ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ အားပြင်းတဲ့ ငလျင်လှုတ်ခတ်ပြီးနောက် ဆူနာမီသတိပေးချက်ထုတ်ပြန်

ငလျင်လှုပ်ပြီး ၄၀ မိနစ်လောက်အကြာမှာ အီဝါတေးစီရင်စု၊ ကူဂျီဆိပ်ကမ်းကို အမြင့် ၈၀ စင်တီမီတာရှိတဲ့ ဆူနာမီလှိုင်း ရိုက်ခတ်ခဲ့ပါတယ်။

၂၁၊ ဧပြီ။

ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်တွေပါ ထွက်ပေါ်လာခဲ့တဲ့အတွက် ပြင်းအား ၈.၀နဲ့ အထက် ငလျင်ကြီးတွေ ထပ်မံလှုပ်ခတ်နိုင်ခြေရှိကြောင်း ဧပြီလ ၂၀ ရက်၊ တနင်္လာနေ့မှာ အထူးသတိပေးချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၃ မိနစ်  အချိန်က အီဝါတေးစီရင်စု မြောက်ပိုင်း ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ပြင်းအား ၇.၇ ရှိတဲ့ ငလျင်လှုပ်ခတ်သွားပြီး နာရီပိုင်းအကြာမှာ ဂျပန်မိုးလေဝသဌာနက အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာတဲ့ မြို့တော်တိုကျိုမှာတောင် အဆောက်အအုံကြီးတွေ သိသိသာသာ တုန်ခါသွားတဲ့အထိ ငလျင်က ပြင်းထန်ခဲ့ပါတယ်။

မိုးလေဝသဌာနကတော့ “ပုံမှန်အချိန်တွေထက်စာရင် အင်အားပြင်းထန်တဲ့ ငလျင်အသစ်တခု ထပ်လှုပ်ဖို့ ဖြစ်နိုင်ခြေက ပိုပြီးမြင့်မားနေတယ်”လို့ ပြောပါတယ်။

မီးသတ်နဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနရဲ့ အဆိုအရ ငလျင်ဒဏ်သင့်ဒေသက ဒေသန္တရအစိုးရအဖွဲ့တွေဟာ ဒေသခံ ၁၈၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အီဝါတေးမြောက်ဘက်က အာအိုမိုရီမှာတော့ လူတဦး ချော်လဲပြီး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ပြီး ၄၀ မိနစ်လောက်အကြာမှာ အီဝါတေးစီရင်စု၊ ကူဂျီဆိပ်ကမ်းကို အမြင့် ၈၀ စင်တီမီတာရှိတဲ့ ဆူနာမီလှိုင်း ရိုက်ခတ်ခဲ့ပါတယ်။

မိုးလေဝသဌာနကတော့ အစောပိုင်းမှာ ငလျင်ပြင်းအားကို ၇.၄ လို့ ခန့်မှန်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ၇.၇ လို့ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

နောက်ထပ်ငလျင် ထပ်လှုပ်နိုင်ခြေရှိတယ်ဆိုတဲ့ သတိပေးချက်ဟာ တိကျတဲ့ ကြိုတင်ဟောကိန်းထုတ်တာမျိုး မဟုတ်ဘဲ အန္တရာယ်ရှိနိုင်ခြေ ပိုများလာတာကို ပြသတာပဲဖြစ်တယ်လို့ ဌာနက ရှင်းပြပါတယ်။

“ဖြစ်နိုင်ခြေ နည်းပါးပေမဲ့လည်း နောက်ထပ် ငလျင်ကြီးတခု လှုပ်ခတ်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ဒီဒေသတွေမှာ ငလျင်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြန်လည်စစ်ဆေးထားကြပါ”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညနေပိုင်းမှာတော့ အာဏာပိုင်တွေက ဆူနာမီသတိပေးချက်ကို အဆင့်အနည်းငယ် လျှော့ချလိုက်ပါတယ်။ ဒါပေမဲ့ အရှေ့မြောက်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတလျှောက်မှာ တမီတာအထိ မြင့်တဲ့ လှိုင်းတွေ လာနိုင်သေးတာကြောင့် ဆက်လက် သတိပြုဖို့တော့ညွှန်ကြားထားပါတယ်။

ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာမျိုး အခုထိ သတင်းမရသေးဘူးလို့ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် မီနိုရု ကီဟာရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နိုင်ငံပိုင် NHK ရုပ်သံရဲ့ ရုပ်သံမှတ်တမ်းတွေအရလည်း အီဝါတေးက ဆိပ်ကမ်းတွေမှာ သိသာထင်ရှားတဲ့ ပျက်စီးမှုတွေ မတွေ့ရပါဘူး။

ဒါပေမဲ့ အရာရှိတွေကတော့ နောက်လာမယ့် တစ်ပတ်အတွင်း၊ အထူးသဖြင့် နောက် နှစ်ရက်၊ သုံးရက်အတွင်းမှာ နောက်ဆက်တွဲငလျင်တွေ လှုပ်နိုင်ပြီး “ပိုပြီးပြင်းထန်တဲ့ တုန်ခါမှုတွေတောင် ဖြစ်လာနိုင်တယ်” လို့ ထပ်ခါတလဲလဲ သတိပေးနေပါတယ်။

ညပိုင်းမှာတော့ ဟော့ကိုင်းဒိုး၊ အာအိုမိုရီ၊ အီဝါတေးနဲ့ ဖူကူရှီးမား အပါအဝင် အရှေ့မြောက်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းတလျှောက် တမီတာအထိ မြင့်နိုင်တဲ့ ဆူနာမီသတိပေးချက်တွေကို အဆင့်လျှော့ချခဲ့ပါတယ်။ ကျိုဒိုသတင်းဌာနရဲ့ အဆိုအရသန်းခေါင်ယံအချိန်မှာတော့ သတိပေးချက်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

 

“သတိပေးချက် ထုတ်ပြန်ထားတဲ့ ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ပိုပြီးဘေးကင်းတဲ့ ကုန်းမြင့်ပိုင်းတွေကို ရွှေ့ပြောင်းပေးကြပါ” လို့ ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက ပြောပါတယ်။

 

ဂျပန်နိုင်ငံဟာ ပစိဖိတ်မီးကွင်းဒေသရဲ့ အနောက်ဘက်အစွန်းမှာ ရှိနေပြီး အဓိကကျတဲ့ ကမ္ဘာ့မြေလွှာချပ်ကြီး လေးခုပေါ်မှာတည်ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ငလျင်အလှုပ်ဆုံး နိုင်ငံတွေထဲက တခု ဖြစ်ပါတယ်။

လူဦးရေ ၁၂၅ သန်းလောက် နေထိုင်တဲ့ အဆိုပါ ကျွန်းစုနိုင်ငံဟာ ပုံမှန်အားဖြင့် တနှစ်ကို ငလျင်အကြိမ်ရေ ၁,၅၀၀ လောက် လှုပ်ခတ်လေ့ရှိပြီး ကမ္ဘာပေါ်မှာ လှုပ်တဲ့ငလျင် စုစုပေါင်းရဲ့ ၁၈ ရာခိုင်နှုန်းလောက်ဟာ ဂျပန်မှာ လှုပ်တာ ဖြစ်ပါတယ်။

Ref – Reuters