အမေရိကန်၊ အစ္စရေးတို့နဲ့ ဆက်နွှယ်နေမှုရှိတယ်ဆိုပြီး နိုင်ငံခြားသားတဦးအပါ လူအများအပြားကို အီရန် ဖမ်းဆီး

ဖမ်းဆီးခံရသူရဲ့ နိုင်ငံသားဖြစ်မှုကို ထုတ်ဖော်မပြောပေမဲ့ အဆိုပါ နိုင်ငံခြားသားဟာ “အမေရိကန်နဲ့ အစ္စရေးတို့အတွက် သူလျှိုလုပ်ပေးနေသလို ပင်လယ်ကွေ့ နှစ်နိုင်ငံအတွက်လည်း ကြားခံနယ်ရုပ်အဖြစ် ဆောင်ရွက်ပေးနေတာ”လို့ အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနက ပြောကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

၁၁၊ မတ်။

အမေရိကန်၊ အစ္စရေးတို့နဲ့ စစ်ပွဲတွေ ဆက်ဖြစ်နေတဲ့ကြားမှာပဲ ရန်သူတွေအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့နိုင်ငံခြားသားတဦးအပါအဝင် လူအများအပြားကို အီရန်က ဖမ်းဆီးလိုက်တယ်လို့ ထောက်လှမ်းရေးဝန်ကြီးဌာနက မတ်လ ၁၀ ရက်၊ အင်္ဂါနေ့မှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံအပေါ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့်အီရန်ရဲ့ အဓိပတိ အယာတိုလာ အလီ ခါမေနီနဲ့အတူ တပ်မှူးတချို့ သေဆုံးသွားခဲ့ပါတယ်။

အခုဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်းမှာပဲ အီရန်ဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ပြီး အမေရိကန်စစ်အခြေစိုက်စခန်းတွေ ရှိနေတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို လက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူရဲ့ နိုင်ငံသားဖြစ်မှုကို ထုတ်ဖော်မပြောပေမဲ့ အဆိုပါ နိုင်ငံခြားသားဟာ “အမေရိကန်နဲ့ အစ္စရေးတို့အတွက် သူလျှိုလုပ်ပေးနေသလို ပင်လယ်ကွေ့ နှစ်နိုင်ငံအတွက်လည်း ကြားခံနယ်ရုပ်အဖြစ် ဆောင်ရွက်ပေးနေတာ”လို့ အီရန်ထောက်လှမ်းရေးဝန်ကြီးဌာနက ပြောကြောင်း နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ဟာ နိုင်ငံသားနှစ်ခု ခံယူထားသူတွေနဲ့ နိုင်ငံခြားသားအများအပြားကို ဖမ်းဆီးခဲ့ဖူးပြီး အများစုကိုတော့ သူလျှိုမှု ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ စွဲချက်တွေနဲ့ အရေးယူခဲ့တာပါ။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အီရန်အစိုးရဟာ လုပ်ကြံဖန်တီးထားတဲ့ လုံခြုံရေးဆိုင်ရာစွဲချက်တွေနဲ့ လူတွေကို ဖမ်းဆီးပြီးတခြားနိုင်ငံတွေဆီကနေ အလျှော့အတင်းတွေ လုပ်ယူဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲထားပါတယ်။ တီဟီရန်ဘက်ကတော့ နိုင်ငံရေးအကြောင်းပြချက်နဲ့ လူတွေကို ဖမ်းဆီးတာမျိုး မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ သူလျှိုတွေ၊ ပြည်တွင်းက ကြေးစားတွေနဲ့ အေးဂျင့် ၃၀ ကိုဖမ်းဆီးခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

တဆက်တည်းမှာပဲ အီရန်ရဲချုပ် အာမက်ဒရီဇာ ရာဒန်က “အီရန်နိုင်ငံတွင်း သတင်းအချက်အလက်တွေကို ရန်လိုတဲ့ မီဒီယာတွေနဲ့ရန်သူတွေဆီ ပေးပို့မှု” နဲ့ အခုအချိန်အထိ လူ ၈၁ ဦးခန့်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နိုင်ငံပိုင်ရုပ်သံကို ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ သူက မပြောခဲ့ပါဘူး။

Ref –  Reuters