ဝမ်းရေးခက်လှပါရဲ့ပြည်သူတွေ

၂၇၊မေ

 

“မြန်မာနိုင်ငံမှာလူဦးရေ ၁၂ ဒဿမ ၄ သန်း ကဆာလောင်မွတ်သိပ်မှုဒဏ်ကို လတ်တလောရင်ဆိုင်နေရပါတယ်”

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ဥရောပသမဂ္ဂ (EU) တို့ရဲ့ပြီးခဲ့တဲ့ မေလ ၁၈ ရက် ပူးတွဲ ထုတ်ပြန်ချက်ပါ။

 

လူဦးရေ ၄ ယောက်မှာ ၁ ယောက်နှုန်း စားနပ်ရိက္ခာ မဖူလုံမှုကို ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ပဋိပက္ခဒဏ် ခံစားနေရတဲ့ ပြည်သူတွေက လက်တလော ကမ္ဘာ. နိုင်ငံရေး အခြေအနေဂယက် လောင်စာဆီစျေးနှုန်း မြင့်တက်မှု၊ရာသီဥတု အခြေအနေတို့နဲ့ နောက်ဆက်တွဲ ကုန်စျေးနှုန်း မြင့်တက်လာမှုကြောင့် ထမင်းတနပ်အတွက် ရုန်းကန်နေကြရတာဆိုလည်း မမှားပါဘူး။

 

အဲဒီအထဲကမှ လခစားဝန်ထမ်း လူတန်းစားတရပ်အကြောင်းကို ရွေးချယ်မီးမောင်း ထိုးပြချင်ပါတယ်။ သူတို့ကတော့ နိုင်ငံတခုရဲ့ အနာဂါတ်ဖြစ်တဲ့ ကလေးသူငယ်တွေရဲ့  ပဲ့ကိုင်ရှင်လို့ တင်စားကြတဲ့ အခြေခံပညာရေး ဆရာ၊ဆရာမတွေပဲ ဖြစ်ပါတယ်။

 

၂၀၂၁ နှစ်ဆန်းပိုင်းက ဌာနဆိုင်ရာ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံမှာ ပညာရေးဝန်ထမ်းဦးရေ သုံးသိန်းခွဲ အထက်ရှိပါတယ်။ CDMပြုလုပ်ထားတဲ့ ဝန်ထမ်းအရေအတွက်ကို ထည့်နှုတ်လိုက်မယ်ဆိုရင်တော့ ဆရာ၊ဆရာမတွေ အပါအဝင် ပညာရေးဝန်ထမ်း အရေအတွက်က လက်ရှိမှာ သုံးသိန်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

 

အခုဆောင်းပါးကတော့ အခြေခံပညာ ဝန်ထမ်းအားလုံးကို ဆိုလိုတာမဟုတ်ဘဲ မိသားစုဦးရေ များပြားတာ၊ တာဝန်တွေကြောင့် အပိုဝင်ငွေမရှာနိုင်ဘဲ ရပ်တည်နိုင်ဖို့ ခက်ခဲတာစတဲ့ ဆရာ၊ဆရာမ မိသားစုတွေကို အဓိက ရည်ညွန်းထားတာ ဖြစ်ပါတယ်။

 

ဥပမာတခုကို ကြည့်ကြရအောင်ပါ။

ဒေါ်မူမူက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ မြို့လေးတခုက မူလတန်းပြဆရာမ တဦးပါ။သူတို့မြို့ကနေ တာဝန်ကျရာ ကျေးရွာက ကျောင်းကို အသွားအပြန် ၁၂မိုင်ကျော် ကွာဝေးပြီး တရက်ဆိုင်ကယ်ဆီဖိုး သုံးထောင်ကျပ် အနည်းဆုံး ကုန်ကျပါတယ်။

သူ့မှာ သားသမီးနှစ်ဦးရှိပြီး မူလတန်းနဲ့ အလယ်တန်း ကျောင်းသား၊ကျောင်းသူတွေပါ။ဒါ့အပြင် လေဖြတ်ပြီး ကိုယ်တခြမ်းသေနေတဲ့ အသက်၇၀ ကျော်အရွယ် ဖခင်ကိုပါ ပြုစုစောင့်ရှောက် နေရတာဖြစ်ပါတယ်။ သူ့ခင်ပွန်းကတော့ ကိုဗစ်ကာလကတည်းက အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီး လက်ရှိကာလမှာလည်း ကြုံရာကျပန်း လုပ်ကိုင်နေရတာပါ။

