
အီရန်နိုင်ငံရဲ့ ဘန်ဒါအက်ဘတ်စ် ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်းနေတဲ့ အီရန်အလံတင် ကုန်တင်သင်္ဘောတစင်းကို ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
၂၀၊ ဧပြီ။
အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ အီရန်ကုန်တင်သင်္ဘောတစင်းကို သိမ်းဆည်းလိုက်တယ်လို့ အမေရိကန်က ဧပြီ ၁၉ ရက်၊ တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အီရန်ဘက်ကလည်း လက်တုံ့ပြန်မယ်လို့ ပြောနေတာကြောင့် နှစ်နိုင်ငံကြား သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ သတ်မှတ်ရက် မပြည့်ခင်မှာ ပျက်ပြားသွားနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
အင်္ဂါနေ့မှာ အပစ်ရပ်သက်တမ်း မကုန်ဆုံးခင် ဒုတိယအကြိမ် ဆွေးနွေးပွဲကို စတင်ဖို့ အမေရိကန်က မျှော်လင့်ထားပေမဲ့ အီရန်ဘက်ကတက်ရောက်မှာ မဟုတ်ဘူးလို့ ပြောလိုက်တာကြောင့် ဒေသတွင်း ရေရှည်ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကြိုးပမ်းချက်တွေဟာ အလှုပ်အခတ်ဖြစ်နေပါတယ်။
ကမ္ဘာ့ရေနံဈေးနှုန်းကို မြင့်တက်စေခဲ့တဲ့ သီတင်းပတ်ပေါင်းများစွာကြာ သင်္ဘောသွားလာမှု ပိတ်ဆို့ထားတာတွေဟာလည်း ဆက်ရှိနေဦးမယ့်ပုံပါပဲ။
အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားသလို အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေပါတယ်။
လွန်ခဲ့တဲ့ နှစ်လနီးပါး စစ်ပွဲမစခင်ကာလက အဆိုပါ ရေလက်ကြားဟာ ကမ္ဘာ့ရေနံတင်ပို့မှု ငါးပုံတပုံလောက်ကို ကိုင်တွယ်ပေးခဲ့တာဖြစ်ပါတယ်။
အီရန်နိုင်ငံရဲ့ ဘန်ဒါအက်ဘတ်စ် ဆိပ်ကမ်းဆီ ဦးတည်ခုတ်မောင်းနေတဲ့ အီရန်အလံတင် ကုန်တင်သင်္ဘောတစင်းကို ပစ်ခတ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
“ကျွန်တော်တို့ သူတို့သင်္ဘောကို အပြည့်အဝ သိမ်းဆည်းလိုက်ပြီ။ သင်္ဘောပေါ်မှာ ဘာတွေပါလဲဆိုတာကိုလည်း ကြည့်နေတယ်” လို့ သမ္မတထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အီရန်သင်္ဘော Touska ဟာ ရပ်တန့်ဖို့ သတိပေးချက်ကို လျစ်လျူရှုခဲ့တာကြောင့် ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘော USS Spruance က သူတို့ရဲ့ အင်ဂျင်ခန်းကို အပေါက်ဖြစ်အောင် ပစ်ခတ်ပြီး လမ်းခုလတ်မှာတင် ရပ်တန့်အောင် လုပ်ခဲ့တယ်လို့ ထရမ့်က Truth Social မှာ တင်ခဲ့ပါတယ်။
အင်ဂျင်ခန်းထဲကနေ လူတွေထွက်ခွာဖို့ အကြောင်းကြားပြီးနောက်မှာ သင်္ဘောရဲ့ စက်ပိုင်းဆိုင်ရာကို ရပ်တန့်သွားအောင် အမြောက်တွေနဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က X မှာ တင်ခဲ့ပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှု စတင်ခဲ့ချိန်ကစလို့ ကုန်တင်သင်္ဘော ၂၅ စင်းကို လှည့်ပြန်ခိုင်းတာ ဒါမှမဟုတ် အီရန်ဆိပ်ကမ်းတခုခုကို ပြန်သွားဖို့ညွှန်ကြားခဲ့တယ်လို့ CENTCOM က ပြောပါတယ်။
