အာဖဂန်နစ္စတန်မှာ အမျိုးသမီးကျန်းမာရေးဝန်ထမ်းနဲ့ ဆရာမပေါင်း ၂၅,၀၀၀ လောက်အထိ အလုပ်အကိုင် ဆုံးရှုံးသွားနိုင်တယ်လို့ UNICEF သတိပေး

“အရေးကြီးတဲ့ ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေရတဲ့ အနာဂတ်ရဲ့ ဆရာမတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ လက်ဆွဲသည်တွေနဲ့ လူမှုဝန်ထမ်းတွေကို ဆုံးရှုံးရမယ့်ဒဏ်ကို အာဖဂန်နစ္စတန်အနေနဲ့ ခံနိုင်မှာမဟုတ်ဘူး” လို့ UNICEF အမှုဆောင်ညွှန်ကြားရေးမှူး ကက်သရင်း ရပ်ဆဲလ်က ပြောပါတယ်။

၂၈၊ ဧပြီ။

တာလီဘန်အစိုးရက ချမှတ်ထားတဲ့ မိန်းကလေးငယ်တွေ ပညာသင်ကြားခွင့်နဲ့ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ခွင့်အပေါ် ကန့်သတ်ချက်တွေကို ပြန်မရုပ်သိမ်းဘူးဆိုရင် လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ အာဖဂန်နစ္စတန်မှာ အမျိုးသမီး ဆရာမနဲ့ ကျန်းမာရေးဝန်ထမ်းပေါင်း ၂၅,၀၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးရမယ့် အန္တရာယ်ရှိနေတယ်လို့တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာအသစ်မှာဖော်ပြထားပါတယ်။

တာလီဘန်အဖွဲ့ဟာ အမျိုးသမီးတွေကို အစိုးရဌာနအတော်များများမှာ အလုပ်လုပ်ခွင့် ပိတ်ပင်ထားသလို မိန်းကလေးငယ်တွေကိုလည်း အသက် ၁၂ နှစ်အထိပဲ ပညာသင်ကြားခွင့်ပေးတော့တယ်လို့ ကန့်သတ်ထားပါတယ်။

အဆိုပါ ကန့်သတ်ချက်တွေကြောင့် အနည်းဆုံး မိန်းကလေးငယ် တသန်းလောက်မှာ သက်ရောက်မှုတွေ ရှိနေပြီလို့ အစီရင်ခံစာက ဆိုပါတယ်။

အခြေအနေတွေသာ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ အခုအရေအတွက်က နှစ်ဆအထိ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဒါကြောင့် ၂၀၂၁ ခုနှစ် အာဏာပြန်ရပြီးနောက်ပိုင်း ချမှတ်ခဲ့တဲ့ ပိတ်ပင်မှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ တာလီဘန်အဖွဲ့ကို UNICEF က တောင်းဆိုလိုက်ပါတယ်။

UNICEF ရဲ့ အစီရင်ခံစာအရ ဆရာမအလုပ်အပြင် ကျန်းမာရေးကဏ္ဍထဲကို ဝင်ရောက်လာမယ့် အရည်အချင်းရှိတဲ့ အမျိုးသမီးဦးရေဟာ အရှိန်အဟုန်နဲ့လျော့နည်းလာနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာရဲ့ ခန့်မှန်းချက်အရ ၂၀၃၀ ပြည့်နှစ်ကိုရောက်ရင် အမျိုးသမီးဆရာမ ၂၀,၀၀၀ နဲ့ ကျန်းမာရေးဝန်ထမ်း ၅,၄၀၀ လောက် ဆုံးရှုံးသွားနိုင်ပါတယ်။

အဆိုပါ အရေအတွက်ဟာ ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်ရဲ့ လုပ်သားအင်အားစု စုစုပေါင်းရဲ့ ၂၅ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၃၅ ခုနှစ်ရောက်ရင်တော့ ကျန်းမာရေးဝန်ထမ်း ၉,၆၀၀ လောက်အထိတောင် ဆုံးရှုံးသွားနိုင်တယ်လို့လည်း ဖြည့်စွက်ဖော်ပြထားပါတယ်။

“အရေးကြီးတဲ့ ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေရတဲ့ အနာဂတ်ရဲ့ ဆရာမတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ၊ လက်ဆွဲသည်တွေနဲ့ လူမှုဝန်ထမ်းတွေကို ဆုံးရှုံးရမယ့်ဒဏ်ကို အာဖဂန်နစ္စတန်အနေနဲ့ ခံနိုင်မှာမဟုတ်ဘူး” လို့ UNICEF အမှုဆောင်ညွှန်ကြားရေးမှူး ကက်သရင်း ရပ်ဆဲလ်က ပြောပါတယ်။

“မိန်းကလေးငယ်တွေကို ပညာသင်ကြားခွင့် ဆက်ပြီး ပိတ်ပင်ထားမယ်ဆိုရင်တော့ ဒါဟာ တကယ်ဖြစ်လာမယ့်အမှန်တရားပဲ” လို့လည်း သူက ဆိုပါတယ်။

အမျိုးသမီးလူနာတွေကို ကုသပေးဖို့အတွက် အမျိုးသမီးကျန်းမာရေးဝန်ထမ်းတွေ လိုအပ်သလို ကျား/မခွဲခြားထားတဲ့ ကျောင်းတွေမှာလည်း မိန်းကလေးငယ်တွေအတွက် အမျိုးသမီးဆရာမတွေကပဲ သင်ကြားပေးတာကို ပိုပြီး နှစ်သက်ကြတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

လုပ်သားအင်အား လျော့နည်းလာတာကြောင့် အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးအပေါ် တနှစ်ကို အနည်းဆုံး အာဖဂန်နီ ၅.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၄ သန်း) လောက် ထိခိုက်မှုရှိနိုင်တယ်လို့ UNICEF က ဆိုပါတယ်။ဒါဟာ နိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP) ရဲ့ ၀.၅ ရာခိုင်နှုန်းလောက်နဲ့ ညီမျှနေပါတယ်။

အာဖဂန်နစ္စတန်မှာ လက်ရှိအာဏာရနေတဲ့ အဖွဲ့အစည်းအနေနဲ့ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေကို ကာကွယ်ပေးသင့်သလို အမျိုးသမီးတွေကိုလည်း လုပ်ငန်းခွင်ထဲမှာ ပါဝင်ခွင့်ပြုသင့်တယ်လို့ UNICEF က ပြောကြားထားပါတယ်။

Ref – Reuters