 

နေ့စဥ် စားဝတ်နေရေး၊ဖခင်ဆေးဖိုးနဲ့ သားသမီးနှစ်ဦးရဲ့ ကျောင်းစရိတ်တွေကြောင့် အခက်အခဲ ဖြစ်လာတဲ့အခါမှာတော့ ဒေါ်မူမူက သူတက်ကျွမ်းတဲ့ တခြားအသက်မွေးဝမ်းကျောင်းပညာနဲ့ အပိုဝင်ငွေ ရှာရပါတော့တယ်။

 

“ကျွန်မတို့ ရွာကျောင်းတွေက ကျူရှင်လည်း မရှိဘူးလေ၊ အပိုရအောင် အားတဲ့အချိန် စက်ချုပ်တယ်”

ဒါပေမယ့် ဒေါ်မူမူတို့လို ကျောင်းဆရာမတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေလည်း ရှိနေပြန်ပါတယ်။ အားလပ်ရက်မှာပါ အနားမနေရဘဲ တာဝန်ဆောင်ရွက်နေရတာပါ။

“သင်တန်းတခုပြီးတခု၊မဲစာရင်း၊ဂျူတီစောင့်ရတာနဲ့ မအားရဘူး”

 

အဲဒီလို အပိုတာဝန်တွေ ဆောင်ရွက်ရပြီဆိုရင် အိမ်စရိတ်မရှာနိုင်လို့ အခက်တွေ့ရတယ်လို့သူကဆိုပါတယ်။

ဒေါ်မူမူအပြင် စားဝတ်နေရေး အခက်အခဲ၊ စားနပ်ရိက္ခာမဖူလုံမှုတွေနဲ့ ကြုံတွေ့နေရတဲ့ ပညာရေးဝန်ထမ်းတွေမှာ ပဋိပက္ခဒေသက ဆရာ၊ဆရာမတွေလည်း ပါဝင်ပါတယ်။

 

ဒေါ်ယဥ်ကျော ကတော့ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်က အလယ်တန်းပြ ဆရာမတဦးပါ။ စစ်အာဏာသိမ်းပြီး လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီး နောက်မှာတော့ သူက ရန်ကုန်ဆင်ခြေဖုံး မြို့နယ်တခုကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်နေတာပါ။ လက်ရှိမှာတော့ သူက ပင်စင်စား မိဘနှစ်ဦး၊ သက်ကြီးရွယ်အိုအဖွားတို့အပါအဝင် စစ်ဘေးရှောင် ဆွေမျိုးဆယ်ဦးနဲ့ အတူ တိုက်ခန်းကျဥ်းတခုမှာ ငှားရမ်းနေထိုင် နေရတာ ဖြစ်ပါတယ်။

 

နေရာသစ်မှာ နေသားမကျတဲ့အပြင် လစာနဲ့မိသားစုစရိတ် မလုံလောက်လို့ ကျောင်းချိန်ပြင်ပမှာ ဆွေမျိုးတွေနဲ့ အတူ စျေးရောင်းရင်း အပိုဝင်ငွေ ရှာရတယ်လို့ သူကဆိုပါတယ်။

“ကျောင်းက နေ့တပိုင်းဆိုတော့ ကျောင်းဆင်းရင် ပန်းတို့ ဟင်းသီးဟင်းရွက်တို့ ရောင်းရတယ်”



