စပါးစျေးတွေ ထိုးကျနေပေမယ့် ဆန်စျေးက တက်နေ

စပါးစျေး မတက်ပေမယ့် သယ်ယူစရိတ်တွေ တက်တယ်။ ဆီစျေးတွေ စက်ရုံလည်ပတ်စရိတ်တွေ တက်တယ်၊ အဲဒါကြောင့် စျေးတက်နေတာ”

၁၊ ဧပြီ။

ဧရာ၀တီတိုင်းအတွင်းမှာ နွေစပါးပေါ်ချိန် စပါးစျေးတွေ ထိုးကျနေပေမယ့် ဆန်စျေးကတော့ တဖြည်းဖြည်းမြင့် တက်လာနေပြီး ထပ်တက်လာနိုင်သေးတယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။

“ဆီ(စက်သုံးဆီ)စျေးကြောင့် ပြောရမယ်။ မီးမလာတော့ တချို့ဆန်စက်တွေ ရပ်ထားရတယ်။ ဂက်စ်နဲ့လည်တဲ့ စက်တွေပဲပုံ မှန်လည်တယ်။ ဆီစျေးကြီးတော့ မီးစက်နဲ့ကြိတ်ရတဲ့စက်တွေ အဆင်မပြေတော့ဘူး။ ထပ်တောင်တက်လာနိုင် သေးတယ် ဒီအတိုင်းဆိုရင်” လို့ ပုသိမ်မြို့နယ်မှ ဆန်စက်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ ပေါ်ဆန်းမွှေးဆန်တအိတ်ကို ကျပ်တသိန်းခွဲကနေ တသိန်းကိုးသောင်းဝန်းကျင်ထိ စျေးရှိနေပြီး မနော သုခ(မိုး)တအိတ်ကို ၇၃၀၀၀၊ မနောသုခ(နွေ)တအိတ်ကို ၆၄၀၀၀၊ ရက်ကိုးဆယ် တအိတ်ကို ရှစ်သောင်း၊ G11 စာဖိုးသာ တအိတ်ကို ခြောက်သောင်းဝန်ကျင် စျေးရှိနေပါတယ်။

အရင်တုန်းကတော့ ပေါ်ဆန်းမွှေဆန်တအိတ်ကို ကျပ်တသိန်းသုံးသောင်းကနေ တသိန်းခြောက်သောင်းခွဲဝန်း ကျင်နဲ့ မနောသုခဆန်ဟာ ကျပ်ခြောက်သောင်းဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး အခုလပိုင်းအတွင်း စျေးတက်လာခဲ့ တာလို့ ဆိုပါတယ်။

မြောင်းမြမြို့နယ်မှ ဆန်ရောင်းဝယ်ရေးလုပ်နေသူ တဦးကလည်း “ကုန်ကျစရိတ်တွေများလို့ တက်တာပါ။ စပါးစျေး မတက်ပေမယ့် သယ်ယူစရိတ်တွေ တက်တယ်။ ဆီစျေးတွေ စက်ရုံလည်ပတ်စရိတ်တွေ တက်တယ်၊ အဲဒါကြောင့် စျေးတက်နေတာ” လို့ ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ စပါးကြိတ်ခွဲစက်ရုံတွေထဲက အချို့ဟာ စက်သုံးဆီဝယ်မရတာကြောင့် မကြိတ်ခွဲဘဲ စက်ရုံကို ရပ်ထားကြတယ်လို့လည်း ပြောကြပါတယ်။ “ဆီက ဝယ်မရဘူး။ မီးမရတော့ မီးစက်နဲ့ မောင်းရင် တရက်ကို တပေပါလောက် ကုန်တယ်။ ဝယ်ထားတဲ့ မီးစက်တွေတောင် ရောင်းရမလိုဖြစ်နေပြီ” လို့ ဧရာ၀တီတိုင်းအတွင်းမှ ဆန်စက်လုပ်ငန်းရှင်နောက်တဦးက ပြောပါတယ်။

နယ်ကျေးရွာတွေမှာတော့ ဆန်စျေးဟာ စျေးပိုတက်နေပြီး အခြေခံ လက်လုပ်လက်စားတွေမှာ အလုပ်အကိုင်ရှား ပါး၊ စက်သုံးဆီရှားပါးမှုကြောင့် ပင်လယ်ပြင်ငါးဖမ်းမထွက်ရတော့ စားဝတ်နေရေးအကြပ်အတည်းတွေနဲ့ ကြုံနေ ကြရပါတယ်။

“ဆန်ရော အကုန်လုံး စျေးတက်တယ်။ ဆန်ကြမ်းတပိုင်းကို လေးသောင်းကျော်တောင် ပေးရတယ်။ လက်လုပ် လက်စားတွေက အခု မလွယ်ဘူး။ တော်တော်ကြီးကို ကြပ်တည်းတယ်” လို့ ဖျာပုံမြို့နယ် အမာမြို့မှ ဒေါ်မစိန်လှက ပြောပါတယ်။

စပါးအဓိက စိုက်ပျိုး၊ သက်မွေးကြတဲ့ ဧရာ၀တီတိုင်းအတွင်းမှာ နွေစပါးပေါ်လာချိန် စပါးတင်းတရာကို ကျပ် ၁၁ သိန်းဝန်းကျင်ထိ စျေးကျသွားခဲ့ပြီး လယ်သမားတွေမှာ အရှုံးပေါ်နေကြတာပါ။ အချို့လယ်သမားတွေဆိုရင် စက် သုံးဆီဝယ်မရ၊ စျေးကြီးတာ၊ ထွက်လာမယ့် စပါးစျေးကျနေတဲ့ အခြေအနေတွေကြောင့် စပါးခင်းတွေကို မရိတ်သိမ်းတော့ပဲ ထားလိုက်ဖို့အထိ စဉ်းစားနေကြတယ်လို့ ပြောပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ စပါးစျေးမကောင်းလို့ လယ်သမားတွေ အရှုံးပေါ် အခက်အခဲ ဖြစ်နေကြချိန် စစ်ကော်မရှင်ရဲ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကလည်း သူတို့ထုတ်ချေးထားတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီ ပြန်ဆပ်ကြဖို့ ဖိအားပေး၊ ခြိမ်းခြောက် တောင်းခံတာတွေလည်း ရှိနေပါတယ်။

ဧရာ၀တီတိုင်းအတွင်းမှာ အသားတင်စိုက်ပျိုးမြေဧက ၄၈ သိန်းကျော်ရှိပြီး မိုးစပါးစိုက်ဧက ၃၈ သိန်းနီးပါးရှိပေမယ့် အခုနှစ်တွေမှာတော့ စပါးစိုက်ဧက သိန်းနှစ်ဆယ်ဝန်းကျင်ပဲ ရှိတော့ပြီး ထက်ဝက်ဝန်းကျင်ထိ လျော့ကျသွားခဲ့ တယ်လို့ လယ်သမားအရေးဆောင်ရွက်သူတွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။