ထရမ့်ပြန်သွားပြီး လေးရက်အကြာ ဘေဂျင်းကို ပူတင်လာမယ်

၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ကတည်းက တရုတ်ဟာ ရုရှားရဲ့ ပို့ကုန် လေးပုံတပုံကျော်ကို ဝယ်ယူပေးခဲ့ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ဒေါ်လာ ၃၆၇ ဘီလီယံဖိုးထက်မက ဝယ်ယူခဲ့ပါတယ်။

၁၉၊ မေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံကနေ ထွက်ခွာသွားခဲ့ပြီး လေးရက်အကြာမှာပဲ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ဒီနေ့ အင်္ဂါနေ့ညနေပိုင်းမှာ ဘေကျင်းမြို့ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ရုရှားခေါင်းဆောင်နှစ်ဦးကို တပတ်အတွင်း ဆက်တိုက် ဧည့်ခံတာမျိုးဟာ စစ်အေးတိုက်ပွဲလွန်ခေတ်မှာ အင်မတန် ရှားပါးတဲ့ ဖြစ်ရပ်ဖြစ်ပြီး ဒါဟာ ဘေကျင်းအနေနဲ့ ကမ္ဘာ့သံတမန်ရေးရာရဲ့ ဗဟိုချက်အဖြစ် လျင်လျင်မြန်မြန်ပေါ်ထွက်လာနေတာကို ပြသနေတယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်နေကြပါတယ်။

ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ပြုလုပ်မယ့် ရှီ-ပူတင် တွေ့ဆုံပွဲမှာ နှစ်နိုင်ငံကြားက ကွန်ရက်ထဲကို ကုဗမီတာ ၅၀ ဘီလီယံအထိ ထပ်မံဖြည့်တင်းပေးမယ့် Power of Siberia 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးရဲ့ ကဏ္ဍစုံကိုဆွေးနွေးကြဖို့ ရှိနေပါတယ်။

၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ကတည်းက တရုတ်ဟာ ရုရှားရဲ့ ပို့ကုန် လေးပုံတပုံကျော်ကို ဝယ်ယူပေးခဲ့ပြီး ရေနံနဲ့သဘာဝဓာတ်ငွေ့တွေကို ဒေါ်လာ ၃၆၇ ဘီလီယံဖိုးထက်မက ဝယ်ယူခဲ့ပါတယ်။

ရေနံစိမ်းအမြောက်အမြား ဝယ်ယူမှုဟာ မော်စကိုအတွက် စစ်စရိတ် ဒေါ်လာ ဘီလီယံပေါင်း ရာနဲ့ချီ ရရှိစေခဲ့သလို အရှေ့အလယ်ပိုင်း အကျပ်အတည်းကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုဖြစ်ချိန်မှာ တရုတ်အတွက်လည်း စွမ်းအင်လုံခြုံရေး ရရှိစေခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ပြုလုပ်ခဲ့တဲ့ အမေရိကန်-တရုတ် ထိပ်သီးဆွေးနွေးပွဲမှာ ကုန်သွယ်ရေး၊ ထိုင်ဝမ်အရေးနဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲကိုပဲ အဓိကထားခဲ့ပြီး ယူကရိန်းစစ်ပွဲအကြောင်းကို အလေးအနက် ထည့်သွင်းဆွေးနွေးခဲ့ခြင်း မရှိပါဘူး။

အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ ယူကရိန်းအရေးကို လုံးဝ ချန်လှပ်ထားခဲ့ပါတယ်။ ရှီကျင့်ဖျင်က ထိုင်ဝမ်အရေးကိုသေသေချာချာ မကိုင်တွယ်ရင် စစ်မီးတောက်နိုင်တယ်လို့ ထရမ့်ကို သတိပေးခဲ့ပါတယ်။

 

ထရမ့်ကတော့ ထိုင်ဝမ်ဆီ အမေရိကန်လက်နက်တွေ ပေးပို့မယ့် ဒေါ်လာ ဘီလီယံချီတန်တဲ့ သဘောတူညီချက်ကို အတည်ပြုမလားဆိုတာ မဆုံးဖြတ်ရသေးဘဲ ဘေကျင်းကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဝါရင့်သုတေသနတွေရဲ့ အဆိုအရ ရှီ-ပူတင် တွေ့ဆုံပွဲရဲ့ နောက်ကွယ်က တကယ့်အကြောင်းရင်းဟာ ထိုင်ဝမ်အရေး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နောင်တချိန် ထိုင်ဝမ်အရေးကြောင့် ပဋိပက္ခဖြစ်လာခဲ့ရင် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို ခံနိုင်ရည်ရှိအောင် ရုရှားဆီကနေ ရေနံနဲ့သဘာဝဓာတ်ငွေ့ ထောက်ပံ့မှု သေချာစေဖို့ ဘေကျင်းက ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ ဆိုနေကြပါတယ်။

Ref – The Guardian