
“အခုက အလုပ်တွေ လက်စသတ်နေတာနဲ့ မတူဘူး ငါးချန်ရာသီမှာ ငါးမကျန်အောင် အကုန်သိမ်းကြုံးရဖို့ လုပ်နေကြတဲ့ ပုံစံမျိုး။ ဒါတွေလုပ်ဖို့က မြို့နယ် ငါးဦးစီးတွေကို ပိုက်ဆံပေးရတာပေါ့”
၂၁၊ ဧပြီလ။
အင်းလေလံသက်တမ်းအရ ဧပြီလဆန်း သင်္ကြန်ကာလမှာ လုပ်ငန်းလုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်ပေမယ့် လက်ရှိအချိန် သားမွေးခြုံရာသီမှာ ငါးဖမ်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နေတဲ့အတွက် ငါးမျိုးတုံးမှာကို ဒေသခံတွေက စိုးရိမ်မှု ရှိနေပါတယ်။
“ခုချိန်ထိ အင်းသားတွေလုပ်နေကြတော့ ကျွန်တော် မြို့နယ်ဦးစီးကို သွာမေးတယ်။ ဦးစီးနဲ့တော့ မတွေ့ခဲ့ဘူး ဒါပေမယ့် ရုံးကလူတွေက သူတို့ကို ၁ လ အချိန်တိုးပေးထာတယ်လို့ ပြောတယ်။ မနှစ်ကလည်း သူတို့လုပ်တယ် တိုင်ကြတောကြတော့ ဇလွန် ငါးဦးစီးပြောင်းသွားရတယ်။ ဒီနှစ်လည်း ထပ်လုပ်တယ်”လို့ ဇလွန်မြို့နယ်ထဲမှာ နေထိုင်သူတဦးက ပြောပါတယ်။
ငါးလုပ်ငန်းသဘောအရ လုပ်ငန်းလိုင်စင် သက်တမ်းကုန်ဆုံးချိန်မှာ လုပ်ငန်းမပြတ်တာတွေကို နားလည်မှုယူပြီး လက်စသတ်လုပ်ကိုင်ကြတာ ရှိပေမယ့် မြို့နယ်ငါးလုပ်ငန်းဦးစီးကလူတွေနဲ့ ပေါင်းပြီး ငါးရစ်ငါးသန်ကာလအထိ ငါးဖမ်းနေကြတဲ့ သဘောလို့ ဒေသခံတွေက ရှင်းပြပါတယ်။
“ခုချိန်ကိုက ငါးရစ် ငါးသန်ချိန်လို့ခေါ်တာထက် သားမွေးခြုံရာသီပေါ့။ ငါးတွေချန်တဲ့သဘော ငါးတွေရှိနေမှ ငါးရစ် ငါးသန်ဖြစ်လာမယ် ဒီလိုမျိုးပေါ့ ငါးစချန်တဲ့ရာသီပေါ့။ ဒါကြောင့် ဒီကာလကို အင်းလုပ်ခွင့် မပေးတော့တာ” ဇလွန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန အငြိမ်းစားဝန်ထမ်းတဦးက ပြောပါတယ်။ ငါးဖမ်းလုပ်ငန်းမှာ တော်သလင်း လဆန်း ၁ ရက်နေ့ကနေ တခူးလကုန်အထိကို အင်းချုပ်ချိန်လို့ သတ်မှတ်ထားပြီး လုပ်ငန်းတွေ လုပ်ငန်းတွေ လက်စသတ်ရတာပါ။
“အခုက အလုပ်တွေ လက်စသတ်နေတာနဲ့ မတူဘူး ငါးချန်ရာသီမှာ ငါးမကျန်အောင် အကုန်သိမ်းကြုံးရဖို့ လုပ်နေကြတဲ့ ပုံစံမျိုး။ ဒါတွေလုပ်ဖို့က မြို့နယ် ငါးဦးစီးတွေကို ပိုက်ဆံပေးရတာပေါ့” လို့ အထက်ပါ အငြိမ်းစားဝန်ထမ်းက ဆက်ပြောပါတယ်။
အခုလို ကိုယ်ကျိုးအတွက်ပဲ ငါးရစ်ငါးသန်ကာလအတွက် လုပ်ငန်းရပ်နားရမှာကို မရပ်နားပဲ ငါဖမ်းလုပ်ငန်းတွေ ဆက်လုပ်နေကြတဲ့အတွက် ဒေသခံတွေက ငါးလုပ်ငန်း ဦးစီးဌာနကို ကိုယ်တိုင်သွားပြီး ကန့်ကွက်သူတွေလဲ ရှိနေပါတယ်။
