
“တိုင်းတွေ၊ဗျူဟာတွေ၊တပ်ရင်း page တွေ ရှိတယ်လေ၊ ဒီ page ကနေ ချိတ်ဆက် ဆောင်ရွက်လို့ ရပါတယ်။ ရှေ့တန်း စစ်ဆင်ရေး နယ်မြေမှာ ဆိုရင်လည်း ဧရိယာမှာ ဘက်က နှစ်ဖက်ပဲ ရှိပါတယ်။ မိမိဘက်နဲ့ ရန်သူ့ဘက်ပေါ့ ။ ဒီလို နှစ်ဘက်ပဲ ရှိတဲ့အတွက် လာချင်တဲ့ ဆန္ဒရှိဖို့ပါပဲ”
၁၉၊ မေလ။
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်ထဲက စမ်းကြီး၊လှော်ကထားကျေးရွာတွေမှာရှိတဲ့ ရှေ့တန်းစခန်းတွေဆီကနေ စစ်သား ၁၀ ဦးက လက်နက်တွေနဲ့အတူ မနေ့က မနက်အစောပိုင်းက ထွက်ပြေးသွားလို့ စစ်တပ်က အနီးဝန်းကျင် ရွာတွေမှာ အသည်းအသန် လိုက်ရှာနေပါတယ်။
“တွေ့တဲ့ နေရာမှာ ပစ်သတ်ဖို့ တပ်က အမိန့်ထုတ်တယ် ဆိုပြီးရွာမှာတော့ ပြောနေကြတယ်”လို့ အမည်မဖေါ်လိုတဲ့ ယင်းဆယ် ဒေသခံတဦးက ပြောပါတယ်။မနေ့က မနက်အစောပိုင်း ကတည်းက လှော်ကထား၊ စိန်တောင်၊မိုးကုတ် စတဲရွာတွေ တဝိုက်ကနေ ယင်းဆယ်ကျေးရွာတွေဘက်အထိ စစ်သားတွေက ပြည်သူ့စစ်တွေနဲ့အတူ ထွက်ပြေးသွားသူတွေကို လိုက်လံရှာဖွေနေကြတာလို့ အဲဒီဒေသခံက ပြောပါတယ်။
လှော်ကထားတိုက်နယ် အတွင်းက ကျေးရွာတွေမှာ ၂၀၂၅ ခုနှစ် ဧပြီလအတွင်း ပန်းတောကြီးတိုက်ပွဲအပြီး ကာလတွေကတည်းက ရွာသူရွာသားတွေဟာ စစ်ဘေးရှောင်နေခဲ့ကြရတာပါ။ဒီနှစ်ပိုင်း အတွင်းမှာတော့ စစ်တပ်က ပြည်သူ့စစ်တွေကို အင်အားဖြည့်ပြီး လှော်ကထားတိုက်နယ်မှာ ရှေ့တန်းစခန်းတွေ ရွှေ့လျှားအထိုင်ချနေတယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း လှော်ကထား၊ မိုးကုတ် စတဲ့ကျေးရွာတွေဘက်မှာ ဒေသခံအနည်းအကျဉ်းဟာ ကိုယ့်အိမ်ကို ပြန်လာနေထိုင်နေကြတာလည်း ရှိနေတာ ဖြစ်ပါတယ်။
လေးမျက်နှာ မြို့နယ်ထဲက ကျေးရွာတွေမှာ ရွှေ့လျှားအခြေချနေတဲ့ အဲဒီလို ရှေ့တန်းစခန်းတွေကနေ ဒီရက်ပိုင်းအတွင်း အခုလို စစ်သားသစ်တွေ ထွက်ပြေးတာတွေ ရှိနေပြီး လွန်ခဲ့တဲ့ ၃ ရက်ခန့်ကလည်း စစ်သားသစ် ၆ ဦး ထွက်ပြေးခဲ့သေးတယ်လို့ ဒေသခံက ပြောပါတယ်။ ဒါပေမယ့် အဲဒီ ၆ ဦးထွက်ပြေးတုန်းက သေနတ်တွေ မပါပဲ လူတွေချည်း ထွက်ပြေးခဲ့တာ ဖြစ်ပြီး အခုမနေ့က မနက်အစောပိုင်းက ထွက်ပြေးခဲ့တဲ့ ၁၀ ဦးမှာ လက်နက်အချို့ ပါသွားတဲ့အတွက် စစ်တပ်က အသည်းအသန် လိုက်ရှာနေတာလို့ ဒေသခံက မှတ်ချက် ပေးပါတယ်။
လေးမျက်နှာမြို့နယ်ထဲမှာ အဓိကထား လှုပ်ရှားနေတဲ့ ဒေသခံတော်လှန်ရေး တပ်ဖွဲ့တခုဖြစ်တဲ့ ဗျူဟာ ၂၉ တာဝန်ရှိသူကတော့ စစ်မှုထမ်းဥပဒေကြောင့် ဆန္ဒမရှိပဲ စစ်ထဲရောက်လာသူတွေ ထွက်ပြေးချင်တယ် ၊ ထွက်ပြေးဖို့ သူတို့ကို ဆက်သွယ်လာရင် ကောင်းမွန်စွာ လက်ခံဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။
“တိုင်းတွေ၊ဗျူဟာတွေ၊တပ်ရင်း page တွေ ရှိတယ်လေ၊ ဒီ page ကနေ ချိတ်ဆက် ဆောင်ရွက်လို့ ရပါတယ်။ ရှေ့တန်း စစ်ဆင်ရေး နယ်မြေမှာ ဆိုရင်လည်း ဧရိယာမှာ ဘက်က နှစ်ဖက်ပဲ ရှိပါတယ်။ မိမိဘက်နဲ့ ရန်သူ့ဘက်ပေါ့ ။ ဒီလို နှစ်ဖက်ပဲ ရှိတဲ့အတွက် လာချင်တဲ့ ဆန္ဒရှိဖို့ပါပဲ”လို့ ပြောပါတယ်။
ဧရာဝတီတိုင်း အတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ သာပေါင်း ၊ ရေကြည် ၊ လေးမျက်နှာ ၊ အင်္ဂပူမြို့နယ်တွေထဲမှာ အာရက္ခတပ်တော်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး နယ်မြေသိမ်းတိုက်ပွဲတွေ ရှိနေခဲ့တာ တနှစ်ခွဲ ကာလအတွင်းကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။
လေးမျက်နှာမြို့နယ်ထဲမှာလည်း ပုသိမ်၊မုံရွာ ကားလမ်း အနောက်ခြမ်းကျေးရွာတွေအပြင် ကားလမ်းအရှေ့ခြမ်းနဲ့ ငဝန်မြစ်အကြားက ကျေးရွာအများစုမှာပဲ တော်လှန်ရေးဘက်အခြမ်းက နယ်မြေတွေ စိုးမိုးထားနိုင်တဲ့အတွက် စစ်တပ်ဘက်က အသည်းအသန် ခုခံနေရပါတယ်။