မေလ ၉ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ လုံးပူးဖြစ်ပေါ်မယ်ဆိုတဲ့ ခန့်မှန်းပြောဆို ချက် သတင်းမှား
၂၀၂၆ ခုနှစ်၊ မေ ၈ ရက်
Fact Check ( DNA / The Red Flag / MFCN )
☑️အနှစ်ချုပ်
၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ လုံးပူး ဖြစ်ပေါ်မယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာတွေမှာ ခန့်မှန်းထုတ်ပြန်ရေးသားချက်တွေ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ အဲ့ဒီ အကြောင်းအရာ တွေနဲ့ပတ်သက်ပြီး DNA က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ မုန်တိုင်း ၂ လုံးပူး ဖြစ်ပေါ်မယ်လို့ ခန့်မှန်းပြောဆိုရေးသားထားချက်တွေဟာ သတင်းမှား ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
☑️ဖြန့်ဝေတဲ့အကြောင်းအရာ
“သတိထားရမယ့် မုန်တိုင်း နှစ်ခုပြူး နှင့် မိုးလေဝသ ခန့်မှန်းချက် – ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) မေလ ၄ – ၂၀၂၆” ဆိုတဲ့ခေါင်းစဉ်နဲ့ “လာမယ့် မေလ ၉ ရက်နေ့ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်မယ့် နှစ်ခုပြူး မုန်တိုင်းဟာ ဘယ်ကို ရွေ့လျားနိုင်မလဲဆိုတာနဲ့ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်မယ့် အခြေအနေတို့ကို ဦးဌေးတင့် (မိုးဇလ ဘလော့ဂါ)က ခန့်မှန်းတင်ဆက်ထားပါတယ်။ မေလ ၉ ရက်နေ့ မတိုင်ခင် နေ့စဥ်မိုးရွာ နိုင်မယ့် မိုးလေဝသအခြေအနေကိုလည်း ပုံမှန် ခန့်မှန်းပေးထားပါတယ်။” လို့ ရေးသားပြီး ဦးဌေးတင့်- မိုးဇလ ဘလော့ဂါရဲ့ ခန့်မှန်းပြောကြားချက်နဲ့အတူ ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်မှာ Thet Htwe Naing- FreeLance Journalist Facebook ကနေ စတင်ထုတ်လွှင့်ခဲ့တာကို တွေ့ရပါတယ်။
Thet Htwe Naing- FreeLance Journalist – https://tinyurl.com/4pnsn5d7
ဒီအကြောင်းအရာကို Thet Htwe Naing- FreeLance Journalist မှာ ၂၀၂၆ ခုနှစ်၊ မေ ၆ ရက်အထိ Reaction 60.7 K၊ Comment 382 နဲ့ Share 6.9 K ထိရှိခဲ့ပြီး စိတ်ဝင်စားမှုများပြားကာ ပျံ့နှံ့နေခဲ့တာကို တွေ့ရပါတယ်။
ဒီသတင်းကိုပဲ ၂၀၂၆ ခုနှစ်၊ မေ ၄ ရက်မှာ “ မုန်တိုင်းနှစ်လုံးပြူးတဲ့.. မေ ၉ ရက်မှာ စတင်နိုင်လို့ မြန်မာပြည် သားများအထူးသတိပြုကြဖို့” လို့ ရေးသားပြီး မိုခါဆန်ဆန် ပြင်းထန်တဲ့ “မုန်တိုင်းနှစ်လုံးပြူး” ဖြစ်စဉ်တစ်ခု ဘင်္ဂလား ပင်လယ်အော်ထဲမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဆရာဦးဌေးတင့် (မိုးဇလ ဘလော့ဂါ) က သုံးသပ် သတိပေးလိုက်ပါတယ်ဆိုပြီး Today Trendy အမည်ရှိတဲ့ Facebook Account ကနေ Thet Htwe Naing ထံက ကူးယူပြီး ထပ်ဆင့်ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။
Today Trendy – https://shorturl.at/iBOTF
ဒီအကြောင်းအရာကိုလည်း Today Trendy Facebook မှာ ၂၀၂၆ ခုနှစ်၊ မေ ၆ ရက်အထိ Reaction 57.2 K၊ Comment 574 နဲ့ Share 13 K ထိရှိခဲ့ပြီး စိတ်ဝင်စားမှုများပြားကာ ပျံ့နှံ့နေခဲ့တာကို တွေ့ရပါတယ်။
