သင်္ကြန်လည်ဖို့ မူးယစ်ဆေးရောင်းပြီး ပိုက်ဆံရှာနေတဲ့ PDF  လင်မယားကို ထိုင်းရဲဖမ်းဆီးဆိုတဲ့ သတင်းအမှား

သင်္ကြန်လည်ဖို့ မူးယစ်ဆေးရောင်းပြီး ပိုက်ဆံရှာနေတဲ့ PDF  လင်မယားကို ထိုင်းရဲဖမ်းဆီးဆိုတဲ့ သတင်း အမှား

 

၂၀၂၆ ခုနှစ်၊ မတ်လ  ၁၁   ရက်

(Factcheck/ DNA / The Red Flag)

 

☑️အနှစ်ချုပ်

ထိုင်းနိုင်ငံမှာ သင်္ကြန်လည်ဖို့အတွက် မူးယစ်ဆေးရောင်းပြီး ပိုက်ဆံရှာနေတဲ့ PDF လင်မယား ၂ ဦးကို ထိုင်း ရဲတပ်ဖွဲ့ဖမ်းဆီး…လို့ရေးသားထားပြီး ဓါတ်ပုံ ၁ ပုံနဲ့အတူ ဖြန့်ဝေမှုတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ ဒီသတင်းကို DNA က စစ်ဆေးကြည့်တဲ့အခါ မှားယွင်းချိတ်ဆက်ထားတဲ့ သတင်းမှားဖြစ် တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

 

☑️ဖြန့်ဝေထားတဲ့အကြောင်းအရာ

“သင်္ကြန်လည်ရန်အတွက် မူးယစ်ဆေးရောင်ပြီး ပိုက်ဆံရှာနေတဲ့ pdf  လင်မယားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ ဖမ်းဆီး..”လို့(မူရင်းအရေးအသားအတိုင်း) ရေးသားထားပြီး ဓါတ်ပုံ ၁ ပုံနဲ့အတူ ဖြန့်ဝေမှုကို ၂၀၂၆ ခုနှစ်၊ ဧပြီ  ၈ ရက်မှာ စစ်တပ်လော်ဘီ မှိုင်းဝေ တယ်လီဂရန်ချန်နယ်ကနေ  စတင်ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

မှိုင်းဝေ- https://archive.ph/fCTkF 

 

ဒီဖြန့်ဝေမှုကို မှိုင်းဝေ ချန်နယ်မှာ Reaction 589, View 22,222 ကျော်နဲ့ Share 5 ဦး ရှိခဲ့ပြီး  စိတ်ဝင်စား မှုများပြားနေခဲ့တာကို တွေ့ရပါတယ်။

 

ဒါအပြင် အခြား စစ်လော်ဘီတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ သံတော်ဆင့်၊ ဖိုးမောင်၊ နောင်ရိုးဟစ်တိုင် စတဲ့ ချန်နယ်တွေကနေ ထပ်ဆင့်ကူးယူမျှဝေခဲ့တာကိုလည်း တွေ့ရပါတယ်။

သံတော်ဆင့်- https://archive.ph/zSGtF 

ဖိုးမောင်- https://archive.ph/bsfhT 

နောင်ရိုးဟစ်တိုင်- https://archive.ph/Va7zw 

 

အဲဒီပျံ့နှံ့နေတဲ့ သတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေးကြည့်တဲ့အခါ ထိုင်းရဲဖမ်းဆီးခံရတဲ့ သင်္ကြန်လည်ဖို့ မူးယစ်ဆေးရောင်းခဲ့တဲ့ လင်မယားဆိုတာဟာ မြန်မာနိုင်ငံက PDF တွေမဟုတ်ဘဲ ထိုင်းနိုင်ငံသားလင်မယား ၂ ဦးသာဖြစ်ပြီး PDF တွေကို အထင်မှားစေဖို့ လုပ်ကြံဖန်တီးရေးသားဖြန့်ဝေခဲ့တဲ့ သတင်းမှားဖြစ်တာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

