
“အုပ်ဟောင်းတွေလည်း ဝင်ပြိုင်ကြတယ်။အုပ်ဟောင်းရဲ့ပါတနာတွေလည်းဝင်ရွေးကြတယ် ။ အုပ်ဟောင်းနားကပ်ပြီး စားနေရတဲ့ လူတွေကတော့ ရှိနေတာပေါ့”
၂၁၊ မေ။
ဧရာ၀တီတိုင်းအတွင်းမှာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ ပြန်ရွေးနေချိန်မှာ အုပ်ချုပ်ရေးမှူးဟောင်းတွေက သူတို့ရာထူးပြန်ရဖို့ အထက်အရာရှိတွေကို လာဘ်ထိုးတာ၊ ပြည်သူတွေကို ခြိမ်းခြောက်တာ၊ ရွေးချယ်ရေး ကြီးကြပ်အဖွဲ့မှာ ကိုယ့်ဩဇာညောင်းမယ့်သူကို ထဲ့သွင်းတာ စသဖြင့် ကြိုးစားနေကြပါတယ်။တတိုင်းလုံး အတိုင်းအတာနဲ့ အုပ်ချုပ်ရေးမှူးတွေကို မနက်ဖြန် မေလ ၂၃ ရက်နေ့မှာ ရွေးကြတော့မှာ ဖြစ်ပါတယ်။
“စစ်မှုထမ်းကြေး၊ လောင်းကစားကြေးတွေနဲ့ သူဌေးဖြစ်သွားတဲ့ကောင်တွေ စားကွက်ပျောက်မှာစိုးပြီး ဟိုပြေးကပ် ဒီပြေးကပ်လုပ်နေကြတယ်။ ဒီကောင်တွေကို ပြန်မဖြစ်စေချင်တော့ဘူး။ ထပ်ဖြစ်ရင် ဒုက္ခ ပိုရောက်ကြမှာ” လို့ ဧရာ၀တီတိုင်း ငပုတောမြို့နယ် ဒေါင့်ကြီးကျေးရွာအုပ်စုမှ ကိုရဲ(အမည်လွှဲ)က ပြောပါတယ်။
အဲဒီလို အုပ်ချုပ်ရေးမှူးအသစ်ခန့်တဲ့အခါ သူတို့ပြန်ခန့်အပ်ခံရဖို့အရေး မြို့နယ်အုပ်ချုပ်ရေးမှူးအပါအ၀င် နီးစပ်ရာ စစ်တပ်အရာရှိတွေကို ငွေပေးနေကြတာလို့ ဒေသခံတွေက ပြောကြပါတယ်။ဒါ့အပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး အသစ်တွေ ခန့်အပ်ဖို့အတွက် ရွေးချယ်ရေးကြီးကြပ်ရေးအဖွဲ့ကို ဖွဲ့ရတာဖြစ်ပြီး အချို့(လက်ရှိ) အုပ်ချုပ်ရေးမှူးတွေကတော့ အဲဒီကြီးကြပ်ရေးအဖွဲ့မှာ သူ့ကို ထောက်ခံရွေးချယ်ပေးမယ့်သူတွေကို ရွေးထည့်နေတယ်လို့ သိရပါတယ်။
မြောင်းမြမြို့ပေါ်ရပ်ကွက်တွေမှာလည်း အုပ်ချုပ်ရေးမှူးဟောင်းတွေက နောက်တကြိမ် အရွေးခံရဖို့ ကြိုးစားနေကြတယ်လို့ မြရတနာရပ်ကွက်မှ အသက်၄၀ ရွယ် ကိုကျော်ကျော်( အမည်လွှဲ)က ပြောပါတယ်။
“အုပ်ဟောင်းတွေလည်း ဝင်ပြိုင်ကြတယ်။အုပ်ဟောင်းရဲ့ပါတနာတွေလည်းဝင်ရွေးကြတယ် ။ အုပ်ဟောင်းနားကပ်ပြီး စားနေရတဲ့ လူတွေကတော့ ရှိနေတာပေါ့ ။ ကိုယ့်မိသားစုနေလို့ မလုံခြုံတဲ့ဘဝတွေကတော့ အသစ်အုပ်ကြီးကိုပဲ ကြိုက်ကြမယ်လေ”လို့ ကိုကျော်ကျော်က ဆိုပါတယ်။
ဒီရက်ပိုင်းတွေ အတွင်းမှာ ကြီးကြပ်ရေး ၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူး ကနေ အဆင့်ဆင့် ရွေးချယ်နေကြပြီး မနက်ဖြန်မှာ အုပ်ချုပ်ရေးမှူးတွေကို ရွေးချယ်တော့မှာ ဖြစ်ပါတယ်။
စည်းကမ်းချက်တွေအရ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးတွေမှာ ပြည့်စုံရမယ့် အချက်တွေ အဖြစ် သင့်တင့်တဲ့ အတန်းပညာရေး ပြည့်စုံသူ ဖြစ်ရမယ် ၊ ရပ်ရွာက ကြည်ညိုလေးစားပြီး သမာဓိသက္ခာရှိသူ ဖြစ်ရမယ် ၊ အတူနေမိသားစုတွေကလည်း အကျင့်စာရိတ္တကောင်းမွန် ရိုးဖြောင့်သူတွေ ဖြစ်ရမယ် စသဖြင့် ပါဝင်ပါတယ်။
ဒါပေမယ့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အများစုဟာ စစ်မှုထမ်းကြေးလို့ဆိုပြီး ရွာသားတွေဆီကနေ ကျပ်သိန်းကျော်ထိ ကောက်ခံတာ ၊ ထောက်ခံစာ အမျိုးမျိုးအတွက် ပိုက်ဆံတောင်းခံတာ၊ ဧည့်စာရင်းအတွက် ပိုက်ဆံတောင်းခံတာ စသဖြင့် ရှိနေပြီး အချို့ရွာတွေမှာဆိုရင် အုပ်ချုပ်ရေးနဲ့ ရဲ ပေါင်းကာ လောင်းကစားဝိုင်းထောင် ဆက်ကြေးကောက်တာတွေလည်း ရှိနေပါတယ်။
ဒါကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာအများစုမှာ အုပ်ချုပ်ရေးမှူးတွေဟာ လုပ်ပိုင်ခွင့်နဲ့အတူ ငွေကြေးချမ်းသာနေကြပြီး နောက်ထပ်တကြိမ် အုပ်ချုပ်ရေးမှူး ဖြစ်ရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။