ဒီသတင်းကို တရားဓမ္မများ၊ Thutasonelin,Sabal 6654,Cele Zone စတဲ့ Facebook,Tiktok, Youtube လူမှုကွန်ရက်မျိုးစုံတွေမှာ မိုခါမုန်တိုင်းကဲ့သို့ မုန်တိုင်း ၂ လုံးပြူးဖြစ်ပေါ်လာမယ်ဆိုကာ ထပ်မံရေးသား ဖြန့်ဝေခဲ့တာကိုလည်း တွေ့ရပါတယ်။
တရားဓမ္မများ FB- https://archive.ph/HWCjm
Thutasonelin Tiktok- https://archive.ph/phqrp
Sabal6654 Tiktok- https://archive.ph/BwoYt
Cele Zone Youtube- https://shorturl.at/2sLwj
အဲဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ ပြည်တွင်းနဲ့ပြည်ပမိုးလေဝသ သတင်းဌာနတွေ၊ အခြားမိုးလေဝသပညာရှင်တွေက ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ လုံးပြူး ဖြစ်ပေါ်လာမယ်ဆိုတဲ့အကြောင်း အရာကို ထုတ်ပြန်ရေးသားထားတာကို မတွေ့ရှိရတဲ့အတွက် ခန့်မှန်းချက်သတင်းမှားဖြစ်တယ်ဆိုတာကို စိစစ်သိရှိရပါတယ်။
☑️ သတင်းစိစစ်ချက်
စစ်အုပ်စုရဲ့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်မွန်းလွဲ ၂ နာရီထိနေ့စဉ် မိုးလေဝသသတင်းထုတ်ပြန်ချက်၊ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်ကနေ မေ ၁၀ ရက်အတွင်း ထုတ်ပြန်ချက်နဲ့ MRTV မိုးလေဝသ သတင်းကြေငြာချက်တို့မှာ“ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်၀န်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။”လို့ ခန့်မှန်းဖော်ပြထားပြီး မုန်တိုင်းဖြစ်ပေါ်မယ်(သို့) မုန်တိုင်း ၂ လုံးပူး ဖြစ်ပေါ်နိုင်တယ်ဆိုပြီး ခန့်မှန်းထားတာကို မတွေ့ရှိရပါဘူး။
မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန – https://archive.ph/FJvz3
မိုးဇလရဲ့ မေလ ၁၀ ရက်စာခန့်မှန်းချက် – https://archive.ph/avcbr
MRTV မိုးလေဝသသတင်း – https://mrtv.gov.mm/en/news-376694
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူမှုရေးရာ၊ အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန နဲ့ NUG မိုးလေဝသခန့်မှန်းချက်တွေမှာလည်း ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်မှာ ၄.၅.၂၀၂၆ မှ ၁၀.၅.၂၀၂၆ ထိ နေ့အလိုက် ၁ ပတ်စာ မိုးလေဝသခန့်မှန်းချက်တွေမှာလည်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ လုံးပူး ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ရေးသားထားမှု မရှိတာကို တွေ့ရပါတယ်။
NUG လူမှု၊ အလုပ်သမား၊ လူသားစာနာဝန်ကြီးဌာန- https://archive.ph/meO15
NUG မိုးလေဝသခန့်မှန်းချက်- https://archive.ph/ubJ58
“၂၀၂၆၊ မေလ ၆ ရက် ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်က မုန်တိုင်းဖြစ်နိုင်ခြေနည်းနေသော်လည်း မိုးသက်လေပြင်းသတိပြုဖို့လိုတယ်” ဆိုပြီး မေလ ၁၃ ရက် မတိုင်ခင်အထိ ဘင်္ဂလားပင်လယ်အော်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိသလောက် နည်းပါးနေတာကိုတွေ့ရတယ်လို့ မေလ ၆ ရက်မှာ CJ Platform ရဲ့ သတင်းထုတ်ပြန်ကြေငြာချက်ကို တွေ့ရပါတယ်။
