ဆွေးနွေးပွဲတွေ မပြီးမချင်း အီရန်နဲ့ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးမယ်လို့ ထရမ့်ပြော

ဟော်မုဇ် ရေလက်ကြား ပိတ်လိုက်တာကြောင့် အမေရိကန်ထွက် ရေနံကို ဝယ်လိုအားတွေ မြင့်တက်လာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

၂၂၊ ဧပြီ။

အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေ တိုးတက်မှုရလာတဲ့အထိ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးသွားမယ်လို့အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။

အီရန်အစိုးရဘက်က စုပေါင်းအဆိုပြုချက် တရပ် တင်ပြလာတဲ့အထိ အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့ထားတာကိုလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ အပစ်အခတ်ရပ်စဲရေးဟာ အခုသီတင်းပတ်ထဲမှာ သက်တမ်းကုန်ဖို့ ရှိနေတာကြောင့် အမေရိကန်-အီရန် ဆွေးနွေးပွဲတွေရဲ့အခြေအနေဟာ မရေမရာ ဖြစ်နေခဲ့တာပါ။

ဒုသမ္မတ ဂျေဒီဗန့်စ်ဟာ မျှော်လင့်ထားသလို အင်္ဂါနေ့မှာ ဆွေးနွေးပွဲအတွက် အစ္စလာမ်မာဘတ်ကို မသွားပဲ  ဝါရှင်တန်မှာပဲ ရှိနေပါတယ်။

သူဟာ အခု ခရီးစဉ်သွားတော့မှာ မဟုတ်ဘူးလို့လည်း အိမ်ဖြူတော်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အီရန်ဘက်ကလည်း အမေရိကန်နဲ့ ဆွေးနွေးဖို့ ပါကစ္စတန်ကို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

၂၄ နာရီအတွင်းမှာပဲ တိုက်ခိုက်မှုတွေ ပြန်စတော့မယ့် ခြိမ်းခြောက်မှုကနေ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးတဲ့အထိအခြေအနေတွေ ပြောင်းလဲသွားတာပါ။

အီရန်ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အမီယာ ဆာအိဒ်ကတော့ အမေရိကန်ဘက်က ဆိပ်ကမ်းတွေ ပိတ်ဆို့ထားတာကိုရုပ်သိမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့ လက္ခဏာတချို့ တွေ့ရတယ်လို့ ဆိုပါတယ်။

ဆိပ်ကမ်းပိတ်ဆို့မှု ရုပ်သိမ်းပြီးမှပဲ နောက်တကျော့ ဆွေးနွေးပွဲတွေ လုပ်သွားမယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်ကတော့ ရေတပ်ရဲ့ ပိတ်ဆို့မှုကို သက်တမ်းတိုးတာဟာ အီရန်အစိုးရရဲ့ငွေကြေးရှာဖွေမှုနဲ့ လွှဲပြောင်းမှု လုပ်ငန်းစဉ်တွေကို စနစ်တကျနဲ့ ဆက်လက် လျော့ပါးသွားစေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အီရန်အရာရှိတချို့က လူမှုကွန်ရက်မှာ ရေးသားတာတွေ ရှိပေမဲ့ အီရန်အစိုးရဘက်ကတော့ တရားဝင် တုံ့ပြန်ချက်တစုံတရာ မထုတ်ပြန်သေးပါဘူး။

ဟော်မုဇ် ရေလက်ကြား ပိတ်လိုက်တာကြောင့် အမေရိကန်ထွက် ရေနံကို ဝယ်လိုအားတွေ မြင့်တက်လာတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တနင်္လာနေ့ညက သူရဲ့ Truth Social မှာ တင်ခဲ့တဲ့ပို့စ်မှာတော့ သမ္မတထရမ့်က ရေနံပေါတဲ့ တက္ကဆက်၊ လူဝီစီယားနားနဲ့ အလာစကာလို အမေရိကန်ပြည်နယ်တွေဆီကို သင်္ဘောပေါင်း ရာနဲ့ချီပြီးလာအောင် အီရန်ဘက်ကဖိအားပေးလိုက်တာပဲလို့ ရေးသားခဲ့ပါတယ်။

သူပြောတဲ့ သင်္ဘောအမျိုးအစားက ဘာလဲဆိုတာ မသေချာပေမဲ့ အီရန်က ဟော်မုဇ် ရေလက်ကြားကို ပိတ်လိုက်တာကြောင့် အမေရိကန် ရေနံစိမ်းကို ဝယ်လိုအား အကြီးအကျယ် တက်လာတာတော့ အမှန်ပဲလို့ သင်္ဘောလုပ်ငန်းနဲ့ ကုန်သွယ်ရေး ကျွမ်းကျင်သူတွေက ဘီဘီစီ (BBC Verify) ကို ပြောပါတယ်။

အဆိုပါ ရေလက်ကြားဟာ ပင်လယ်ကွေ့ဒေသက ရေနံတွေ ဖြတ်သန်းရတဲ့ အဓိက လမ်းကြောင်းဖြစ်ပေမဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲစတင်ကတည်းက သင်္ဘောသွားလာမှုတွေ ပြင်းပြင်းထန်ထန် ပြတ်တောက်နေခဲ့တာပါ။

ရေလက်ကြားကနေတဆင့် အရှေ့အလယ်ပိုင်း ရေနံစိမ်းကို မရနိုင်တော့တဲ့အတွက် ရေနံတင်သွင်းသူတွေဟာ တခြားရနိုင်မယ့်နေရာတွေကို ရှာဖွေခဲ့ကြရပါတယ်။

ရေကြောင်းဆိုင်ရာ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်က ပျမ်းမျှတရက်ကို ရေနံတင်သင်္ဘော ၂၇ စီးလောက်ပဲ ရှိခဲ့ရာကနေအခုဆိုရင် VLCC လို့ခေါ်တဲ့ ရေနံတင်သင်္ဘောကြီး ၇၁ စင်းလောက်ဟာ ရေနံတင်ဖို့ အမေရိကန်ဆီ ဦးတည်နေတယ်လို့ သိရပါတယ်။

“ဥရောပနဲ့ အာရှက ဝယ်ယူသူတွေဟာ အတ္တလန္တိတ်သမုဒ္ဒရာဘက်ကနေ ရေနံတင်တာ (အမေရိကန် ပင်လယ်ကွေ့ကမ်းရိုးတန်းအပါအဝင်) ကို ရေနံလိုအပ်ချက် ဖြည့်ဆည်းဖို့အတွက် လွယ်လွယ်ကူကူနဲ့ အများအပြားရနိုင်မယ့် ဖြေရှင်းချက်လို့ မြင်ကြတယ်”လို့ ရေနံဈေးကွက် ကျွမ်းကျင်သူ ဒေးဗစ် ဟေဒင်က ပြောပါတယ်။

ဒါဟာ အမေရိကန်ရဲ့ ရေနံစိမ်း ပြည်ပတင်ပို့မှုကို မြင့်တက်စေတာပါ။ ဧပြီ ၁၀ ရက်မှာ ကုန်ဆုံးတဲ့ တပတ်အတွင်းမှာ ရေနံတင်ပို့မှုဟာ တရက်ကို စည်ပေါင်း ၅.၂ သန်းအထိ ရှိခဲ့ပြီး ဒါဟာ ၇ လအတွင်း အမြင့်ဆုံးအဆင့် ဖြစ်တယ်လို့ Drewry သုတေသနအဖွဲ့ကဆိုပါတယ်။

Ref – BBC