သေနတ်ပြောင်းဝအောက်က အတုအယောင် ရွေးကောက်ပွဲနဲ့ အသွင်ပြောင်း စစ်အာဏာရှင်အစိုးရအဖွဲ့
၂၀၂၆ မတ် ၂၉
Fact Check – DNA
အာဏာသိမ်းစစ်တပ်က ၂၀၂၁ အဏာသိမ်းပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲကို နိုင်ငံတည်ငြိမ်မှုနဲ့ အသွင်းကူးပြောင်းမှုဖြစ်လာမယ်လို့ ပြောဆိုခဲ့ပြီး၂၀၂၅နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ ဇန်နဝါရီလမှာ အပိုင်း၃ပိုင်းခွဲပြီး ကျင်းပခဲ့တဲ့ အတုအယောင်ရွေးကောက်ပွဲမှာ စစ်တပ်ကျောထောက်နောက်ခံရှိတဲ့ ကြံ့ဖွံ့ပါတီ (USDP) က အများဆုံးအနိုင်ရရှိခဲ့ပြီး လွှတ်တော်ကို မတ်လ ၂၀၂၆မှာ ခေါ်ယူခဲ့ပါတယ်။
စစ်တပ်ဘက်က ဒီရွေးကောက်ပွဲကို ပြည်သူ့လက်ထဲ အာဏာပြန်ရောက်မယ့် လုပ်ဆောင်ချက်လို့ ဖော်ပြ
ခဲ့ပေမယ့် နိုင်ငံတကာလေ့လာသူတွေနဲ့ အဖွဲ့အစည်းတွေက ဒီရွေးကောက်ပွဲကို အတုအယောင်ရွေးကောက်ပွဲလို့ သတ်မှတ်ပြောဆိုခဲ့ကြပါတယ်။
အကြောင်းအရင်းက အဓိကအတိုက်အခံပါတီတွေကို ပါယ်ဖျက်တာ၊ နိုင်ငံရေးအကျဥ်းသားတွေကို ဖမ်းဆီးထိန်းသိမ်းတာ၊ မီဒီယာကန့်သတ်ချက်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့နယ်မြေတွေမှာ မဲဆွယ်နိုင်တာမျိုးမရှိတာကြောင့်ဖြစ်ပါတယ်။
ရွေးကောက်ပွဲကာလအတွင်းမှာလည်း စစ်တပ်က လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲပြီး လွှတ်တော် ကျင်းပတဲ့အချိန်မှာလည်း ပြည်တွင်းစစ်အခြေအနေ မတည်ငြိမ်မှုနဲ့ နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ သူ့ရဲ့လက်ပါးစေတွေက ရွေးကောက်ပွဲမကျင်းပခင် ကာလကတည်းက နိုင်ငံတော်တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို ဖန်တီးမယ်လို့ ကြေညာခဲ့သလို ဒီအတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတော်တည်ငြိမ်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတခုလို့ သတ်မှတ်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်အစိုးရရဲ့ ရွေးကောက်ပွဲမကျင်းပခင်ပြောဆိုချက် >>> https://bit.ly/4sELJtS
ဒါပေမဲ့လက်တွေ့အခြေအနေက ဒီပြောဆိုချက်တွေနဲ့ ဆန့်ကျင်နေတာပါ။
ရွေးကောက်ပွဲကာလအတွင်းမှာ စစ်တပ်ကလေကြောင်း တိုက်ခိုက်မှု ၄၀၈ကြိမ်ပြုလုပ်ခဲ့တာကြောင့် ၂၀၂၅ ဒီဇင်ဘာလကနေ ၂၀၂၆ ဇန်နဝါရီအတွင်း အရပ်သား ၁၇၀ဦးသေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ ထုတ်ပြန်ချက် >>> https://bit.ly/4uNk1wi
စစ်တပ်ရဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေမှာ ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုပြီးပြုလုပ်ခဲ့သလို အဲ့ဒီဒေသတွေမှာရှိတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် ရွေးကောက်ပွဲကျင်းပတဲ့ ကာလအတွင်းမှာပဲ အာဏာသိမ်းစစ်တပ်က အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ဖြစ်စဥ်တွေလည်း မြင့်တက်လာတာကိုတွေ့ရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက ဒါးကျွန်း၊ တန်းဆောင်း၊ ပြည်တော်သာ၊ အိုင့်မ၊ တလုပ်မြို့ ကျေးရွာတွေက နေအိမ်ပေါင်း ၁၆၀၀ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဆုံးရှုံးမှု များပြားခဲ့ပါတယ်။
