အီရန်က ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးလိုက်ပေမဲ့ ပိတ်ဆို့တာတွေ မလုပ်ဖို့ အမေရိကန်ရေတပ်ကို အသိပေး

 

ပြီးခဲ့တဲ့အပတ်က အီရန်နဲ့ ဆွေးနွေးပွဲတွေ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားပြီးနောက်မှာ အီရန်ဆိပ်ကမ်းတွေကို သွားမယ့်သင်္ဘောတွေကို အမေရိကန်က ပိတ်ဆို့ထားပါတယ်။ 

 

 

​၁၈၊ ဧပြီ။ 

 

 အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးတဲ့နောက်မှာတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်မျှော်လင့်ချက်တွေ မြင့်တက်လာပြီး အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြားကို သောကြာနေ့မှာ ယာယီပြန်ဖွင့်ပေးလိုက်ပါတယ်။

 

ဒါပေမဲ့ အီရန်ဆိပ်ကမ်းတွေကို အမေရိကန်ရေတပ်က ပိတ်ဆို့ထားတာမျိုး ဆက်လုပ်နေမယ်ဆိုရင်တော့ အဆိုပါ အရေးပါတဲ့ ရေလမ်းကြောင်းကို ပြန်ပိတ်ပစ်နိုင်တယ်လို့ တီဟီရန်ဘက်က သတိပေးထားပါတယ်။

 

ကမ္ဘာ့စွမ်းအင်ကုန်သွယ်မှုရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ အဆိုပါ ရေလက်ကြားကို ကုန်သွယ်ရေးသင်္ဘောအားလုံး ဖြတ်သန်းခွင့်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အရတ်ချီက လူမှုကွန်ရက်ကနေ ကြေညာလိုက်ပါတယ်။

 

အစ္စရေးနဲ့ လက်ဘနွန်ကြား အမေရိကန်က ကြားဝင်စေ့စပ်ပေးတဲ့ ၁၀ ရက်ကြာ အပစ်ရပ်ရေးကာလအတွင်းမှာ အခုလို ဖွင့်ပေးတာပါ။ အီရန်ရဲ့မဟာမိတ် ဟစ်ဇဘိုလာအဖွဲ့က တိုက်ပွဲထဲဝင်လာပြီးနောက်မှာ အစ္စရေးက လက်ဘနွန်ကို ကျူးကျော်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

 

ဖေဖော်ဝါရီ ၂၈ ရက်က အစ္စရေးနဲ့ပူးပေါင်းပြီး အီရန်အပေါ် စစ်မီးစတင်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အရတ်ချီရဲ့ ကြေညာချက်ဟာ ကမ္ဘာကြီးအတွက် ကောင်းမွန်တောက်ပတဲ့ နေ့တနေ့လို့ အရီဇိုးနားက လူထုစည်းဝေးပွဲမှာ ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။ စစ်ပွဲကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရသလို ရေလက်ကြားဟာလည်း လက်တွေ့မှာ ပိတ်သွားခဲ့ရတာပါ။

 

ဒါပေမဲ့ နှစ်ဘက်စလုံးက နောက်ဆက်တွဲထုတ်ပြန်ချက်တွေနဲ့ ရှင်းလင်းချက်တွေကြောင့် သင်္ဘောတွေ ပုံမှန်အတိုင်းဘယ်လောက်မြန်မြန် ပြန်သွားလာနိုင်မလဲဆိုတာ မသေချာသေးပါဘူး။ 

 

သောကြာနေ့ကလည်း တချို့သင်္ဘောတွေ ရေလက်ကြားကို ဖြတ်ဖို့ကြိုးစားပေမဲ့ မအောင်မြင်ဘဲ ပြန်လှည့်သွားတာမျိုး တွေ့ခဲ့ရပါတယ်။

 

 

ပြီးခဲ့တဲ့အပတ်က အီရန်နဲ့ ဆွေးနွေးပွဲတွေ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားပြီးနောက်မှာ အီရန်ဆိပ်ကမ်းတွေကို သွားမယ့်သင်္ဘောတွေကို အမေရိကန်က ပိတ်ဆို့ထားပါတယ်။ 

 