“ကျွန်တော်တို့က ပြောတော့ မင်းတို့လုပ်စားကိုင်စားခွင့်မရလို့ မနာလိုလို့ ပြောတယ်လို့ အပြောခံရတယ်။ လုပ်စားကိုင်စားသမားက တခါရှာ ဘယ်လောက်ရမှာမို့လဲ။ အခုက သူတို့ဆွဲတဲ့ ပိုက်တွေက ငါးပေါက်စ သေးသေးလေးတွေကအစ အကုန်ပါတာ ”ဇလွန်မြို့နယ်အတွင်း နေထိုင်သူ တဦးက ရှင်းပြပါတယ်။
ဇလွန်နဲ့ ဓနုဖြူမြို့နယ်တွေမှာ အင်းလေလံနဲ့ အလုပ်လုပ်ကြတဲ့ အင်းပေါင်း ၅၀၀ ကျော်ရှိပြီး အင်းတခုကို တရာသီစာ လေလံဆွဲနိုင်ဖို့အတွက် အစိုးရ လေလံကြေးထက် အဆပေါင်းများစွာ ပိုပေးရတဲ့အတွက် သိန်းရာနဲ့ချီကုန်ကျရတယ်လို့ သူက ဆက်ပြောပါတယ်။
“ ငါးဦးစီးနဲ့ ပေါင်းလုပ်ကြတာပေါ့။ ဒီအချိန်က ငရစ် ငသန်ထချိန်။ သူတို့ဖမ်းလို့ ကျန်ခဲ့တဲ့ ငါးတွေက အများစု ဥ တွေနဲ့။ အဲ့တော့ ငရစ်ငသန်ချိန်ကို အင်းသားကြီးတွေက ငါးပြန်ရှာသလိုဖြစ်နေတာပေါ့။ ငါးရှားတာတွေ တချို့ငါးတွေ မျိုးတုန်းသွားတာတွေ ဖြစ်နိုင်တာပေါ့ ” လို့ ဓနုဖြူမြို့နယ် တော်ကွဲကျေးရွာက အင်းလုပ်ငန်း လုပ်ကိုင်သူ တဦးက ရှင်းပြပါတယ်။
ဒေသခံတွေက အင်းသားကြီးလို့ ခေါ်ကြတဲ့ အင်း လေလံအောင်မြင်တဲ့သူတွေ အပါအဝင် သဘာဝချောင်း၊ မြောင်း၊ အင်း၊ အိုင်တွေထဲမှာ ငါးရှာကြသူတွေကို လျှပ်စစ်ကျင်စက်နဲ့ ဖမ်းဆီးခြင်းကို တားမြစ်ထားခဲ့ပေမယ့် ယခုအချိန်မှာတော့ အင်းလုပ်ငန်းရှင်တွေဟာ ကျင်စက်အသုံးပြုပြီး ငါးဖမ်းတာတွေ၊ သူတို့အသုံးပြုတဲ့ ငါးဖမ်းကိရိယာတွေက ငါးပေါက်လေးတွေကိုကအစ ဖမ်းဆီးနိုင်တာမျိုးတွေကြောင့် ငရစ်ငသန်ချိန်ကိုတော့ ဂရုစိုက်ရှောင်ရှားသင့်တယ်လို့ ဇလွန်နဲ့ ဓနုဖြူမြို့နယ်တွေက အင်းလုပ်သားတွေက ဆိုပါတယ်။
ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ၂၀၁၈ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ အခန်း (၁၃) တားမြစ်ချက်များဆိုတဲ့ အပိုင်းက ပုဒ်မ ၄၇ ရဲ့ အချက် (ခ)မှာ လျှပ်စစ်ဓာတ်အားကို အသုံးပြု၍ ငါးဖမ်းခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်း၊ အချက် (ဃ)မှာ တားမြစ်ထားသော ငါးမျိုး၊ ငါးအရွယ်အစားကို ဖမ်းခြင်း၊ အချက် (င)မှာ တားမြစ်ထားသော အချိန်ကာလနှင့် နေရာဒေသတွင် ငါးဖမ်းခြင်း ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒီအချက်တွေကို ဖောက်ဖျက်ရင် ထောင်ဒဏ် ၂ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပုံမှန်အားဖြင့် မိုးဦးကာလဖြစ်တဲ့ မေ၊ ဇွန်၊ ဇူလိုင်လတွေမှာ ငါးတွေမျိုးပွားတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်တာကြောင့် ဒီကာလတွေမှာ ငါးရစ် ငါးသန်နဲ့ ငါးသားပေါက်တွေကို ဖမ်းဆီးခြင်းမပြုကြဖို့ ငါးလုပ်ငန်း ဦးစီးဌာနက ပညာပေး အစီအစဉ်တွေ၊ တားမြစ်ချက် ကြေညာတာတွေ ပြုလုပ်လေ့ရှိပါတယ်။