ရေကြည်သားတဦး ထိုင်းမှာ သေဆုံးပြီး တပတ်ကြာတဲ့အထိ မိသားစုနဲ့ အဆက်သွယ်မရသေး

မိသားစုနဲ့ အဆက်သွယ်မရတာ ကြာသွားမယ်ဆိုရင် သူတို့ဘာသာ မီးရှို့လိုက်ကြတော့မှာ။ ကုသိုလ်လည်း မလုပ်ပေးရတော့ဘူးပေါ့။

၁၇၊ မတ်လ။

ဧရာဝတီတိုင်း၊ ရေကြည်မြို့ ၊ ထန်းတောကြီးရွာ၊ ဒေါင်မဒေါ့အုပ်စုလို့ မှတ်ပုံတင်မှာ နေရပ်လိပ်စာ ဖော်ပြထားတဲ့ ကိုသိန်းဇော်မင်းဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံကိုအပြန် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့ကဆိုတော့ ဒီအင်္ဂါဆို တပတ်ရှိနေပြီ ဆုံးသွားတာ။ သူ့အစ်ကိုဆိုတဲ့သူ ဘန်ကောက်ကနေ ဖုန်းဆက်လာတယ်။ သေပြီဆိုရင် သေတဲ့ပုံရိုက်ပြလို့ပြောတယ်။ ကျွန်မတို့က မိသားစုဝင်မဟုတ်တော့ ဆေးရုံမှာ သွားကြည့်လို့ ဓာတ်ပုံရိုက်လို့မရဘူး ” လို့ လက်ရှိ ကိုသိန်းဇော်မင်းရဲ့ လက်ကိုင်ဖုန်းကို ထိန်းသိမ်းထားပြီး မိသားစုဝင်တွေနဲ့ အဆက်သွယ်ရဖို့ ကူညီပေးနေတဲ့ မြန်မာစကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သူတဦးက ရှင်းပြပါတယ်။

သူဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့က မဲဆောက်ကိုရောက်လာခဲ့ပြီး မဲဆောက်ကားဂိတ်အရောက် အသက်ရှုမဝတဲ့ ဝေဒနာကို ခံစားခဲ့ရတာကြောင့် ထိုင်းနိုင်ငံသား အမျိုးသမီးတဦးက မဲဆောက်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ဆေးရုံမှာ ကျောက်ကပ်ဆေးခြင်းနဲ့ အသက်ကယ်ဆေးထိုးပြီး အသက်ကယ်ကုသမှုတွေ လုပ်ခဲ့ပေမယ့် မတ်လ ၁၀ ရက်နေ့ အင်္ဂါနေ့မှာတော့ ကွယ်လွန်သွားခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံကိုပို့ပေးခဲ့တဲ့ ထိုင်းနိုင်ငံသား အမျိုးသမီးက ကိုသိန်းဇော်မင်းရဲ့ မိသားစုတွေနဲ့ အဆက်သွယ်ရရှိနိုင်ဖို့အတွက် ဆေးရုံနားမှာ ထမင်းဆိုင်ဖွင့်ထားတဲ့ မြန်မာစကားပြောတတ်သူတဦးကို ကိုသိန်းဇော်မင်းရဲ့ လက်ကိုင်ဖုန်းပေးထားခဲ့တာ ဖြစ်ပါတယ်။

ကိုသိန်းဇော်မင်းရဲ့ မိသားစုဝင် ဖြစ်သူတွေ အနေနဲ့ သူ့ရဲ့လက်ကိုင်ဖုန်းဖြစ်တဲ့ +၆၆၈၀၄၄၀၅၅၁၄ ဆိုတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်နိုင်ပြီး ကူညီဆောင်ရွက်ပေးနေသူနဲ့ သိလိုတာတွေကို မေးမြန်းနိုင်ပါတယ်။

“နေမကောင်းတဲ့သူကို တယောက်တည်း လွှတ်လိုက်ပြီးတော့ ဒီလောက်တောင်ကြာပြီကို အိမ်ရောက် မရောက်လည်း မမေးဘူးလား မသိဘူး။ အခုက မိသားစုနဲ့ အဆက်သွယ်မရတာ ကြာသွားမယ်ဆိုရင် သူတို့ဘာသာ မီးရှို့လိုက်ကြတော့မှာ။ ကုသိုလ်လည်း မလုပ်ပေးရတော့ဘူးပေါ့။ ဘန်ကောက်ကနေ မဲဆောက်ဆင်းလာဖို့က ခက်တာလည်း မဟုတ်ဘူး လာကြည့်လိုက်ပေါ့ တကယ် သေ မသေ ” လို့ ကူညီပေးနေသူက ပြောပါတယ်။

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ ကိုသိန်းဇော်မင်းဟာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေ ရှိတဲ့သူဖြစ်တာကြောင့် ဘန်ကောက်မှာ အလုပ်လာရောက် လုပ်ကိုင်ရင်း နေမကောင်းလို့ မြန်မာနိုင်ငံကို ပြန်တာမျိုးဖြစ်နိုင်တယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက် နေသူတွေက မှတ်ချက်ပြုကြပါတယ်။

ဆေးရုံကြီးမှာ ကွယ်လွန်သွားတာဖြစ်ပြီး မကွယ်လွန်ခင်က ဆေးကုသခဲ့မှုတွေနဲ့ ကွယ်လွန်ပြီးနောက် ရေခဲတိုက်အသုံးပြုမှု ကုန်ကျစရိတ်တွေအတွက် ဖြေရှင်းဖို့တွေရှိပေမယ့် မိသားစုက မဆက်သွယ်လာရင်တော့ နာရေးကိစ္စလုပ်ဆောင်နိုင်ဖို့ ကူညီဖြေရှင်းနိုင်ဖို့က ခက်ခဲတယ်လို့ မြန်မာရွေ့ပြောင်း အလုပ်သမားရေး ကူညီပေးနေသူတွေက ဆိုပါတယ်။