
လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံပါဝင်တဲ့ ပဋိပက္ခတွေကြောင့် ဆယ်စုနှစ် သုံးခုကြာ ဒုက္ခရောက်နေရတဲ့ ကွန်ဂိုအရှေ့ပိုင်းက မတည်ငြိမ်မှုတွေဟာ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် အလွန်အမင်း ခက်ခဲအောင် လုပ်နေလို့ WHO အကြီးအကဲက စိုးရိမ်နေပါတယ်။
၂၈၊ မေ။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအတွင်းက ပဋိပက္ခတွေကြောင့် အသက်အန္တရာယ်ဖြစ်စေတဲ့ အီဘိုလာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးပမ်းချက်တွေဟာ ပိုပြီးခက်ခဲရှုပ်ထွေးနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက မေလ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့ မှာသတိပေးလိုက်ပါတယ်။
တချိန်တည်းမှာပဲ အိမ်နီးချင်း ယူဂန်ဒါနိုင်ငံကလည်း ကွန်ဂိုနဲ့ နယ်စပ်ကို ပိတ်လိုက်ပြီလို့ကြေညာထားပါတယ်။ မေလလယ်ပိုင်းကစပြီး အီဘိုလာကူးစက်မှု စတင်ဖြစ်ပွားကြောင်း ကြေညာခဲ့ချိန်ကတည်းက ကွန်ဂိုနိုင်ငံမှာ အတည်ပြုလူနာနဲ့ သံသယလူနာ စုစုပေါင်း ၁,၀၀၀ကျော်ရှိခဲ့ပြီး အဲဒီထဲကမှ ၁၀ ဦးကတော့ အီဘိုလာကြောင့် သေဆုံးကြောင်း အတည်ပြုနိုင်ခဲ့ကာ၂၂၃ ဦးကတော့ သေဆုံးဖို့ သံသယရှိတယ်လို့ WHO က မှတ်တမ်းတင်ထားပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံပါဝင်တဲ့ ပဋိပက္ခတွေကြောင့် ဆယ်စုနှစ် သုံးခုကြာ ဒုက္ခရောက်နေရတဲ့ ကွန်ဂိုအရှေ့ပိုင်းက မတည်ငြိမ်မှုတွေဟာ ရောဂါကူးစက်မှုကို ထိန်းချုပ်ဖို့အတွက် အလွန်အမင်း ခက်ခဲအောင် လုပ်နေလို့ WHO အကြီးအကဲက စိုးရိမ်နေပါတယ်။
“အီတူရီပြည်နယ်ထဲက အီဘိုလာကူးစက်မှုဟာ တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းထက် ပိုပြီးမြန်ဆန်နေတာကြောင့် အခုဆိုရင် ကွန်ဂိုအရှေ့ပိုင်းဟာ ရောဂါဘေးနဲ့ စစ်ဘေး နှစ်ခုပေါင်းပြီး ဆိုးဆိုးရွားရွား ကပ်ဘေးဆိုက်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်” လို့ ကုလသမဂ္ဂကျန်းမာရေးအေဂျင်စီရဲ့ အကြီးအကဲ တက်ဒရိုစ်က X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
ကွန်ဂိုနိုင်ငံမှာ ၁၇ ကြိမ်မြောက်အဖြစ် မှတ်တမ်းတင်ထားရတဲ့ အခု အီဘိုလာရောဂါ ကူးစက်မှုဟာ ဘန်ဒီဗူးဂျို ဗိုင်းရပ်စ်မျိုးစိတ်ကြောင့် ဖြစ်ပြီး အဆိုပါ မျိုးစိတ်အတွက် ကာကွယ်ဆေး ဒါမှမဟုတ် ကုသဆေး လုံးဝမရှိသေးပါဘူး။ ဗိုင်းရပ်စ်ကို ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ အီတူရီပြည်နယ်ရဲ့ ကျေးလက်ဒေသတွေမှာ အစိုးရရဲ့ ဝန်ဆောင်မှုတွေ မရရှိခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။
ရောဂါအပြင်းထန်ဆုံး ဖြစ်ပွားနေတဲ့ နေရာတွေထဲကတခုဖြစ်တဲ့ ရမ်ပါရာမြို့မှာတော့ ရောဂါလက္ခဏာပြနေတဲ့ အမျိုးသမီးတဦးကို ဆိုင်ကယ်တစီးပေါ်မှာ သူရဲ့အမဖြစ်သူနဲ့ ဆိုင်ကယ်မောင်းသမားကြား ညှပ်ပြီး ဆေးရုံကို ခေါ်လာတာကို AFP သတင်းဌာနက မြင်တွေ့ခဲ့ရပါတယ်။
ကျန်းမာရေးဝန်ထမ်းတဦးရဲ့ မှတ်တမ်းအရ သူဟာ အဖျား အရမ်းတက်နေပြီး နှာခေါင်းကနေသွေးထွက်နေတယ်လို့ သိရပါတယ်။ ဒါဟာ သွေးလွန်တုပ်ကွေးလိုမျိုး ကိုယ်တွင်းသွေးယိုစီးမှုကိုဖြစ်စေတဲ့ အီဘိုလာရောဂါရဲ့ သာမန်လက္ခဏာတခုပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေကတဆင့် ကူးစက်တတ်တဲ့ အဆိုပါ ဗိုင်းရပ်စ်ရန်ကနေ ကာကွယ်ဖို့အတွက် ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းကလွဲလို့ တခြားဘာကာကွယ်ရေးပစ္စည်းမှဝတ်ဆင်မထားတဲ့ ဆိုင်ကယ်မောင်းသမားနဲ့ ဆိုင်ကယ်ကို ကျန်းမာရေးဝန်ထမ်းက ကလိုရင်းရည်တွေနဲ့ အပြေးအလွှား လိုက်ဖျန်းပေးခဲ့ပါတယ်။
လူနာတင်ယာဉ်လည်း မရှိတာကြောင့် လူတွေဟာ ဆိုင်ကယ်တွေနဲ့ပဲ အဆင်ပြေအောင် လုပ်နေကြရတယ်လို့ ကျန်းမာရေးဝန်ထမ်း ဒီယူဒွန်နီ ဆီဇာဘိုက AFP ကို ပြောပါတယ်။ ဆေးရုံကယာယီလူနာခွဲထားမယ့် စင်တာတခုကို ဖွင့်လှစ်ထားပေမဲ့ အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာတွေ ရောက်လာဖို့ကိုတော့ စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။
Ref – CNA