Data For Myanmar ရဲ့ ထုတ်ပြန်ချက် >>> https://shorturl.at/wxv9C
Data For Myanmar ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ မေ ကနေ ၂၀၂၅ ဩဂုတ်အထိ နေအိမ်စုစုပေါင်း ၁၁၉,၄၁၁ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရသလို အဲ့ဒီအထဲက ၁၁၅,၅၆၈ လုံး – (တနိုင်ငံလုံးဆိုင်ရာ ၉၇ရာခိုင်နှုန်းကျော်) ဟာ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေ ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။
စစ်ကိုင်းတိုင်းဒေသတခုတည်းမှာပဲ ၇၇,၇၀၀လုံးကျော် (တနိုင်ငံလုံးဆိုင်ရာ ၆၅ရာခိုင်နှုန်းကျော်) မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။
Data For Myanmar ရဲ့ ၂၀၂၆ ဖေဖော်ဝါရီ ၁၉ ထုတ် အစီရင်ခံစာ >>> https://shorturl.at/O7tPG
အတုအယောင် ရွေးကောက်ပွဲကာလမှာ အဲ့ဒီမီးရှို့ဖျက်ဆီးမှုတွေ ပြန်မြင့်တက်လာတာဟာ အာဏာသိမ်းစစ်တပ်က တော်လှန်ရေးအင်အားစုကိုပံ့ပိုးမှုရှိတယ်လို့ ယူဆတဲ့ ဒေသတွေကို ဖိနှိပ်ဖို့ရည်ရွယ်ချက်နဲ့ အဓိလုပ်ဆောင်နေတာဖြစ်တယ်လို့ လေ့လာသူတွေသူတွေက သုံးသပ်ကြပါတယ်။
ရွေးကောက်ပွဲကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်ယူတဲ့ ကာလမှာလည်း ပဋိပက္ခတွေက လျှော့နည်းသွားတာမျိုးမရှိဘဲ ဆက်လက်ပြင်းထန်နေတာပါ။
စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်ထိုးစစ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကိုလည်း ကိုတွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ပြီးခဲ့တဲ့ မတ် ၂၆က မလှိုင်မြို့နယ်မှာ အရပ်သားပြည်သူ ၄ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့အကြောင်း People’s Spring က ဖော်ပြထားတဲ့သတင်း >>> https://bit.ly/4bI7qBK
နိုင်ငံရဲ့ နယ်မြေထိန်းချုပ်မှုအခြေအနေအရ အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံရဲ့ ၃၀ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းအထိကိုပဲ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေက နယ်မြေအများစုကို ထိန်းချုပ်မှုရှိနေသလို တချို့နယ်မြေတွေမှာလည်း နှစ်ဖက်စစ်ရေးပြင်းထန်နေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
စစ်တပ်ရဲ့နယ်မြေစိုးမိုးမှုအကြောင်း SWP Berlin ထုတ်ပြန်ထာတဲ့ အစီရင်ခံစာ >>> https://bit.ly/4bFiroM (Myanmar’s current “polycrisis” ခေါင်းစဥ်အောက်မှာဖတ်ရန်)
