
ဖိလစ်ပိုင်နိုင်ငံ အဖွဲ့ဝင်အဖြစ်ကနေ မနုတ်ထွက်ခင်မှာပဲ အကြိုစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီး ဖြစ်တာကြောင့် အဆိုပါ ကျူးလွန်မှုတွေအပေါ် ဆက်လက် စီရင်ပိုင်ခွင့်ရှိတယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။
၂၃၊ ဧပြီ။
လူပေါင်းထောင်ချီ သတ်ဖြတ်ခံရမှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို တရားစွဲထားတာကို ပယ်ဖျက်ပေးဖို့ တောင်းဆိုချက်ကို တရားသူကြီးတွေက ဗုဒ္ဓဟူးနေ့မှာ ပယ်ချလိုက်ပါတယ်။
နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အနေနဲ့ ဒူတာတေးကို စီရင်ပိုင်ခွင့်ရှိတယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကနေ တရားခွင်အခြေအနေကို စောင့်ကြည့်နေတဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေဟာ တရားရုံးရဲ့ အမိန့်ကို ကြားလိုက်ရတဲ့အခါဝမ်းသာအားရ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လမှာ အဖမ်းခံခဲ့ရပြီးကတည်းက သည်ဟိဂ်မြို့က ICC အချုပ်ခန်းမှာ ထိန်းသိမ်းခံထားရတဲ့ ဒူတာတေးကတော့တရားခွင်ကို တက်ရောက်ခြင်း မရှိပါဘူး။
ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ ICC အဖွဲ့ဝင်အဖြစ်ကနေ တရားဝင် နုတ်ထွက်ခဲ့တာကြောင့် အဆိုပါ အမှုအပေါ် တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူးလို့ ဒူတာတေးရဲ့ ရှေ့နေတွေက ထုချေခဲ့ပါတယ်။
ဒါပေမဲ့ အဆိုပါအမှုကို ဆက်လက် စစ်ဆေးနိုင်တယ်ဆိုတဲ့ အောက်တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အယူခံတရားသူကြီးတွေကအတည်ပြုခဲ့ပြီး အသက် ၈၁ နှစ်အရွယ် သမ္မတဟောင်းကို ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်ကိုလည်း ပယ်ချလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ အဖွဲ့ဝင်အဖြစ်ကနေ မနုတ်ထွက်ခင်မှာပဲ အကြိုစစ်ဆေးမှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီး ဖြစ်တာကြောင့် အဆိုပါ ကျူးလွန်မှုတွေအပေါ် ဆက်လက် စီရင်ပိုင်ခွင့်ရှိတယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့တာပါ။
ဒူတာတေးဟာ ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း အာဏာရခဲ့ချိန်က မူးယစ်ဆေးဝါး ရောင်းချသူတွေနဲ့ သုံးစွဲသူတွေကို ပစ်မှတ်ထား သတ်ဖြတ်ဖို့အတွက် သေမင်းတမန် အဖွဲ့တွေကို ဖွဲ့စည်းပေးတာ၊ ရန်ပုံငွေထောက်ပံ့တာနဲ့ လက်နက်တပ်ဆင်ပေးတာတွေလုပ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
ဒူတာတေးကတော့ ရဲတပ်ဖွဲ့ဝင်တွေကို ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တဲ့အနေနဲ့ပဲ သတ်ဖြတ်ဖို့ ညွှန်ကြားခဲ့တာလို့ အမြဲတမ်း ငြင်းဆိုခဲ့ပြီး အဆိုပါ နှိမ်နင်းမှုတွေကိုလည်း အစဉ်တစိုက် ကာကွယ်ပြောဆိုခဲ့ပါတယ်။
တရားရုံးအမိန့် ထွက်လာတဲ့အချိန်မှာတော့ ဖိလစ်ပိုင်တက္ကသိုလ်တခုမှာ စုဝေးပြီး စောင့်ကြည့်နေကြတဲ့ သေဆုံးသူမိသားစုဝင်တွေကြားမှာ လက်ခုပ်သံတွေ ဟိန်းထွက်သွားပါတယ်။ တချို့ကလည်း ဒူတာတေးမှာ တာဝန်ရှိတယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ အဆိုပါ ကြမ်းကြုတ်တဲ့ နှိမ်နင်းမှုအတွင်း သားဖြစ်သူ အသတ်ခံခဲ့ရတဲ့ နာနက် ကတ်စတီလိုကတော့ ဒူတာတေးတောင်မှ ဥပဒေအထက်မှာ မရှိဘူးလို့ ပြောခဲ့ပါတယ်။