အီရန်ရဲ့ ထိပ်တန်းစစ်ဌာနချုပ်ဖြစ်တဲ့ ခါတမ် အယ်လ် အန်ဘီယာကတော့ အိုမန်ပင်လယ်ကွေ့အတွင်း အီရန်ကုန်တင်သင်္ဘောတစင်းကိုပစ်ခတ်တာဟာ အပစ်ရပ်သဘောတူညီချက်ကို အမေရိကန်က ချိုးဖောက်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး လက်တုံ့ပြန်မယ်လို့ ကတိပြုထားပါတယ်။
အဆိုပါ သင်္ဘောဟာ တရုတ်နိုင်ငံကနေ အီရန်ကို ဦးတည်လာတာပါ။
အီရန်နိုင်ငံပိုင်မီဒီယာတွေရဲ့ အဆိုအရ တီဟီရန်အစိုးရဟာ လက်ရှိလုပ်ဆောင်နေတဲ့ ပိတ်ဆို့မှုတွေ၊ ခြိမ်းခြောက်နေတဲ့ စကားလုံးတွေနဲ့ ဝါရှင်တန်ရဲ့ မတည်ငြိမ်တဲ့ ရပ်တည်ချက်တွေ၊ လွန်ကဲတဲ့ တောင်းဆိုချက်တွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသစ်တွေကို ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။
“အီရန်ရဲ့ ရေနံတင်ပို့မှုကို ကန့်သတ်ထားပြီး တခြားသူတွေအတွက် ဘေးကင်းလုံခြုံမှုကို မျှော်လင့်နေလို့ မရဘူး။ ရွေးချယ်စရာက ရှင်းပါတယ်။ အားလုံးအတွက် လွတ်လပ်တဲ့ ရေနံဈေးကွက်ဖြစ်မလား၊ ဒါမှမဟုတ် အားလုံးပဲ ကြီးမားတဲ့ ပေးဆပ်မှုတွေကို ရင်ဆိုင်မလားဆိုတာပါပဲ” လို့ အီရန်ရဲ့ ဒုသမ္မတ မိုဟာမက်ရီဇာ အာရက်ဖ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
တကယ်လို့ အီရန်ဘက်က သူချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ငြင်းပယ်မယ်ဆိုရင် အီရန်မှာရှိတဲ့ တံတားတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ တိုင်းကို ဖျက်ဆီးပစ်မယ်လို့ ထရမ့်က အစောပိုင်းမှာ သတိပေးခဲ့ပါတယ်။ ဒါဟာ စစ်ပွဲကာလတလျှောက် သူလုပ်နေကျ ခြိမ်းခြောက်မှုပုံစံပါပဲ။
အမေရိကန်က အီရန်ရဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ်ဆိုရင် အမေရိကန်အခြေစိုက်စခန်းတွေရှိတဲ့ အိမ်နီးချင်းပင်လယ်ကွေ့အာရပ်နိုင်ငံတွေရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရေချိုထုတ်စက်ရုံတွေကို ပြန်လည်တိုက်ခိုက်မယ်လို့ အီရန်က ပြောထားပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေဟာ စစ်ပွဲနဲ့ပတ်သက်တဲ့ ရှုပ်ထွေးနေတဲ့ သတင်းစကားတွေကို ကိုင်တွယ်နေရတာကြောင့် အာရှဈေးကွက် အဖွင့်မှာ Brent ရေနံစိမ်းဈေးဟာ ခုနစ်ရာခိုင်နှုန်းလောက် ခုန်တက်သွားပြီး တစည်ကို ၉၆.၈၅ ဒေါ်လာအထိ ဖြစ်သွားပါတယ်။ S&P 500 စတော့ဈေးကွက်ကတော့ ၀.၉ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။
Ref – CNA