
“ ကဆုန်လပြည့်နေ့ ဧပြီ ၃၀ ရက်နေ့မှာတော့ ဧရာဝတီတိုင်းမှာ မိုးကျနိုင်ပါတယ်။ ရက်ဝေး ခန့်မှန်းချက်ဖြစ်လို့ စောင့်ကြည့်ဖို့တော့ လိုပါတယ် ”
၂၀၊ ဧပြီလ။
ဧရာဝတီတိုင်းက ဒေသတချို့မှာ နေ့အပူချိန်တွေ ပြန်တက်လာနိုင်ပြီး ဧပြီလကုန်ပိုင်းရက်တွေမှာ မိုးရွာသွန်းဖို့ ရှိနိုင်တယ်လို့ မိုးဇလ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
အပူချိန်တွေမြင့်တက်နေတဲ့အချိန် မိုးရွာသွန်းမှု ဖြစ်ပွားနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ထူးခြားမိုးလေဝသ ဖြစ်စဉ်တွေကို ဂရုစိုက်ဖို့လိုတယ်လို့လည်း သူတို့က သတိပေးထားကြပါတယ်။
“စိုက်ဆင်းလေပြင်း တိုက်ခတ်နိုင်မလား ဆိုတာကတော့ မိုးတိမ်တောင်တွေရဲ့ အခြေအနေကို ကြည့်ရမှာပဲ။ သတိထားတာက မမှားဘူး။ အပူချိန်မြင့်နေချိန်မှာ မိုးရွာရင် မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်ခတ်တာ စတဲ့ကိစ္စတွေက ဖြစ်တတ်တယ် ” လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဝန်ထမ်းတဦးက ဆိုပါတယ်။
လက်ရှိအချိန်မှာ မိုးကြို၊ မိုးဦးကာလ ဖြစ်ပေမယ့် ဘင်္ဂလားပင်လယ်အော် အတွင်းမှာ လေဖိအားနည်း ရပ်ဝန်းတွေ ထူးခြားချက် မရှိသေးတာကြောင့် မိုးရွာနိုင်ချေ မရှိသေးသလို လာမယ့်ရက်တွေမှာလည်း ဧရာဝတီတိုင်းထဲက ဒေသတချို့မှာ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထိ ပြန်တက်လာဖို့ ရှိနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ ဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားပါတယ်။
မိုးဇလ ပညာရှင်ဦးဝင်းနိုင်ကတော့ “ ကဆုန်လပြည့်နေ့ ဧပြီ ၃၀ ရက်နေ့မှာတော့ ဧရာဝတီတိုင်းမှာ မိုးကျနိုင်ပါတယ်။ ရက်ဝေး ခန့်မှန်းချက်ဖြစ်လို့ စောင့်ကြည့်ဖို့တော့ လိုပါတယ် ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံက မိုးကြိုကာလဖြစ်တဲ့ ဧပြီနဲ့ မေလတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခြင်း၊ ရေဆင်နှာမောင်းတိုက်ခြင်း၊ စိုက်ဆင်း လေပြင်းတိုက်ခြင်း၊ ပင်လယ်မီးစုန်းတောက်ခြင်း စတဲ့ ရာသီဥတု ၁၀ မျိုးဖြစ်ပေါ်တတ်ပါတယ်။
ဒါကြောင့် မိုးတိမ်တောင် ဖြစ်ပေါ်ခြင်းနဲ့ ရုတ်တရက် ရာသီဥတု ပြောင်းလဲခြင်းတွေကို ဂရုစိုက်ကြဖို့ လိုအပ်ပါတယ်။