သမ္မတထရမ့်ရဲ့လူယုံ ရော်ဂျာစတုန်းကို အမေရိကန်အတွက် လော်ဘီလုပ်ပေးဖို့ မြန်မာစစ်တပ်ငှါးရမ်း

စတုန်းဟာ ဒီအလုပ်ကို တိုက်ရိုက်လုပ်တာမဟုတ်ဘဲ DCI Group AZ LLC ဆိုတဲ့ လော်ဘီကုမ္ပဏီကတဆင့် ကန်ထရိုက်စနစ်နဲ့လုပ်ဆောင်မှာ ဖြစ်ပါတယ်။

၁၊ မေ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြီးတန်းအကြံပေးဟောင်းဖြစ်ပြီးဝါရင့်နိုင်ငံရေးဗျူဟာမှူး ရော်ဂျာစတုန်းကို လော်ဘီလုပ်ပေးဖို့အတွက် မြန်မာစစ်တပ်က ငှါးရမ်းလိုက်တယ်လို့ သိရပါတယ်။

ရော်ဂျာစတုန်းဟာ မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနကို ကိုယ်စားပြုပြီး အမေရိကန်နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့အတွက် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် တရားရေးဝန်ကြီးဌာနရဲ့မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

သူဟာ နိုင်ငံခြားကိုယ်စားလှယ်များ မှတ်ပုံတင်ခြင်းအက်ဥပဒေ (FARA) အရ ဒီအပတ်ထဲမှာပဲ တရားဝင် မှတ်ပုံတင်ခဲ့တာပါ။ စတုန်းဟာ ဒီအလုပ်ကို တိုက်ရိုက်လုပ်တာမဟုတ်ဘဲ DCI Group AZ LLC ဆိုတဲ့ လော်ဘီကုမ္ပဏီကတဆင့် ကန်ထရိုက်စနစ်နဲ့လုပ်ဆောင်မှာ ဖြစ်ပါတယ်။

သူတို့ရဲ့ အဓိကပစ်မှတ်ကတော့ အမေရိကန်နဲ့ မြန်မာကြား ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာဖို့၊ သဘာဝသယံဇာတကဏ္ဍမှာပူးပေါင်းဆောင်ရွက်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုတွေ ရရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို လက်နက်ကိုင်ပဋိပက္ခတွေ၊ မငြိမ်မသက်မှုတွေကြောင့် ၂၀၂၅ ခုနှစ်၊ မေလမှာ ခရီးသွားလာမှုဆိုင်ရာ အမြင့်ဆုံးအဆင့်သတိပေးချက် ထုတ်ပြန်ထားတဲ့ ကြားကနေ အခုလို လော်ဘီလုပ်ငန်း စတင်လာတာပဲ ဖြစ်ပါတယ်။

ရော်ဂျာစတုန်းဟာ နိုင်ငံခြားလော်ဘီလုပ်ငန်းတွေတင်မကဘဲ ပြည်တွင်းမှာလည်း လုပ်ငန်းတွေ အကြီးအကျယ် လုပ်နေပါတယ်။

သူပိုင်ဆိုင်တဲ့ Drake Ventures ကုမ္ပဏီကနေ ၂၀၂၆ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်းမှာတင် ဒေါ်လာ ၁.၂ သန်းနီးပါး ဝင်ငွေရရှိထားတယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။