သင်္ကြန်ပြီးပေမယ့် ရန်ကုန်-ဧရာဝတီ ကားလက်မှတ်ခတွေ စျေးပိုတက်နေ


စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေတာဟာ ကားခနဲ့ အမြန်ယာဉ်ခတွေကို စျေးတက်စေတဲ့အပြင် ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေနဲ့ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကိုပါ တိုက်ရိုက် ခြိမ်းခြောက်လာနေပါတယ်။

၂၀၊ ဧပြီ။

ရန်ကုန်နဲ့ ဧရာ၀တီတိုင်းမြို့နယ်တွေကြား ပြေးဆွဲနေတဲ့ ကားလက်မှတ်ခတွေဟာ သင်္ကြန်မတိုင်ခင်က နှစ်ဆကနေ သုံးဆကျော်လောက်ထိ စျေးတက်နေခဲ့ပြီး အခုသင်္ကြန်ကာလ ပြီးသွားပြီဖြစ်ပေမယ့် ကားခတွေ စျေးမကျဘဲ ထပ်သာတက်နေပါတယ်။

“အရင်ကထက်တောင် စျေးတက်တယ် ပြောရမယ်။ သင်္ကြန်မတိုင်ခင်တုန်းက အိမ်အပြန်လူတွေ များလို့ စျေးတမင် တင်ထားကြတာ။ ဆီစျေးကြောင့်လည်း တကြောင်းပါတာပေ့ါလေ။ ဒါပေမယ့် သင်္ကြန်နဲ့မို့ကို ပိုတင်ခဲ့ကြတယ်။ အဲဒါ အခုထိ ပြန်မကျသေးဘူး” လို့ ရန်ကုန်မြို့မှာ အလုပ်လုပ်နေတဲ့ ပုသိမ်ဒေသခံ လူငယ်တဦးဖြစ်တဲ့ ကိုသီဟက ပြောပါတယ်။

ဒေသတွင်း ဓါတ်ဆီစျေးတက်ပြီးနောက် ဧရာ၀တီတိုင်းအတွင်း မြို့နယ်တွေနဲ့ ဧရာ၀တီ – ရန်ကုန် ပြေးဆွဲနေတဲ့ ကားတွေဟာ အရင်ကထက် နှစ်ဆကျော်ထိ စျေးတက်သွားခဲ့တာဖြစ်ပြီး အရင်က နှစ်သောင်းဝန်းကျင် ပေးခဲ့ရတဲ့ ကားလက်မှတ်တစောင်ကို ငါးသောင်းကနေ ခုနှစ်သောင်းခွဲလောက်ထိ စျေးရှိနေခဲ့ပါတယ်။

အခုအခါ ပုသိမ် – ရန်ကုန်ကားလက်မှတ်တစောင်ကို ငါးသောင်းခွဲ၊ ဖျာပုံ – ရန်ကုန်ကားလက်မှတ်တစောင်ကို ခုနှစ် သောင်းခွဲနဲ့ ဟင်္သာတ – ရန်ကုန်လက်မှတ်စောင်ကို သုံးသောင်းထိ စျေးရှိနေပါတယ်။

ဖျာပုံ – ရန်ကုန်ကားလက်အရောင်းဌာနမှ လက်မှတ်ရောင်းချသူတဦးက “လက်မှတ်ကတော့ ကြိုဖြတ်မှ ရမယ်ရှင့်၊ လက်မှတ်တွေ ဖြတ်ထားတဲ့သူတွေ များတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ဧရာ၀တီ – ရန်ကုန်ပြေးဆွဲနေတဲ့ အမြန်ရေယာဉ် လက်မှတ်ခတွေလည်း အရင်တသောင်းကျော်ကနေ အခုအခါ နှစ်သောင်းခွဲလောက်ထိ စျေးရှိနေပါတယ်။ ကားပြေးဆွဲသူတွေဟာ ဆီစျေးတက်တာ၊ ဆီအလွယ်တကူဝယ်မရတာ တို့ကြောင့်ဆိုပြီး ကားလက်မှတ်ခတွေကို အဆမတန် စျေးတင်ရောင်းချ နေကြတာဖြစ်ပြီး ဒါတွေကို ကြပ်မတ်ပေးဖို့နဲ့ ပြည်သူတွေ အဆင်ပြေပြေ သွားလာနိုင်ဖို့ ဆီရရှိရေး ကူညီပေးဖို့ လိုတယ်လို့ ထောက်ပြကြပါတယ်။

“ဆီကတော့ တန်းစီဝယ်ရတာပဲ၊ တန်းစီလို့မရရင် မှောင်ခိုကနေ ဝယ်ရတယ်” လို့ ရန်ကုန် – ပုသိမ် ကားပြေးဆွဲနေ သူတဦးက ပြောပါတယ်။ အဲဒီလိုအခြေအနေမှာ အချို့ယာဉ်လိုင်းတွေမှာ ဓါတ်ဆီမရတာကြောင့် ကားအချို့ရပ်နား ထားရတယ်လို့ ဆိုပါတယ်။

ရန်ကုန်ကနေ ဧရာ၀တီတိုင်းအတွင်းကို ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်နဲ့ ကားခတွေ စျေးတက်နေတဲ့အပြင် ဧရာ၀တီတိုင်းအတွင်း မြို့ ချင်းဆက်လမ်းတွေ၊ မြို့ပေါ်နဲ့ ကျေးရွာတွေကြား ပြေးဆွဲနေတဲ့ ကားခတွေဟာလည်း နှစ်ဆကနေ သုံးဆလောက်ထိ တက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခတွေ ပိုပြင်းထန်လာတာကြောင့် အခုလို စက်သုံးဆီတွေ စျေးတက်၊ ရှားပါးကာ သယ်ယူပို့ဆောင်ခတွေနဲ့ ကုန်စျေးနှုန်းတွေပါ အဆမတန် စျေးလိုက်တက်လာခဲ့တာဖြစ်ပါတယ်။တဖက်မှာလည်း စစ်အစိုးရရဲ့ စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဆီမှောင်ခိုဈေးကွက် ပိုကြီးထွားနေပြီး အမှန်တကယ် စက်သုံးဆီ အသုံးပြုဖို့ လိုအပ်နေတဲ့ လယ်သမား၊ကိုင်းသမားတွေ၊ငါးဖမ်းစက်လှေတွေမှာ ဈေးကြီးပေးဝယ်သုံးနေကြရတာ ဖြစ်ပါတယ်။

စက်သုံးဆီ ဝယ်ရခက်ပြီး ဈေးနှုန်းကြီးမြင့်နေတာဟာ ကားခနဲ့ အမြန်ယာဉ်ခတွေကို စျေးတက်စေတဲ့အပြင် ဧရာဝတီတိုင်းကမ်းရိုးတန်းဒေသက ရေလုပ်သား မိသားစုတွေနဲ့ လယ်ယာလုပ်သူတွေရဲ့ စားဝတ်နေရေးကိုပါ တိုက်ရိုက် ခြိမ်းခြောက်လာနေ
ပါတယ်။