ဒီအခြေအနေဟာ စစ်ကောင်စီရဲ့ တည်ငြိမ်းရေးဆိုတဲ့ ပြောစကားနဲ့ ဆန့်ကျင်နေတာကိုတွေ့ရပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအပြီးကာလမှာလည်း နိုင်ငံရဲ့စီးပွားရေးဆက်တိုက်ကျဆင်းနေသလို ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ဂျီဒီပီ (GDP) ၂ ရာခိုင်နှုန်း ကျုံ့ဝင်မယ်လို့ ခန့်မှန်းထားတာကိုတွေ့ရပြီး ရေရှည်မှာ နိုင်ငံရဲ့စီးပွားရေးပြန်တိုးတက်ဖို့ နှစ်များစွာကြာမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း၅နှစ်တာကာလအတွင်း စီးပွားရေးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ဘီလီယံချီအထိ ရှိနေသလို ငွေကြေးဖောင်းပွမှုနှုန်းက ၂၀ရာခိုင်နှုန်းအထက် ဆက်ရှိနေပြီး ဆင်းရဲမွဲတေမှုနှုန်း ၃၀ရာခိုင်နှုန်းကျော်အထိ ရောက်ရှိနေတာကိုတွေ့ရပါတယ်။
GDP ၂ရာခိုင်နှုန်းကျုံ့ဝင်မယ်ဆိုတဲ့အကြောင်းနဲ့ ငွေကြေးဖောင်းပွမှုနှုန်း ၂၀ရာခိုင်နှုန်းအထက်ရှိနေတယ်ဆိုတဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ ထုတ်ပြန်ချက် >>> https://shorturl.at/CQ7tC
မြန်မာနိုင်ငံရဲ့ လူဦးရေ ၈၀ရာခိုင်နှုန်းကျော်က ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေမှာရှိနေတာပါ။
မြန်မာနိုင်ငံရဲ့ လူဦးရေ ၈၀ရာခိုင်နှုန်းကျော် ဆင်းရဲမွဲတေမှုနဲ့ရင်ဆိုင်နေရကြောင်း ReliefWeb အဖွဲ့အစည်းရဲ့ “မြန်မာအကျပ်အတည်းဆိုင်ရာ အခြေအနေဆန်းစစ်ချက်” မှာ ဖော်ပြထားပါတယ်။ >>> https://bit.ly/3PMt6p6
ကုလသမဂ္ဂ အစီရင်ခံစာတွေအရ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ အရပ်သား ၅.၂ သန်း နီးပါး ရှိနေပြီး သေဆုံးသူ အရေအတွက်လည်း များပြားနေသလို လူသားချင်းစာနာမှုအကုအညီလိုအပ်သူ ၁၆သန်းကနေ ၁၈သန်းကျော်အထိရှိနေပါတယ်။
နေရပ်စွန့်ခွာနေရသူ ၅.၂သန်းနီးပါးရှိနေတယ်ဆိုတဲ့အကြောင်း UN ရဲ့ ထုတ်ပြန်ချက် >>> https://shorturl.at/rCmTs
ပဋိပက္ခ၊ လျှပ်စစ်ပြတ်တောက်မှု၊ လုပ်သားရွှေ့ပြောင်းမှု၊ နိုင်ငံတကာ ဒဏ်ခတ်မှုတွေ နဲ့ ၂၀၂၅ မတ်လ ငလျင်ဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေး၊ စက်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေ ထိခိုက်ခဲ့ပါတယ်။
ဒါ့အပြင် စားဝတ်နေရေး၊ ပညာရေးနဲ့ ကျန်းမာရေးစနစ် ပျက်စီးနေဆဲဖြစ်တယ်လို့ UNရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး ဒီအခြေအနေတွေဟာ စစ်တပ်ကပြောဆို ကတိပေးနေတဲ့ ကောင်းမွန်တဲ့အရွေ့ဆိုတဲ့အကြောင်းအရာနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတာကိုတွေ့ရပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတပုံနီးပါး လူသားချင်းစာနာမှုအကူအညီလိုအပ်နေကြောင်း UNရဲ့အစီရင်ခံစာမှာ ဖော်ပြချက် >>> https://shorturl.at/TOOzE
သုံးသပ်ချက်
အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲ နဲ့ လွှတ်တော်ခေါ်ယူမှုကို ကောင်းမွန်တဲ့ အသွင်ကူးပြောင်းမှု အဖြစ် ပြောဆိုနေခဲ့ပေမယ့် လက်တွေ့မှာတော့ လေကြောင်း တိုက်ခိုက်မှုတွေ၊ ကျေးရွာ မီးရှို့မှုတွေ၊ ပြည်တွင်းစစ် ဆက်လက်ပြင်းထန်နေတာနဲ့ နိုင်ငံရဲ့စီးပွားရေး ဆက်တိုက်ကျဆင်းတာတွေကို တွေ့မြင်ရပါတယ်။
အထက်ပါအချက်အလက်တွေအရ အတုအယောင်ရွေးကောက်ပွဲကနေ တက်လာမယ့် စစ်တပ်အသွင်ပြောင်း အတုအယောင် အစိုးရအဖွဲ့ဟာ အာဏာကို ဆက်လက်ချုပ်ကိုင်ပြီး ပြည်သူလူထုကို ဆက်လက်ဖိနှိပ်နေဦးမယ့် အခြေအနေဖြစ်တယ်ဆိုတာတွေ့ရပါတယ်။