ဒါတွေကတော့ သာဓကပြချင်တဲ့ ဆရာမတချို့ရဲ့ ရင်ဖွင့်သံတွေပဲ ဖြစ်ပါတယ်။

အခုတခါ လက်ရှိကာလ အခြေခံပညာဆရာ၊ဆရာမတွေရဲ့ လစာကို တချက်လေ့လာ ကြည့်ရအောင်ပါ။

မူလတန်းပြ ဆရာမတဦးရဲ့ အခြေခံလစာက တစ်သိန်းကိုးသောင်းနီးပါး ရရှိပါတယ်။ ရှားပါးစရိတ် ထောက်ပံငွေ အပါဆိုရင် နှစ်သိန်းခုနှစ်သောင်းကျော် ရရှိမှာပါ။အပိုဝင်ငွေ မရှိဘူးဆိုရင် သူတို့လစာကို လက်ရှိကုန်စျေးနှုန်းနဲ့ နှိုင်းယှဥ်ကြည့်ကြပါစို့။ ပြီးခဲ့တဲ့ လပိုင်းကစလို့ နိုင်ငံအဝှမ်းမှာ အခြေခံစားသောက်ကုန် စျေးနှုန်းတွေက တရိပ်ရိပ် မြင့်တက်လာနေတာပါ။ အခုဖော်ပြထားတဲ ကုန်စျေးနှုန်းတွေကတော့ ရန်ကုန်အပါအဝင် အာဏာသိမ်းစစ်တပ် ထိန်းချုပ်ဒေသတွေက အခြေခံ စျေးနှုန်းတွေ ဖြစ်ပါတယ်။ ပဋိပက္ခဒေသတွေမှာတော့ ဒီထက်ပိုမိုပြီး စျေးနှုန်းမြင့်မား နိုင်ပါတယ်။

 

ရန်ကုန်မြို့ရဲ့ လက်ရှိကုန်စျေးနှုန်းတွေကို လေလာကြည့်ကြ ရအောင်ပါ။ ဆန်ကြမ်းတပြည် အနိမ့်ဆုံးစျေးနှုန်းက လေးထောင်ကျပ် ဖြစ်ပါတယ်။ စားဆီတပိဿာကို တစ်သောင်းခြောက်ထောင်  ၊ ကန်စွန်းရွက် တစည်းငါးရာကျပ် အထက်နဲ့ ကြက်ဥတလုံး ခြောက်ရာဝန်းကျင် ရှိနေတာပါ။

ဒီကုန်စျေးနှုန်းတွေက လွန်ခဲ့တဲ့ ငါးနှစ်လောက်ကနဲ့ နှိုင်းယှဥ်ရင် လေးဆထက်မနည်း ခုန်တက်သွားတာ ဖြစ်ပါတယ်။

“လစာတိုးတာက မဖြစ်စလောက်၊ စျေးတက်တာက များများ၊တက်ပြီးလည်း ပြန်မကျ”လို့ ဒေါ်ယဥ်ကျော့က ဆိုပါတယ်။အခြေခံပညာ ဆရာမငါးဦးကို မေးမြန်းကြည့်တဲ့ အခါမှာတော့ မိသားစုဝင် လေးဦးနဲ့အထက် ရှိတဲ့သူတို့မှာ နေ့စဥ်တရက်စျေးဖိုး တသောင်းဝန်းကျင် ကုန်ကျပြီး ဆန်၊ဆီ၊ဆား၊ ကလေးစရိတ်၊ ကျန်းမာရေး နဲ့ မီတာဖိုးစတာတွေ မပါသေးဘူးလို့ ဆိုကြပါတယ်။

 

“ဒါတောင် ပဲပြုတ်၊ကန်းစွန်းရွက်၊ကြက်ဥ၊ငပိရည်ချာလည်စားနေလို့” လို့ဒေါ်မူမူကရင်ဖွင့်ပါတယ်။

 ဒါကြောင့် အိမ်ထောင်ဖက် ဝင်ငွေမကောင်းရင်၊အပိုဝင်ငွေ မရှာနိုင်ရင် နေ့စဥ် စားသောက်ဖို့က ရင်မောရတယ်လို့ အထက်ကဆရာမတွေက ပြောပါတယ်။

 

၂၀၀၀ ခုနှစ် မတိုင်မီ ကာလတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အခြေခံပညာ ဆရာမတချို့ကတော့ လက်ရှိဆရာ၊ဆရာမတွေ အခြေအနေက သူတို့ခေတ်ကာလနဲ့ မတူညီဘဲ ကုန်စျးနှုန်းကြောင့် ပိုမိုရုန်းကန်နေရတယ်လို့ ပြောပါတယ်။

 

၁၉၈၅ ခုနှစ် ဝန်းကျင်မှာ မူလတန်းပြအဖြစ် စတာဝန်ထမ်းဆောင်ခဲ့တဲ့ ပဲခူးတိုင်းအရှေ့ခြမ်း မြို့တမြို့က ဆရာမတဦးကတော့ သူ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

 

“တို့စဝင်တုန်းက မူပြလယ်ပြမှ သုံးရာ(ကျပ်)လောက်ပဲ ရတာ၊ ဒါပေမယ့် လောက်ငှတယ်၊ မိသားစုများရင်တော့ ခြိုးခြံရတာ ရှိတာပေါ့”

