အမေရိကန် ရှေ့နေချုပ် ပမ် ဘွန်ဒီကို ထရမ့် ရာထူးက ထုတ်ပယ်

အက်ပ်စတိုင်း ဖိုင်တွဲတွေနဲ့ ပတ်သက်ပြီးထရမ့်ရဲ့ မဟာမိတ်တွေနဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်အချို့အပါအဝင် လူအများရဲ့ ဝေဖန်မှုတွေကို  အကြိမ်ကြိမ် ခံခဲ့ရတာက ဘွန်ဒီရဲ့ ရာထူးသက်တမ်းကို လွှမ်းမိုးသွားခဲ့ပါတယ်။

 

၃၊ ဧပြီ။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရှေ့နေချုပ် ပမ်ဘွန်ဒီကို ကြာသပတေးနေ့မှာ ရာထူးကနေဖယ်ရှားလိုက်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

 

ဘွန်ဒီရဲ့ လုပ်ဆောင်ချက်တွေအပေါ် ထရမ့်က စိတ်ပျက်နေတာ ကြာပြီဖြစ်သလို အထူးသဖြင့်ကွယ်လွန်သွားပြီဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိုင်းနဲ့ ပတ်သက်တဲ့ ဖိုင်တွဲတွေ ထုတ်ပြန်တဲ့ကိစ္စမှာ ပိုပြီး အားမလိုအားမရ ဖြစ်ခဲ့တာပါ။

 

ဒါ့အပြင် သူ ရာဇဝတ်မှုနဲ့ တရားစွဲစေချင်တဲ့ သူ့ရဲ့ ဝေဖန်သူတွေ ၊ ရန်သူတွေကို အရေးယူဖို့ကိစ္စမှာလည်း ဘွန်ဒီက လုံလောက်အောင် မြန်မြန်ဆန်ဆန် မလုပ်ဆောင်ဘူးလို့ ထရမ့်က ယူဆနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

 

ထရမ့်ရဲ့ ကိုယ်ရေးကိုယ်တာ ရှေ့နေဟောင်းဖြစ်ခဲ့ဖူးသူ ဒုတိယရှေ့နေချုပ် တော့ဒ်ဘလန့်ချ်က တရားရေးဌာနကို ယာယီ ဦးဆောင်သွားမယ်လို့ ထရမ့်က ဆိုရှယ်မီဒီယာပို့စ်ကနေ ပြောခဲ့ပါတယ်။

 

အဲဒီပို့စ်မှာပဲ ထရမ့်က ဘွန်ဒီကို “ကြီးကျယ်တဲ့ အမေရိကန်မျိုးချစ်တယောက်နဲ့ သစ္စာရှိတဲ့သူငယ်ချင်း” လို့ ချီးကျူးခဲ့သလို ရာဇဝတ်မှုတွေကို အကြီးအကျယ် နှိမ်နင်းနိုင်ခဲ့သူလို့လည်းဖော်ပြခဲ့ပါတယ်။

 

ဘွန်ဒီဟာ မကြာခင်မှာ ပုဂ္ဂလိကကဏ္ဍက အလုပ်တခုကို ပြောင်းရွှေ့လုပ်ကိုင်တော့မယ်လို့ ထရမ့်က ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။

 

ဘွန်ဒီကလည်း သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ “အမေရိကန်ပြည်ထောင်စုကို ပိုပြီး ဘေးကင်းလုံခြုံအောင် လုပ်ဆောင်တဲ့ သမ္မတထရမ့်ရဲ့ သမိုင်းဝင်ပြီး အောင်မြင်တဲ့ ကြိုးပမ်းမှုတွေမှာ ဦးဆောင်ခွင့်ရတာဟာ ဘဝအတွက် ဂုဏ်ယူစရာပါပဲ” လို့ ရေးသားခဲ့ပါတယ်။

 

လာမယ့်တလအတွင်းမှာ သူရဲ့ တာဝန်တွေကို ဘလန့်ချ်ဆီ လွှဲပြောင်းပေးသွားမယ်လို့ ဆိုပါတယ်။ ဘလန့်ချ်ကလည်း ထရမ့်ကို ကျေးဇူးတင်စကား ပြောကြားခဲ့သလို ဘွန်ဒီကိုလည်းချီးကျူးခဲ့ပြီး

 

အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး ဥပဒေအရာရှိအဖြစ် တာဝန်ယူခဲ့တဲ့ ကာလတလျှောက်မှာ ဘွန်ဒီဟာ ထရမ့်ရဲ့ မူဝါဒတွေကို တက်တက်ကြွကြွ အကောင်အထည်ဖော်ပေးသူ ဖြစ်ခဲ့ပါတယ်။

 

ဒါပေမဲ့ အက်ပ်စတိုင်း ဖိုင်တွဲတွေနဲ့ ပတ်သက်ပြီးထရမ့်ရဲ့ မဟာမိတ်တွေနဲ့ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်အချို့အပါအဝင် လူအများရဲ့ ဝေဖန်မှုတွေကို  အကြိမ်ကြိမ် ခံခဲ့ရတာက သူ့ရဲ့ရာထူးသက်တမ်းကို လွှမ်းမိုးသွားခဲ့ပါတယ်။

 

ချမ်းသာကြွယ်ဝပြီး သြဇာရှိသူတွေနဲ့ ပတ်သက်မှုရှိတဲ့ ငွေကြေးဓနရှင် အက်ပ်စတိုင်းရဲ့ လိင်ကုန်ကူးမှု စုံစမ်းစစ်ဆေးချက် မှတ်တမ်းတွေကို ဘွန်ဒီက ဖုံးကွယ်ထားတယ် ဒါမှမဟုတ် ထုတ်ပြန်တဲ့နေရာမှာ စီမံခန့်ခွဲမှု မှားယွင်းတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

 

လက်ရှိမှာတော့ သူ့ရဲ့နေရာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီရဲ့ အုပ်ချုပ်ရေးမှူး လီ ဇဲဒင်နဲ့ အစားထိုးဖို့ထရမ့်က စဉ်းစားနေသလို တခြားလောင်းလျာတွေကိုလည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။

Ref – Reuters