
ဒါဟာ ရှစ်နှစ်အတွင်း တောင်ကိုရီးယားသမ္မတ တဦးအနေနဲ့ အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
၂၀၊ မတ်။
တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်ဟာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။
နယူးဒေလီမြို့မှာ ပြုလုပ်မယ့် အဆိုပါ ဆွေးနွေးပွဲမှာ အထူးသဖြင့် သင်္ဘောကျင်းလုပ်ငန်းလို ကဏ္ဍမျိုးတွေမှာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအကြီးအကျယ် မြှင့်တင်နိုင်ဖို့ သူက ရည်မှန်းထားပါတယ်။
ဒါဟာ ရှစ်နှစ်အတွင်း တောင်ကိုရီးယားသမ္မတ တဦးအနေနဲ့ အိန္ဒိယနိုင်ငံကို ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
“တောင်ကိုရီးယားနဲ့ အိန္ဒိယကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းဟာ အခုထိ အတော်လေး နိမ့်ပါးနေပါသေးတယ်”လို့သမ္မတလီက တနင်္ဂနွေနေ့တုန်းက နယူးဒေလီရောက် ကိုရီးယားလူမျိုးတွေနဲ့ ညစာစားပွဲမှာ ပြောပါတယ်။
“ရှေ့ဆက်သွားမယ့် လမ်းစဉ်မှာတော့ ဒီပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကို ကျယ်ပြန့်အောင် လုပ်သွားမှာဖြစ်သလို တောင်ကိုရီးယားနဲ့ အိန္ဒိယဆက်ဆံရေးကိုလည်း အခုရှိနေတာထက် လုံးဝ ခြားနားသွားအောင် လုပ်ဆောင်သွားမှာပါ” လို့ သူက ဆိုပါတယ်။
နှစ်နိုင်ငံကြား ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို တိုးမြှင့်ဖို့ နှစ်ဘက်စလုံးက ကြိုးစားနေကြပါတယ်။
ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံ ကုန်သွယ်မှုဟာ ဒေါ်လာ ၂၅.၇ ဘီလီယံ ရှိခဲ့ရာကနေ ၂၀၃၀ ပြည့်နှစ်ကျရင် ဒေါ်လာ ၅၀ ဘီလီယံအထိ နှစ်ဆနီးပါးတိုးတက်လာဖို့ ရည်မှန်းထားတယ်လို့ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ဝီဆောင်းလက်က ပြောပါတယ်တယ်။
ခရီးစဉ်အတွင်းမှာ သမ္မတလီဟာ ကုမ္ပဏီကြီးတွေက ခေါင်းဆောင်တွေနဲ့အတူ စီးပွားရေးဆိုင်ရာ အခမ်းအနားတွေကိုလည်း တက်ရောက်သွားမှာပါ။ ဒါ့အပြင် ဘဏ္ဍာရေး၊ ဉာဏ်ရည်တု (AI) နဲ့ ကာကွယ်ရေး ကဏ္ဍတွေမှာလည်း နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သွားနိုင်ခြေ ရှိတယ်လို့ ဝီက ပြောပါတယ်။
အီရန်စစ်ပွဲနဲ့ ဆက်နွှယ်နေတဲ့ ထောက်ပံ့ရေးလမ်းကြောင်း မတည်ငြိမ်မှုတွေနဲ့ ကမ္ဘာ့စီးပွားရေး ဖိအားတွေကြောင့် နှစ်နိုင်ငံဟာ တနိုင်ငံနဲ့တနိုင်ငံ အရေးအကြီးဆုံး မဟာဗျူဟာမြောက် မိတ်ဘက်တွေ ဖြစ်လာလိမ့်မယ်လို့ သမ္မတလီက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အိန္ဒိယဟာ အရင်လို ကုန်ပစ္စည်းတွေ သုံးစွဲတဲ့ ဈေးကွက်သက်သက် မဟုတ်တော့ဘဲ ကမ္ဘာ့ထုတ်ကုန်နဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ အဓိကကျတဲ့ နိုင်ငံဖြစ်လာပြီလို့လည်း သူက တင်စားပြောဆိုပါတယ်။
