ဂျာမနီမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ပြန်ရုပ်သိမ်း

ဂျာမန်အဓိပတိ ဖရိုင်းဒရစ် မာ့ဇ်နဲ့ အခြေအတင်ဖြစ်ပြီးနောက်မှာ သမ္မတထရမ့်က အခုလို တပ်ဖွဲ့ဝင်တွေ လျှော့ချမယ်ဆိုပြီး ဒီအပတ်အစောပိုင်းမှာ ခြိမ်းခြောက်ခဲ့တာပါ။

၂၊ မေ။

နေတိုးမဟာမိတ်ဖြစ်တဲ့ ဂျာမနီနိုင်ငံကနေ အမေရိကန်တပ်ဖွဲ့ဝင် ၅,၀၀၀ ကို ပြန်ရုပ်သိမ်းနေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ကသောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ဒါဟာ အီရန်စစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဥရောပနိုင်ငံတွေကြား သဘောထားကွဲလွဲမှု ပိုကြီးထွားလာတဲ့အချိန်မှာဖြစ်ပေါ်လာတာပါ။

ဂျာမန်အဓိပတိ ဖရိုင်းဒရစ် မာ့ဇ်နဲ့ အခြေအတင်ဖြစ်ပြီးနောက်မှာ သမ္မတထရမ့်က အခုလို တပ်ဖွဲ့ဝင်တွေ လျှော့ချမယ်ဆိုပြီး ဒီအပတ်အစောပိုင်းမှာ ခြိမ်းခြောက်ခဲ့တာပါ။

နှစ်လကြာနေပြီဖြစ်တဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေမှာ အီရန်ဟာ အမေရိကန်ကို အရှက်ခွဲနေပြီး ဝါရှင်တန်အနေနဲ့ဘယ်လိုထွက်ပေါက်ဗျူဟာမျိုး ကျင့်သုံးနေတယ်ဆိုတာ မမြင်ရဘူးလို့ အဓိပတိ မာ့ဇ်က တနင်္လာနေ့မှာ မှတ်ချက်ပြုခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ ပင်တဂွန် အဆင့်မြင့်အရာရှိတဦးကတော့ ဂျာမနီရဲ့ အခုနောက်ပိုင်း ပြောဆိုချက်တွေဟာ မလျော်ကန်သလိုအထောက်အကူလည်း မဖြစ်ဘူးလို့ ဆိုပါတယ်။

“ဒီလို အကျိုးမရှိတဲ့ မှတ်ချက်စကားတွေအပေါ် သမ္မတက မှန်ကန်စွာ တုံ့ပြန်လိုက်တာပါ” လို့ အဆိုပါအရာရှိက ပြောပါတယ်။

အဆိုပါ တပ်ရုပ်သိမ်းမှုဟာ နောက်လာမယ့် ခြောက်လကနေ ၁၂ လအတွင်း အပြီးသတ်နိုင်မယ်လို့ ပင်တဂွန်က ခန့်မှန်းထားပါတယ်။

ဂျာမနီဟာ ဥရောပရဲ့ တခြားနေရာတွေထက် ပိုများတဲ့ အမေရိကန် တာဝန်ထမ်းဆောင်ဆဲ စစ်သည်အင်အား ၃၅,၀၀၀ ခန့်အခြေစိုက်ရာ နေရာလည်း ဖြစ်ပါတယ်။

အခုလို လျှော့ချလိုက်တာကြောင့် ဥရောပမှာရှိတဲ့ အမေရိကန်တပ်အင်အားဟာ ၂၀၂၂ ခုနှစ်မတိုင်ခင် အခြေအနေကို ပြန်ရောက်သွားမယ်လို့ အဆိုပါ အရာရှိက ပြောပါတယ်။

အဲဒီအချိန်က ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကြောင့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်က တပ်အင်အားတွေ တိုးမြှင့်ထားခဲ့တာပါ။

ဥရောပတိုက်ရဲ့ လုံခြုံရေးကို ဥရောပနိုင်ငံတွေကပဲ အဓိက တာဝန်ယူဖို့ ထရမ့်အစိုးရအဖွဲ့ရဲ့ တွန်းအားပေးမှုတရပ်အနေနဲ့လည်းအဆိုပါ အရာရှိက ရှင်းပြပါတယ်။

ဒါပေမဲ့ ဒါဟာ မဟာမိတ်တွေကအပေါ် သစ္စာမရှိဘူးလို့ ထရမ့်က ယူဆရင် ပြတ်ပြတ်သားသား တုံ့ပြန်တတ်တယ်ဆိုတာကို နောက်တကြိမ် ပြသလိုက်တာပဲ ဖြစ်ပါတယ်။

အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို မထောက်ပံ့ဘူးလို့ ဝါရှင်တန်က ယူဆတဲ့ နေတိုးမဟာမိတ်တွေကို အပြစ်ပေးဖို့ ပင်တဂွန်ရဲ့ အတွင်းပိုင်း အီးမေးလ်တခုအကြောင်းကို ပြီးခဲ့တဲ့အပတ်က ရိုက်တာသတင်းဌာနက သီးသန့်ဖော်ပြခဲ့ပါတယ်။

အဲဒီအထဲမှာ စပိန်ကို နေတိုးအဖွဲ့ကနေ ခေတ္တရပ်ဆိုင်းဖို့နဲ့ ဖော့ကလန်ကျွန်းစုအပေါ် ဗြိတိန်ရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက်ကို ပြန်သုံးသပ်ဖို့ စတဲ့ အချက်တွေ ပါဝင်နေပါတယ်။

Ref – Reuters