CJ Platform – https://shorturl.at/nenA0
မိုးလေဝသပညာရှင်တဉီးဖြစ်တဲ့ ဦးဝင်းနိုင်က ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်မှာ “ထိုင်းမိုးလေဝသဌာန (TMD) မှ ထုတ်ပြန်သော ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် (၁၂:၀၀ UTC) Weather Chart အရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေတယ်”လို့ရေးသားထားတာကို တွေ့ရပြီး မုန်တိုင်း ၂ လုံးပူးဖြစ်ပေါ်မယ် လို့ ခန့်မှန်းရေးသားထားတာကို မတွေ့ရှိရပါဘူး။
ဦးဝင်းနိုင် Facebook- https://archive.ph/EmQgS
ဘင်္ဂလားပင်လယ်အော်ထဲမှာ ၂၀၂၆ ၊ မေ ၉ ရက်က စတင်ပြီး မိုခါဆန်ဆန် ပြင်းထန်တဲ့ မုန်တိုင်းနှစ်လုံးပြူး ဖြစ်ပြီး မြန်မာပြည်ကုန်းတွင်းပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဝင်ရောက်တိုက်ခိုက်နိုင်တယ်”လို့ လူမှုကွန် ရက်မှာ ပျံ့နှံ့နေတာဟာ သတင်းမှားဖြစ်တယ်ဆိုပြီး DVB Fact Check ကနေ ၂၀၂၆ ခုနှစ်၊ မေ ၆ ရက်မှာ အချက်အလက်စစ်ဆေးရေးသားထားတာကို တွေ့ရပါတယ်။
DVB Fact Check- https://tinyurl.com/2rvt5ksc
အမေရိကန်အခြေစိုက် ကမ္ဘာ့မိုးလေဝသဌာန NOAA (CPC) ရဲ့ နောက်ဆုံးထုတ်ပြန်ချက် GTH Outlook အရ မေ ၁၃ ရက်မတိုင်ခင်အထိ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်နိုင်ခြေနည်းပါးတယ်လို့ Global Tropics Hazards Outlook (GTH)ရဲ့ ထုတ်ပြချက်မှာတွေ့ရပါတယ်။
NOAA Climate Prediction Center- https://archive.ph/VZhUF
အိန္ဒိယမိုးလေဝသဌာန (India Meteorological Department-IMD) (RSMC New Delhi) ရဲ့ ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက်နေ့ ထုတ်ပြန်ချက်မှာ“ ၄ ရက်မှ နောက် ၇ ရက်(၁၆၈ နာရီ)အထိ ဘင်္ဂလားပင်လယ်အော် မှာ မုန်တိုင်းငယ်ဖြစ်ပေါ်နိုင်ခြေမရှိ”ဆိုပြီး ခန့်မှန်းထားတာကို တွေ့ရှိရပါတယ်။
RSMC New Delhi (India Meteorological Department – IMD)– https://archive.ph/FGq80
☑️သုံးသပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေနဲ့ တိုက်ဆိုင်စိစစ်ချက်အရ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း ၂ လုံးပူး ဖြစ်ပေါ်ပြီး မြန်မာနိုင်ငံကို သက်ရောက်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်နဲ့ပတ်သက်လို့ ပြည်တွင်း/ပြည်ပ မိုးလေဝသ သတင်းတွေ၊ အိန္ဒိယ၊ ထိုင်းမိုးလေဝသသတင်းဌာနတွေနဲ့ မြန်မာ မိုးလေဝသ သတင်းဌာနတွေ မှာ မေလ ၆ ရက်အထိ ရေးသားထုတ်ပြန်ချက်တစုံတရာ မရှိသေးပါဘူး။
ဒါကြောင့် မေလ ၉ ရက်နေ့အတွင်း မုန်တိုင်း ၂လုံးပူးဖြစ်ပေါ်မယ်ဆိုတာက သတင်းအမှားဖြစ်တယ် ဆိုတာ ကို စိစစ်တွေ့ရှိရပါတယ်။
ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork
#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်