ပြီးခဲ့တဲ့လတုန်းက အရှေ့အလယ်ပိုင်း တင်းမာမှုတွေကြောင့် ဖြစ်လာနိုင်တဲ့ အနှောင့်အယှက်တွေကို လျှော့ချနိုင်ဖို့အတွက် တောင်ကိုရီးယားဟာ အိန္ဒိယဆီကနေ နက်ဖ်သာ (ဓါတုကုန်ကြမ်း ရေနံဆီတမျိုး) ပိုမိုထောက်ပံ့ပေးဖို့ အရေးပေါ် တောင်းဆိုခဲ့ပါ။
ပြီးခဲ့တဲ့နှစ် တောင်ကိုရီးယားရဲ့ နက်ဖ်သာ တင်သွင်းမှု စုစုပေါင်းရဲ့ ရှစ်ရာခိုင်နှုန်းလောက်က အိန္ဒိယကနေ လာတာပါ။ အိန္ဒိယဆီကနေ ပိုပြီးတင်သွင်းနိုင်မယ်ဆိုရင် နှစ်နိုင်ငံကြား ဖြစ်နေတဲ့ ကုန်သွယ်မှု မမျှတတာတွေကိုလည်း လျှော့ချရာရောက်မယ်လို့ တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီး ယိုဟန်ကူးက ပြောပါတယ်။
ကိုရီးယား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအသင်းရဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့နှစ်မှာ တောင်ကိုရီးယားဟာ အိန္ဒိယကို ပို့ကုန် ဒေါ်လာ၁၉.၂ ဘီလီယံဖိုး ပို့ခဲ့ပြီး သွင်းကုန်က ဒေါ်လာ ၆.၄ ဘီလီယံပဲ ရှိတာကြောင့် ဒေါ်လာ ၁၂.၈ ဘီလီယံဖိုး ကုန်သွယ်မှု အသာစီးရနေပါတယ်။
ပြီးခဲ့တဲ့အပတ်က တောင်ကိုရီးယား လွှတ်တော်မှာ လုပ်ခဲ့တဲ့ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှာတော့ ဆိုးလ်အမျိုးသားတက္ကသိုလ် အာရှစင်တာကသုတေသီ မောင်ဟွန်ချူးက မှတ်ချက်ပေးခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ကုန်သွယ်ရာမှာ အိန္ဒိယဘက်က ရှုံးငွေကြီးထွားလာနေတာနဲ့ ပတ်သက်ပြီး အိန္ဒိယဘက်က အမြဲတမ်း ညည်းညူနေရသလိုနိုင်ငံရေး ဆက်ဆံရေးဟာလည်း စီးပွားရေး ဆက်ဆံရေးလောက် အရှိန်မရသေးဘူးလို့ သူက ဆိုပါတယ်။
သင်္ဘောကျင်းလုပ်ငန်းဟာ အိန္ဒိယရဲ့ အလုပ်အကိုင် ဖန်တီးရေး ဦးစားပေးချက်နဲ့ ကိုက်ညီသလို တောင်ကိုရီးယားရဲ့ စက်မှုအင်အားကိုလည်း အသုံးချနိုင်တာကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ အကောင်းဆုံး ကဏ္ဍဖြစ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကိုရီးယားယဉ်ကျေးမှု ရေပန်းစားတာနဲ့ ဆက်စပ်နေတဲ့ အစားအသောက်နဲ့ လူသုံးကုန်ကဏ္ဍတွေမှာလည်း တိုးတက်ဖို့အခွင့်အလမ်းတွေ ရှိနေတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။ သမ္မတလီဟာ အိန္ဒိယခရီးစဉ်အပြီးမှာတော့ ဗီယက်နမ်နိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
Ref – Reuters