“ဩစတြေးလျနိုင်ငံဟာ AI နည်းပညာကို အသုံးချပြီးတော့ တကယ့်စီးပွားရေးတိုးတက်မှုနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေဆီပြောင်းလဲဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်”လို့ မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် ဆတရာ နာဒဲလ်လာက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
၂၃၊ ဧပြီ။
မိုက်ခရိုဆော့ဖ် ကုမ္ပဏီဟာ ဩစတြေးလျနိုင်ငံရဲ့ ကွန်ပျူတာနည်းပညာနဲ့ ဉာဏ်ရည်တု (AI) စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးဖို့အတွက် ၂၀၂၉ ခုနှစ်ကုန်ပိုင်းမှာ ဩစတြေးလျ ဒေါ်လာ ၂၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇.၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုဟာ သူတို့ရဲ့ Azure AI စူပါကွန်ပျူတာစနစ်နဲ့ ကလောက်ဒ် (Cloud) အခြေခံအဆောက်အအုံတွေကိုချဲ့ထွင်ဖို့၊ ဆိုက်ဘာလုံခြုံရေး ပိုကောင်းလာစေဖို့နဲ့ AI ဆိုင်ရာ ကျွမ်းကျင်မှုတွေကို မြှင့်တင်ဖို့အတွက် အထောက်အကူဖြစ်စေမှာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ဩစတြေးလျနိုင်ငံဟာ AI နည်းပညာကို အသုံးချပြီးတော့ တကယ့်စီးပွားရေးတိုးတက်မှုနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေဆီပြောင်းလဲဖော်ဆောင်နိုင်မယ့် အခွင့်အလမ်းကောင်းတွေ အများကြီးရှိနေပါတယ်”လို့ မိုက်ခရိုဆော့ဖ်ရဲ့ အမှုဆောင်အရာရှိချုပ် ဆတရာ နာဒဲလ်လာက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
“ဒါကြောင့်လည်း ကျနော်တို့က အခုလိုမျိုး ဩစတြေးလျမှာ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုကို လုပ်ဆောင်ရတာဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
အဆိုပါ ခြေလှမ်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ဩစတြေးလျမှာရှိတဲ့ သူတို့ရဲ့ အကြီးစား ကလောက်ဒ် (Cloud) ကွန်ပျူတာစနစ်နဲ့AI အခြေခံအဆောက်အအုံတွေ တိုးချဲ့ဖို့အတွက် ဩစတြေးလျဒေါ်လာ ငါးဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပြီးတဲ့နောက် ထပ်မံထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။
ဩစတေးလျအစိုးရကလည်း အဆိုပါထုတ်ပြန်ကြေညာချက်ကို ကြိုဆိုလိုက်ပြီး အခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို ခန့်မှန်းတွက်ချက်ဖို့ ၊ နိုင်ငံရဲ့ စွမ်းအင်စနစ်တွေကို ပိုမိုခိုင်မာအားကောင်းစေဖို့ မိုက်ခရိုဆော့ဖ်နဲ့ ပူးပေါင်းသွားမယ်လို့ ပြောခဲ့ပါတယ်။
Ref – Reuters