ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်လို့ သဘောတူညီချက် ရနေပြီဆိုတဲ့ သတင်းကို ထရမ့်ငြင်းဆို

အဆိုပါ သတင်းမှာတော့ အီရန်နဲ့ အိုမန်တို့ ပူးတွဲပြီး ရေကြောင်းသွားလာမှုကို စီမံခန့်ခွဲဖို့နဲ့ တလအတွင်းမှာ ကုန်သွယ်ရေးသင်္ဘောသွားလာမှုကို စစ်မဖြစ်ခင်က အခြေအနေအတိုင်း ပြန်ဖြစ်အောင်လုပ်ဖို့ သဘောတူညီချက်မူကြမ်းကို ရရှိထားတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

၂၈၊ မေ။

 

ဟော်မုဇ်ရေကြောင်းလမ်းကနေ ကုန်သွယ်ရေးသင်္ဘောတွေ ပြန်သွားလာနိုင်ဖို့ သဘောတူညီချက်ရနေပြီဆိုတဲ့ အီရန်ရဲ့ သတင်းထုတ်ပြန်ချက်ကို သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချလိုက်ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်စစ်တပ်က နောက်ထပ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

 

ဟော်မုဇ်ရေလက်ကြားက အမေရိကန်တပ်ဖွဲ့တွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ခြိမ်းခြောက်နေတဲ့ အီရန်ရဲ့ ဒရုန်းလှုပ်ရှားမှုတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ အမေရိကန်အရာရှိတဦးက ပြောပါတယ်။

 

စစ်ဆင်ရေးတွေအကြောင်း ပွင့်ပွင့်လင်းလင်းပြောနိုင်ဖို့ နာမည်မဖော်ပြဖို့ တောင်းဆိုထားတဲ့ အမေရိကန်အရာရှိက ဗုဒ္ဓဟူးနေ့မှာ ရိုက်တာသတင်းဌာနကို အဆိုပါတိုက်ခိုက်မှုအကြောင်းကို ပြောခဲ့တာပါ။

 

စစ်တပ်က အီရန်ရဲ့ တိုက်ခိုက်ရေးဒရုန်း လေးစင်းကို ပစ်ချခဲ့ပြီး ပဉ္စမမြောက်ဒရုန်းကို လွှတ်တင်ဖို့လုပ်နေတဲ့ ဘန်ဒါအာဘတ်စ်ဆိပ်ကမ်းမြို့က မြေပြင်ထိန်းချုပ်ရေး စခန်းတခုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေးကတော့ ဧပြီလအစောပိုင်းမှာ စတင်အသက်ဝင်ခဲ့တာဖြစ်ပါတယ်။

 

“ဒီလုပ်ရပ်တွေက အတိုင်းအတာတခုအထိပဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လုံးဝခုခံကာကွယ်တဲ့ သဘောပါပဲ၊ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တာပါ” လို့ အဆိုပါ အရာရှိက ပြောပါတယ်။

 

အီရန်ရဲ့ Tasnim သတင်းဌာနကတော့ စစ်ဘက်ဆိုင်ရာ သတင်းမြစ်တခုကို ကိုးကားပြီး ပြောရာမှာ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့က ရေလက်ကြားကို ဖြတ်သန်းဖို့ ကြိုးစားနေတဲ့ အမေရိကန် ရေနံတင်သင်္ဘောတစင်းကို လှည့်ပြန်သွားအောင် ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ပြောပါတယ်။

 

အဲဒီနောက်မှာ အမေရိကန်စစ်တပ်က ဘန်ဒါအာဘတ်စ်မြို့ ပတ်ဝန်းကျင်က ကွင်းပြင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ပျက်စီးဆုံးရှုံးတာမျိုး မရှိဘူးလို့ အဆိုပါ သတင်းအရင်းအမြစ်က ပြောပါတယ်။

 

