
“နွေရာသီ ဒီလောက်ပူတာမှာ ပြုတ်ထားတဲ့အိုးထဲ ရောက်နေသလိုပဲ၊ ပန်ကာလေး ခဏဖွင့်ချင်တာတောင် မဖွင့်ရဘူး။ လာချင်တဲ့အချိန်လာတယ်။ လာပြန်ရင်လည်း တနာရီမပြည့်ဘူး”
၈၊ မေ။
ဧရာ၀တီတိုင်းအတွင်းရှိ မြို့တော် ပုသိမ်အပါအဝင် ကျန်မြို့နယ်တွေမှာ တနေ့လုံးမှာမှ မီးလာချိန် နှစ်နာရီဝန်းကျင်သာ ရှိနေတာကြောင့် ဒေသခံပြည်သူတွေဟာ ထမင်း၊ ဟင်း မချက်နိုင်၊ ရေမတင်နိုင်ဖြစ်နေပြီး အခက်အခဲတွေနဲ့ ကြုံနေကြရပါတယ်။
လျှပ်စစ်ဓါတ်အား အခက်အခဲကြောင့် ရပ်ကွက်အလိုက် အချိန်အပိုင်းအခြားနဲ့ တရက်မှာ ခြောက်နာရီကျစီ မီးပေးမယ်လို့ EPCက အသိပေးထားပေမယ့်လည်း လက်တွေ့မှာတော့ အခုလိုမီးမမှန်ဖြစ်နေတာပါ။
“မီးကတော့ လူကြီးတွေရောက်မှပဲ လာတယ်။ ရေကိုလည်း အဲဒီအချိန်မှ တင်ရတယ်။ နှစ်နာရီလာ၊ ခြောက်နာရီ ပျက်။ တနေ့လုံးနေမှ နှစ်နာရီလောက်ပဲရတယ်။ အဲဒါတောင် ကြားထဲ ခဏခဏ ပျက်သေးတယ်။ နေ့တိုင်း လူကြီး လာပါစေ ဆုတောင်းရမလို ဖြစ်နေတယ်” လို့ ပုသိမ်မြို့မှာ နေထိုင်တဲ့ အစိုးရဝန်ထမ်းတဦးက ပြောပါတယ်။
ပုသိမ်မြို့မှာ ရပ်ကွက်အလိုက် အလှည့်ကျစီ မီးနဲ့ရေပေးဝေဖို့ အချိန်ဇယား ခွဲဝေထားပေမယ့် အဲဒီအချိန်အတိုင်း မရဘူးလို့ ဆိုကြပါတယ်။
“အဲဒီအချိန်ဇယားက အလကားပဲ မနက်ပိုင်းလာရမယ့်ရပ်ကွက်က နေ့ခင်းကျမှ လာချင်လာတယ်။ အဓိက ထမင်းမချက်ရတာ။ မီးလာနိုးနိုးနဲ့ ထမင်းဟင်းချက်ဖို့ စောင့်တယ်၊ မလာတော့ မချက်ရပြန်ဘူး။ ရေကလည်း အဲလိုပဲ တရက်လုံးနေလို့ တနာရီတောင် မလာတဲ့ နေ့တွေရှိတယ်” လို့ ပုသိမ်မြို့ပေါ်မှာနေတဲ့ အိမ်ထောင်ရှင်မတဦးက ပြောပါတယ်။ပြီးခဲ့တဲ့ တပတ်ကဆိုရင် လျှပ်စစ်မီးအပြင် ရေလည်းမလာတာကြောင့် ရေအခက်အခဲ ဖြစ်ခဲ့ကြရသေးတယ်လို့လည်း မြို့ခံတွေက ပြောကြပါတယ်။
“ဟိုတပတ်လုံးကတော့ စည်ပင်သာယာရေက တော်တော် ဆိုးဆိုးဖြစ်ခဲ့တယ်။ ရေလုံး၀မလာဘူး။ ဝယ်သုံးရတယ်” လို့ ပုသိမ်မြို့နေ ဝန်ထမ်းက ပြောပါတယ်။
ပုသိမ်အပြင် အခြားမြို့တွေမှာလည်း အလားတူပဲ အချိန်မှ လျှပ်စစ်မီးမလာတာကြောင့် အခက်အခဲများစွာနဲ့ ကြုံနေ ကြရတယ်လို့ ဆိုကြပါတယ်။
“နွေရာသီ ဒီလောက်ပူတာမှာ ပြုတ်ထားတဲ့အိုးထဲ ရောက်နေသလိုပဲ၊ ပန်ကာလေး ခဏဖွင့်ချင်တာတောင် မဖွင့်ရဘူး။ လာချင်တဲ့အချိန်လာတယ်။ လာပြန်ရင်လည်း တနာရီမပြည့်ဘူး” လို့ ပန်းတနော်မြို့မှ ဒေသခံတဦးက ပြောပါတယ်။
အဲဒီလို မီးမလာတာကြောင့် ပြည်သူတွေ ချက်ပြုတ်ရေး အခက်အခဲဖြစ် ကြသလို ဘဏ်လုပ်ငန်းတွေ၊ ဆန်စက်တွေ စတဲ့လုပ်ငန်းတွေဟာလည်း နှောင့်နှေး၊ မလည်ပတ်တဲ့ အခြေအနေတွေနဲ့ ကြုံနေကြရပါတယ်။
လျှပ်စစ်မီး မမှန်သလို စက်သုံးဆီလည်း အလုံအလောက် ဝယ်မရသေးတာကြောင့် ဧရာ၀တီတိုင်းအတွင်းက ဘဏ် တွေဟာ ပုံမှန်ဘဏ် ဖွင့်ချိန်တွေမှာတောင် ဘဏ်လုပ်ငန်းတွေ အချိန်ပြည့်လည်ပတ်နိုင်ခြင်းမရှိတာကြောင့် ငွေလွှဲ ၊ ငွေထုတ်သူတွေ အခက်အခဲဖြစ်နေကြတာပါ။
ဒါ့အပြင် စပါးကြိတ်ခွဲ ဆန်စက်လုပ်ငန်းတွေဟာလည်း မီးမလာ၊ စက်သုံးဆီဝယ်မရတာကြောင့် လုပ်ငန်းရပ်တန့် ထားကြရတယ်လို့ ဆိုပါတယ်။