက် ကျွန်တော်တို့ အလျင်အမြန်နဲ့ သိပ္ပံနည်းကျတိတိကျကျ လုပ်ဆောင်သွားမှာပါ” လို့ မိုဒါနာရဲ့ အမှုဆောင်အရာရှိချုပ် စတီဖန် ဘန်ဆဲလ်ကပြောပါတယ်။

 

အောက်စဖို့ဒ် တက္ကသိုလ်ကလည်း ကိုဗစ်တုန်းက လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးခဲ့တဲ့သူတို့ရဲ့ ကိုယ်ပိုင် ကာကွယ်ဆေးနည်းပညာကို အသုံးပြုပြီး အီဘိုလာ ကာကွယ်ဆေးအသစ်ကိုထုတ်လုပ်နေပြီလို့ ပြောထားပါတယ်။ ဒါဟာ လာမယ့် နှစ်လကနေ သုံးလအတွင်းမှာ လူတွေနဲ့စမ်းသပ်တဲ့အဆင့်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

 

ကာကွယ်ဆေး တမျိုးစီဟာ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်ပေါ်မှာရှိတဲ့ ဘန်ဒီဗူဂျို ဂလိုင်ကိုပရိုတင်းလို့ခေါ်တဲ့ တည်ဆောက်ပုံကို ခန္ဓာကိုယ်က မှတ်မိစေဖို့ လေ့ကျင့်ပေးဖို့ ရည်ရွယ်ပါတယ်။ ဒါပေမဲ့အဲဒီလိုဖြစ်လာဖို့ အသုံးပြုတဲ့ နည်းပညာတွေကတော့ တမျိုးစီ မတူကြပါဘူး။

 

အဆိုပါ နည်းလမ်းတွေ အားလုံးဟာ တကယ့်အီဘိုလာဗိုင်းရပ်စ် ဝင်လာတဲ့အခါမှာ ခုခံအားစနစ်က အဆင်သင့် ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေစေဖို့ လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

 

ဒါပေမဲ့ နည်းပညာ ကွာခြားချက်တွေနဲ့ ခုခံအားစနစ်ကို လေ့ကျင့်ပေးပုံ မတူညီတာတွေကြောင့်ကာကွယ်ပေးနိုင်စွမ်း အဆင့်အတန်းနဲ့ ဆေးထိုးရမယ့် အကြိမ်အရေအတွက်တွေအပေါ်သက်ရောက်မှု ရှိနိုင်ပါတယ်။

 

ဒါတွေအားလုံးကိုတော့ လူတွေနဲ့ စမ်းသပ်တဲ့အဆင့်မှာ စစ်ဆေးရမှာ ဖြစ်ပါတယ်။ Cepi အဖွဲ့ဟာအခု သုတေသနရဲ့ ကနဦးအဆင့်တွေအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။

 

“ဘန်ဒီဗူဂျို ဗိုင်းရပ်စ်က အရှိန်အဟုန်နဲ့ ပျံ့နှံ့နေပြီး တရားဝင်ခွင့်ပြုထားတဲ့ ကာကွယ်ဆေးလည်းမရှိသေးတဲ့အတွက် ဒီအသက်အန္တရာယ်ရှိတဲ့ ရောဂါကို အချိန်နဲ့လုပြီး တိုက်ဖျက်ရတဲ့နေရာမှာရက်တိုင်းဟာ အရေးကြီးပါတယ်” လို့ CEPI ရဲ့ အမှုဆောင်အရာရှိချုပ် ဒေါက်တာ ရစ်ချက် ဟတ်ချက်က ပြောပါတယ်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရိုစ်ကလည်း “ဘန်ဒီဗူဂျို ကာကွယ်ဆေးဟာ အခု ကူးစက်မြန်ရောဂါကို ထိန်းချုပ်ဖို့ ကူညီပေးနိုင်မှာဖြစ်သလို နောင်လာမယ့် ကူးစက်မှုတွေအတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေကို အားကောင်းစေပါလိမ့်မယ်” လို့ပြောကြားထားပါတယ်။

Ref – BBC