အမေရိကန်စစ်တပ်ဟာ တနင်္လာနေ့တုန်းကလည်း အီရန်တောင်ပိုင်းကို တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။ဒါကို အမေရိကန်ဘက်က ခုခံကာကွယ်တဲ့ လုပ်ရပ်လို့ ပြောပေမဲ့ အီရန်ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကိုဆိုးဆိုးရွားရွား ချိုးဖောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဗုဒ္ဓဟူးနေ့မှာ ငါးရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့တဲ့ ရေနံစျေးနှုန်းတွေဟာ ရိုက်တာသတင်းဌာနက အမေရိကန်ရဲ့ တိုက်ခိုက်မှုအသစ်တွေကို ဖော်ပြခဲ့ပြီးနောက်မှာ ပြန်တက်လာပါတယ်။ ကြာသပတေးနေ့ အာရှစျေးကွက်အစောပိုင်း အရောင်းအဝယ်မှာ အမေရိကန် ရေနံစိမ်းကြိုပွိုင့်စျေးနှုန်းတွေဟာ ၂ ရာခိုင်နှုန်းနီးပါး တက်လာပြီးတစည်ကို ၉၀.၃၈ ဒေါ်လာအထိ ရောက်ရှိသွားပါတယ်။

 

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးကတည်းကတရက်ကို ပျမ်းမျှသင်္ဘောဖြတ်သန်းမှု အရေအတွက်ဟာ ၈၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့က မီဒီယာတွေတက်ရောက်ခဲ့တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ထရမ့်က အီရန်နိုင်ငံပိုင် တီဗီရဲ့ သတင်းထုတ်ပြန်ချက်ကို ပယ်ချလိုက်ပါတယ်။

 

အဆိုပါ သတင်းမှာတော့ အီရန်နဲ့ အိုမန်တို့ ပူးတွဲပြီး ရေကြောင်းသွားလာမှုကို စီမံခန့်ခွဲဖို့နဲ့ တလအတွင်းမှာ ကုန်သွယ်ရေးသင်္ဘောသွားလာမှုကို စစ်မဖြစ်ခင်က အခြေအနေအတိုင်း ပြန်ဖြစ်အောင်လုပ်ဖို့ သဘောတူညီချက်မူကြမ်းကို ရရှိထားတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

ရေကြောင်းလမ်းကို ဘယ်နိုင်ငံတနိုင်ငံတည်းကမှ ထိန်းချုပ်ခွင့်ရမှာ မဟုတ်ဘူးလို့ ထရမ့်က ပြောခဲ့ပြီး အမေရိကန်နဲ့ ဆယ်စုနှစ်ပေါင်းများစွာ စစ်ရေး၊ စီးပွားရေးအရ ဆက်ဆံရေးရှိခဲ့တဲ့ အိုမန်နိုင်ငံကို ခြိမ်းခြောက်တဲ့ပုံစံမျိုးလည်း ပြောဆိုခဲ့ပါတယ်။

 

“ဒီရေလက်ကြားကို ဘယ်သူမှ ထိန်းချုပ်ခွင့်ရမှာ မဟုတ်ပါဘူး” လို့ ထရမ့်က ပြောပါတယ်။ “ဒါက နိုင်ငံတကာရေပိုင်နက် ဖြစ်ပါတယ်၊ အိုမန်ကလည်း တခြားသူတွေလိုပဲ စည်းကမ်းတကျ နေရပါလိမ့်မယ်။ မဟုတ်ရင်တော့ သူတို့ကို ဖျက်ဆီးပစ်ရလိမ့်မယ်။ ဒါကို သူတို့ နားလည်ပါတယ်၊ အဆင်ပြေသွားမှာပါ” လို့ ဆိုပါတယ်။

 

အဆိုပါ အခြေအနေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အိမ်ဖြူတော်နဲ့ ဝါရှင်တန်မှာရှိတဲ့ အိုမန်သံရုံးတို့က ချက်ချင်း တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဘူး။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနကတော့ ရေလက်ကြားဖြတ်သန်းမှုကို စီမံခန့်ခွဲဖို့ ဖွဲ့စည်းထားတဲ့ အီရန်အဖွဲ့အစည်းဖြစ်တဲ့ ပါရှန်ပင်လယ်ကွေ့ ရေလက်ကြား အာဏာပိုင်အဖွဲ့ကို အမေရိကန်အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်နေတဲ့ ပိတ်ဆို့အရေးယူမှု စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ပွဲအဆုံးသတ်ဖို့ ကနဦးသဘောတူညီချက်ရလုနီးပြီလို့ အိမ်ဖြူတော်ဘက်က အရိပ်အမြွက် ပြောခဲ့တာတွေရှိပေမဲ့ နှစ်နိုင်ငံကြား သဘောထားတွေကတော့ အလှမ်းဝေးနေဆဲပဲဆိုတာကို ပြသနေပါတယ်။

Ref – Reuters