ဖြန့်ဝေထားတဲ့ အကြောင်းအရာမှာပါဝင်တဲ့ ပုံကို Google Lensနဲ့ ရှာဖွေလိုက်တဲ့အခါမှာတော့ ထိုင်းနိုင်ငံ မှာဖြစ်ပွားခဲ့တဲ့ မှုခင်းသတင်းတပုဒ်က ဓာတ်ပုံနဲ့ တူညီနေတာကိုတွေ့ရပါတယ်။ အဲ့ဒီသတင်းကတော့ “၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်မှာ ထိုင်းနိုင်ငံ၊ ဖီချစ်မြို့လယ်က ဟိုတယ်တခုမှာ ထိုင်းနိုင်ငံသား အသက် ၃၅ နှစ်အရွယ် မစ္စရတီယာပွန်နဲ့အသက် ၃၁ နှစ်အရွယ် မစ္စတာသာနာဒေါလ် တို့ကို ထိုင်းရဲတပ်ဖွဲ့က သတင်းအရ ရှာဖွေခဲ့ ရာ လိမ္မော်ရောင် မက်သာဖက်တမင်းဆေးပြား ၆ ပြားကို တွေ့ရပြီး  မစ္စတာသာနာဒေါလ်ရဲ့ နေအိမ်မှာ ဝှက် ထားတဲ့ မက်သာဖက်တမင်း ဆေးပြား ၆၁၅၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့တဲ့သတင်း ဖြစ်ပါတယ်။ 

 

အဲဒီထိုင်းစုံတွဲဟာ ကမ္ဘောဒီးယားနိုင်ငံသားတဦးထံက မက်သာဖက်တမင်းဆေးပြားတွေကို သင်္ကြန်အတွင်း အသုံးစရိတ်ရဖို့ ပြန်လည်ရောင်းချရန်အတွက် ဝယ်ယူခဲ့ပြီး အနဲငယ်သာရောင်းချခဲ့ရပြီးချိန် အဖမ်းခံရခြင်း ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းကို ထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod ကရေးသားထားတာကို တွေ့ရှိရ ပါတယ်။

Khaosod – https://archive.ph/Enoiz 

“ထိုင်းနိုင်ငံ၊ ဖိကျစ်ခရိုင်၊ ဖိကျစ်မြို့လယ်က ဟိုတယ်တခုမှာ လူစုလူဝေးနဲ့ သင်္ကြန်ကာလ အပန်းဖြေ လည် ပတ်ဖို့ အသုံးစရိတ်ရှာတဲ့အနေနဲ့ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ ထိုင်းနိုင်ငံသား အသက် ၃၅ နှစ်အရွယ် အမျိုးသမီးနဲ့ ၃၁ နှစ်အရွယ်အမျိုးသား ထိုင်းလင်မယားနှစ်ဦးကို သတင်းအရ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ စိတ်ကြွဆေးပြား ၆,၁၅၀ ပြားနဲ့အတူ ဖမ်းဆီးရမိတယ်လို့ MPA သတင်းဌာနက ၂၀၂၆ ဧပြီ ၈ ရက်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

MPA – https://archive.ph/XsZ3l 

 

“သင်္ကြန်လည်ရန်အတွက် မူးယစ်ဆေးရောင်းပြီး ပိုက်ဆံရှာဖွေလို့ ထိုင်းရဲအဖမ်းခံရတဲ့ လင်မယား ၂ ဦးဟာ PDF တွေမဟုတ်ဘဲ ထိုင်းနိုင်ငံသား စုံတွဲသာဖြစ်ပြီး PDF တွေကို နာမည်ဖျက်ရေးထားတဲ့ သတင်းအမှား ဖြစ်တယ်” ဆိုပြီး ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက်မှာ MPA  က  အချက်အလက်စစ်ဆေးရေးသားထားတာကို တွေ့ရ ပါတယ်။

MPA – https://archive.ph/B3QCX 

 

☑️သုံးသပ်ချက် 

အထက်မှာဖော်ပြထားတဲ့အချက်တွေနဲ့ စိစစ်လိုက်မယ်ဆိုရင် သင်္ကြန်သုံးဖို့အတွက် မူးယစ်ဆေးရောင်းချတဲ့ လင်မယားဟာ ထိုင်းလူမျိုးလင်မယား ၂ ဦးဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရမှာဖြစ်ပါတယ်။ 

ဒါကြောင့် မူးယစ်ဆေးရောင်းပြီး ပိုက်ဆံရှာတဲ့ pdf လင်မယားကို ထိုင်းရဲဖမ်းဆီးဆိုတဲ့သတင်းဟာ PDF တပ်ဖွဲ့ဝင်တွေကို အထင်မှားစေလိုတဲ့ရည်ရွယ်ချက်အပြင် ပြည်သူတွေအကြား PDF တပ်ဖွဲ့ဝင်အမည်ပျက် စေအောင် ပုံဖျက်ရေးသားဖြန့်ဝေတဲ့သတင်းမှားဖြစ်သာ ဖြစ်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

#DNAFactCheck #DNA #MFCN #FactCheck #သတင်းတု_သတင်းမှား #အချက်အလက်စိစစ်ချက်