အီရန်နဲ့ ကိစ္စရပ်တွေ ၁၀၀ ရာခိုင်နှုန်း ပြီးပြတ်တဲ့အထိ ပိတ်ဆို့ထားမယ်လို့ ထရမ့်က ပြောပါတယ်။

 

အီရန်ဘက်ကလည်း ဒါကို ပြင်းပြင်းထန်ထန် ပြန်တုံ့ပြန်ပါတယ်။ အမေရိကန်ရဲ့ ပိတ်ဆို့မှုသာ ဆက်ရှိနေမယ်ဆိုရင် ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ငါးပုံတပုံလောက်ကို သယ်ဆောင်ပေးနေတဲ့ ရေလက်ကြားဟာ ဆက်ပွင့်နေမှာမဟုတ်ဘူးလို့ အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကေ ကာလီဘတ်ဖ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

  

စစ်မဖြစ်ခင်ကနဲ့မတူဘဲ အခုဆိုရင် သင်္ဘောတွေအားလုံး အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နဲ့ ညှိနှိုင်းရမယ်လို့ အီရန်ကပြောထားပါတယ်။ ရန်လိုတဲ့အင်အားစုတွေဖြစ်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့နဲ့ ပတ်သက်တဲ့ စစ်သင်္ဘောတွေနဲ့ တခြားသင်္ဘောတွေကိုတော့ ဖြတ်သန်းခွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

သောကြာနေ့ညနေပိုင်းက ကွန်တိန်နာသင်္ဘောတွေ၊ ရေနံတင်သင်္ဘောတွေ အပါအဝင် သင်္ဘောအစင်း ၂၀ ခန့် ဟော်မုဇ်ရေလက်ကြားဘက်ကို ဦးတည်သွားနေတာ တွေ့ရပေမဲ့ အကြောင်းရင်း အတိအကျမသိရဘဲ အများစုဟာ နောက်ပြန်လှည့်သွားကြပါတယ်။

 

အဲဒီထဲမှာ ပြင်သစ်သင်္ဘောလိုင်း CMA CGM က သင်္ဘော သုံးစင်းလည်း ပါဝင်ပေမဲ့ ကုမ္ပဏီဘက်ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။ ဒါဟာ စစ်ပွဲစတင်ကတည်းကဆိုရင် ရေလက်ကြားကိုဖြတ်ဖို့ အများဆုံးကြိုးစားတဲ့ သင်္ဘောအုပ်စုလည်း ဖြစ်ပါတယ်။

 

အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး နှစ်ဘက်စလုံး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကလည်း မရှင်းလင်းသေးပါဘူး။ဒါဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဓိက အငြင်းပွားစရာဖြစ်နေပြီး အီရန်ကတော့ သူတို့ရဲ့ နျူကလီးယားလုပ်ငန်းဟာငြိမ်းချမ်းတဲ့ စွမ်းအင်ကဏ္ဍအတွက်ပဲ ဖြစ်တယ်လို့ ခုခံပြောဆိုနေပါတယ်။

 

 အီရန်မှာ သိုလှောင်ထားတဲ့ သန့်စင်ပြီး ယူရေနီယံတွေကို အမေရိကန်က ဖယ်ရှားပစ်မယ်လို့ ထရမ့်က ရိုက်တာကို ပြောပါတယ်။ဒါပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီကတော့ အဆိုပါ ပစ္စည်းတွေကို ဘယ်ကိုမှရွှေ့ပြောင်းပေးမှာမဟုတ်ဘူးလို့ အစိုးရရုပ်သံကနေ ပြန်ပြောပါတယ်။

 

နောက်ထပ် အီရန်အဆင့်မြင့်အရာရှိတဦးကတော့ လာမယ့်အပတ်မှာ ကုန်ဆုံးတော့မယ့် အပစ်ရပ်ရေးကို သက်တမ်းတိုးဖို့အတွက်အကြိုသဘောတူညီချက်တခု လာမယ့်ရက်ပိုင်းအတွင်း ရနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

 

အဲဒီလို သက်တမ်းတိုးနိုင်မှသာ အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့နဲ့ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးရဖို့ ဆွေးနွေးချိန်ပိုရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

 

 Ref – Reuters