
နိုင်ငံတကာ အမျိုးသမီးမီဒီယာဖောင်ဒေးရှင်း (IWMF) ရဲ့ အဆိုအရ ကစ်တယ်လ်ဆင်ဟာ အရှေ့အလယ်ပိုင်းဒေသမှာအတွေ့အကြုံရှိတဲ့ တရားဝင်အသိအမှတ်ပြု သတင်းထောက်တဦးဖြစ်ပြီး ရောမမြို့မှာ အခြေစိုက်တယ်လို့ သိရပါတယ်။
၁၊ ဧပြီ။
အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မြို့မှာ မတ်လ ၃၁ ရက်အင်္ဂါနေ့က အမေရိကန် အမျိုးသမီးသတင်းထောက်တဦး ပြန်ပေးဆွဲခံလိုက်ရပါတယ်။
အီရန်ကျောထောက်နောက်ခံပြုထားတဲ့ အီရတ်လက်နက်ကိုင်အဖွဲ့တခုက လုပ်ဆောင်တာလို့ သံသယရှိကြောင်း အမေရိကန်က ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ဒေသတွင်း လုံခြုံရေးအခြေအနေတွေ ဆိုးရွားနေတဲ့အချိန်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အဆိုပါ သတင်းထောက်ကို လုံခြုံရေးအန္တရာယ်ရှိနိုင်ကြောင်း ကြိုတင်သတိပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုအခါမှာတော့ အဆိုပါ အမေရိကန်သတင်းထောက် အမြန်ဆုံးပြန်လည်လွတ်မြောက်လာဖို့အတွက် လုပ်ဆောင်နေတယ်လို့ပြောပါတယ်။
“ဒီပြန်ပေးဆွဲမှုမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆရတဲ့ အီရန်ဘက်တော်သား ခါတာအစ်ဘ် ဟစ်ဇ်ဘိုလာပြည်သူ့စစ်အဖွဲ့နဲ့ဆက်နွှယ်သူတဦးကို အီရတ်အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ” လို့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ဆက်ဆံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒီလန် ဂျွန်ဆင်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အဲဒီလူတွေ ထွက်ပြေးဖို့ ကြိုးစားချိန်မှာ သူတို့စီးလာတဲ့ ကားမှောက်သွားခဲ့ပြီး အာဏာပိုင်တွေက ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာလို့ အီရတ်ဘက်က ပြောပါတယ်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သံသယရှိသူတဦးကို ဖမ်းဆီးနိုင်ခဲ့သလို ရာဇဝတ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ကားတစီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်” လို့ အီရတ်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ပြန်ပေးဆွဲမှုဟာ ဘဂ္ဂဒတ်မြို့ထဲမှာ ဖြစ်ပွားခဲ့တာလို့ အီရတ်လုံခြုံရေး သတင်းရင်းမြစ်တခုက AFP သတင်းဌာနကိုပြောပါတယ်။
ဒါပေမဲ့ အီရတ်အာဏာပိုင်တွေကတော့ ကျူးလွန်သူနဲ့ ပြန်ပေးဆွဲခံရသူ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ပြန်ပေးဆွဲခံရသူဟာ အလွတ်တန်းသတင်းထောက် ရှယ်လီ ကစ်တယ်လ်ဆင်ဖြစ်တယ်လို့ မီဒီယာအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေနဲ့ သူအလုပ်လုပ်ကိုင်ပေးနေတဲ့ Al-Monitor သတင်းဌာနက အတည်ပြုပါတယ်။
Al-Monitor က ထုတ်ပြန်ချက်တခုမှာ ကစ်တယ်လ်ဆင် ပြန်ပေးဆွဲခံရတာနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်မိတယ်လို့ပြောထားပြီး သူ့ကို ဘေးကင်းလုံခြုံစွာနဲ့ ချက်ချင်းလွှတ်ပေးဖို့တောင်းဆိုထားပါတယ်။
“ဒီဒေသကနေ သူ တင်ပြနေတဲ့ အရေးကြီးတဲ့ သတင်းပေးပို့ချက်တွေဘက်က ကျွန်တော်တို့ ရပ်တည်ပါတယ်။ သူ့ရဲ့ အရေးပါတဲ့ အလုပ်တွေကို ဆက်လုပ်နိုင်ဖို့ အမြန်ဆုံးပြန်လာနိုင်ပါစေလို့လည်း တောင်းဆိုပါတယ်” လို့ သတင်းဌာနက ဆိုပါတယ်။
နိုင်ငံတကာ အမျိုးသမီးမီဒီယာဖောင်ဒေးရှင်း (IWMF) ရဲ့ အဆိုအရ ကစ်တယ်လ်ဆင်ဟာ အရှေ့အလယ်ပိုင်းဒေသမှာအတွေ့အကြုံရှိတဲ့ တရားဝင်အသိအမှတ်ပြု သတင်းထောက်တဦးဖြစ်ပြီး ရောမမြို့မှာ အခြေစိုက်တယ်လို့ သိရပါတယ်။
ဘဂ္ဂဒတ်မြို့ဟာ အရင်က ပြန်ပေးဆွဲမှုတွေနဲ့ နာမည်ကြီးခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ နိုင်ငံရဲ့ လုံခြုံရေးအခြေအနေ တိုးတက်လာတာကြောင့် ဒီလိုဖြစ်ရပ်တွေ နည်းပါးသွားခဲ့တာပါ။
၂၀၂၃ ခုနှစ်တုန်းကလည်း အစ္စရေး-ရုရှား ပညာရှင်တဦးဖြစ်တဲ့အဲလိဇဘတ် ဆာကော့ဗ်ဟာ ဘဂ္ဂဒတ်မှာ ပြန်ပေးဆွဲခံခဲ့ရပါတယ်။ သူဟာ နှစ်နှစ်ကြာ ဖမ်းဆီးခံထားရပြီး မနှစ်ကမှ ပြန်လွတ်လာခဲ့တာပါ။
ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကိုတိုက်ခိုက်ပြီးတဲ့နောက် အီရန်က ဩဇာလွှမ်းမိုးထားတဲ့ ရှီယိုက်လက်နက်ကိုင် အဖွဲ့တွေရှိတဲ့ အီရတ်နိုင်ငံအတွင်း အမေရိကန် နိုင်ငံသားတွေအတွက် အန္တရာယ်တွေ ပိုများလာနိုင်တယ်လို့ အမေရိကန်က သတိပေးထားပါတယ်။
Ref – AFP