အီရန်ငြိမ်းချမ်းရေးသဘောတူညီချက် မှန်ကန်တဲ့အဖြေရဖို့ ရက်ပိုင်းလောက် စောင့်ဆိုင်းဖို့ ဆန္ဒရှိတယ်လို့ ထရမ့်ပြော

ထရမ့်ကတော့ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မပေးဘူးဆိုတဲ့ သူ့ရဲ့ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ထပ်လောင်းပြောဆိုထားပါတယ်။

 

၂၁၊ မေ။

 

အီရန်ဘက်က ငြိမ်းချမ်းရေးသဘောတူညီချက်ကို သဘောမတူရင် နောက်ထပ်တိုက်ခိုက်မှုတွေ ဆက်လုပ်ဖို့ အမေရိကန်ကအသင့်ရှိနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။

 

ဒါပေမဲ့ မှန်ကန်တဲ့အဖြေတွေ ရဖို့အတွက် ဝါရှင်တန်အနေနဲ့ ရက်ပိုင်းလောက် စောင့်ဆိုင်းနိုင်တယ်လို့လည်း သူက အရိပ်အမြွက်ပြောပါတယ်။

သတင်းထောက်တွေကို ပြောကြားရာမှာတော့ အခြေအနေက အတိမ်းအစောင်းမခံတဲ့ စည်းပေါ်မှာ ရောက်နေတာဖြစ်လို့ အလျင်အမြန် ပြင်းထန်လာနိုင်တယ်လို့ ထရမ့်က ဆိုပါတယ်။

 

သူ့ရဲ့ Operation Epic Fury ကို အပစ်အခတ်ရပ်စဲရေးအတွက် ခေတ္တရပ်ဆိုင်းခဲ့ပြီး ခြောက်ပတ်အကြာမှာ စစ်ပွဲအဆုံးသတ်ဖို့ဆွေးနွေးမှုတွေက တိုးတက်မှု သိပ်မရှိလှပါဘူး။

တဘက်မှာလည်း ထိုးတက်နေတဲ့ ဓာတ်ဆီဈေးနှုန်းတွေကြောင့် သမ္မတအပေါ်လူထုထောက်ခံမှုနှုန်း ကျဆင်းလာနေပါတယ်။

 

“ကျုပ်ကိုယုံလိုက်၊ တကယ်လို့ ကျုပ်တို့ လိုချင်တဲ့အဖြေ မရရင်တော့ အရာရာက အမြန်ဆုံး ဖြစ်ပျက်သွားလိမ့်မယ်။ ကျုပ်တို့အားလုံး အသင့်ပြင်ထားပြီးသားပါ”လို့ Joint Base Andrews လေတပ်စခန်းမှာ သူက ပြောခဲ့ပါတယ်။

ဘယ်လောက်ကြာကြာစောင့်မလဲလို့ မေးတဲ့အခါမှာတော့ “ရက်ပိုင်းလောက်လည်း ဖြစ်နိုင်သလို၊ ချက်ချင်းလက်ငင်းလည်း ဖြစ်သွားနိုင်တယ်” လို့ ထရမ့်က ဖြေပါတယ်။

 

အီရန်ဘက်ကလည်း ထပ်မံတိုက်ခိုက်လာမယ့်အရေးကို သတိပေးလိုက်ပါတယ်။

တကယ်လို့ အီရန်အပေါ် ကျူးကျော်မှု ထပ်ဖြစ်လာရင် ဒီတကြိမ်မှာ ကတိပြုထားတဲ့ ဒေသတွင်းစစ်ပွဲက ဒေသအပြင်ဘက်အထိပါ ကူးစက်သွားလိမ့်မယ်လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ထရမ့်ကတော့ အီရန်ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မပေးဘူးဆိုတဲ့ သူ့ရဲ့ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ထပ်လောင်းပြောဆိုထားပါတယ်။

 

“ကျုပ်တို့ အီရန်နဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ။ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပဲ။ သဘောတူညီချက်တခု ရရင်ရ၊ မရရင်တော့ နည်းနည်းဆိုးရွားတဲ့ အရာအချို့ကို ကျုပ်တို့ လုပ်ရလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်ဖို့တော့ မျှော်လင့်ပါတယ်”လို့ ထရမ့်က အဲဒီနေ့ အစောပိုင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

 

“လူအများကြီး သေတာထက်စာရင် လူအနည်းအကျဉ်းပဲ သေတာကို ကျုပ် ပိုမြင်ချင်တာပေါ့။ ဘယ်လမ်းကိုပဲဖြစ်ဖြစ် ကျုပ်တို့ရွေးလို့ရတယ်” လို့လည်း ဆိုပါတယ်။

 

သူဟာ တူရကီသမ္မတ တိုင်ယစ်ပ်အာဒိုဂန်နဲ့ စကားပြောခဲ့ပြီး အာဒိုဂန်က အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးတာကို ကြိုဆိုခဲ့သလို ကျိုးကြောင်းဆီလျော်တဲ့ အဖြေတခု ရနိုင်လိမ့်မယ်လို့ ထရမ့်ကို ပြောခဲ့ကြောင်း တူရကီအစိုးရဘက်က ဆိုပါတယ်။

 

အီရန်ရဲ့ ထိပ်တန်းငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကီယာ ကာလီဘတ်ဖ်ကတော့ လူမှုကွန်ရက်ပေါ်က အသံဖိုင်တခုမှာ ရန်သူရဲ့ ထင်သာမြင်သာရှိတဲ့ လှုပ်ရှားမှုတွေနဲ့ မမြင်ရတဲ့ လှုပ်ရှားမှုတွေက အမေရိကန်တွေနောက်ထပ်တိုက်ခိုက်မှုတွေအတွက် ပြင်ဆင်နေတာကို ပြသနေတယ်လို့ ပြောကြားထားပါတယ်။

 

အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်ကလည်း တီဟီရန်အနေနဲ့ ဆွေးနွေးပွဲတွေအတွက် တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပြောပေမဲ့အဓမ္မဖိအားပေးပြီး အီရန်ကို လက်နက်ချခိုင်းဖို့ ကြိုးစားတာက စိတ်ကူးယဉ်မှုသက်သက်ပဲလို့ X လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။

Ref – Reuters