လက်ရှိမှာ CDMပြုလုပ်ထားတဲ့ မွန်ပြည်နယ်က အလယ်တန်းပြ ဆရာမတဦးကတော့ ၁၉၉၀ခုနှစ်ကျော် ကာလမှာ စတင်တာဝန်ထမ်းဆောင်ခဲ့သူပါ။ အရင်ကာလတွေမှာ အခုခေတ်လို အပိုတာဝန်တွေမရှိဘဲ စီစစ်သုံးစွဲရင် လစာနဲ့လောက်ငှတယ်လို့ သူကပြောပါတယ်။

 

“သင်တန်းဆိုလည်း ဖောင်ကြီးလောက်ပဲ ရှိတာ၊ လစာကလည်း လောက်တယ်၊ အမေစုလက်ထက်ကပဲကြည့် ကြက်ဥတလုံးမှ တရာလောက်ပဲရှိတာ”

ဒီတခေါက်မှာတော့ ဦးညီလို့ အတိုကောက် နာမည်ပေးထားတဲ့ ရန်ကုန်နဲ့ဧရာဝတီတိုင်းအစပ် ကျေးရွာတခုက မူလတန်းပြ ဆရာတဦးအကြောင်းကို ဖော်ပြချင်ပါတယ်။

သူက အိမ်ထောင်မရှိပေမယ့် အသက်၆၀ ကျော် မိခင်နဲ့ အထက်တန်းနဲ့ အလယ်တန်း ညီ၊ညီမနှစ်ဦးကို စောင့်ရှောက်နေရသူပါ။

သူ့ကို လစာနဲ့ ဘယ်လိုရပ်တည်နေလဲ မေးမြန်းတဲ့အခါတော့ အခုလို ရယ်မောပြီး ရှင်းပြခဲ့ပါတယ်။

 

“လစာနဲ့ဆို ငတ်နေပြီ၊ ဆိုင်ကယ်ပွဲစား လုပ်တယ်၊ကုန်ကုန်ပြောရင် နှစ်လုံးတောင် ရောင်းဖူးတယ်”

ဒါတွေကတော့ စားနပ်ရိက္ခာ မဖူလုံမှုနဲ့အတူ နေ့စဥ်အခက်အခဲတွေ ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေထဲက လူတန်းစား တရပ်အကြောင်းကို ကောက်နှုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တကယ်တမ်း လက်တွေ့ဘဝမှာလည်း ပညာရေးဝန်ထမ်းတွေအပြင် ပြည်သူအားလုံးနီးပါးက စားဝတ်နေရေး အခက်အခဲ ၊ စားနပ်ရိက္ခာ အကျပ်အတည်းတွေနဲ့ နေ့စဥ်ရင်မော နေကြရတာ မငြင်းနိုင်ပါဘူး။

WFPကတော့ မြန်မာပြည်သူ ပြည်သားတွေက လက်ရှိအချိန်မှာ ဆိုးရွားတဲ့ ဝမ်းရေးဒုက္ခကို ရင်ဆိုင်နေကြရပြီး မိခင်တွေကလည်း ကျန်းမာရေးအတွက် လုံလောက်တဲ့ အစားအစာများကို ဝယ်ယူစားသုံးနိုင်ခြင်း မရှိကြဘဲ ကလေးငယ် ထောင်ပေါင်းများစွာ အာဟာရ ချို့တဲ့မှုကို ခံစားနေရတယ်လို့ အသိပေးထားပါတယ်။

 

မိခင်နဲ့ ကလေးသူငယ် ၄၀၀,၀၀၀ ကျော်ကလည်း လတ်တလော အဟာရ ချို့တဲ့မှုကို ခံစားနေကြရပြီး ထမင်းဖြူ သီးသန့် သို့မဟုတ် ဆန်ပြုတ်အရည်ကျဲကိုသာ အားပြု စားသောက်နေရတယ်လို့ WFP ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒီဖြစ်စဥ်တွေက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဆာလောင်မွတ်သိပ်မှု အကျပ်အတည်းတွေထဲက တခုဖြစ်ပြီး ကမ္ဘာ့အလယ်မှာ လူမသိသူမသိ မဖြစ်သင့်ဘူးလို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်က သတိပေး ပြောကြားခဲ့ပါတယ်။