အင်ဒရူးကို တော်ဝင်နန်းလျာစာရင်းကနေ ဖယ်ရှားဖို့ ဗြိတိန်အစိုးရ စဉ်းစားနေ

ပြီးခဲ့တဲ့ အောက်တိုဘာလက မင်းသားဘွဲ့အပါအဝင် တော်ဝင်ဘွဲ့ထူးတွေအကုန်ရုပ်သိမ်းခံခဲ့ရပေမဲ့ နန်းလျာဆက်ခံခွင့် အစဉ်အလာမှာတော့ နံပါတ်(၈) နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

၂၁၊ ဖေဖော်ဝါရီ။

အင်ဒရူး မောင့်ဘက်တင်-ဝင်ဆာကို တော်ဝင်နန်းလျာ စာရင်းကနေ ဖယ်ရှားဖို့အတွက် အစိုးရက ဥပဒေအသစ်တရပ် ပြဌာန်းဖို့ စဉ်းစားနေပါတယ်။

အင်ဒရူးကို ဘုရင်ဖြစ်လာနိုင်ခြေ လုံးဝမရှိအောင် တားဆီးမဲ့ အဆိုပါ လုပ်ဆောင်ချက်ဟာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်က ဘယ်လိုပဲထွက်ထွက် “လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်” ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး လူ့ခ်ပိုလတ်က BBC ကို ပြောပါတယ်။

လက်ရှိမှာတော့ ဘုရင်ကြီးရဲ့ ညီတော်ဖြစ်သူ အင်ဒရူးဟာ ကလေးသူငယ်တွေကို ကာမမှုကျူးလွန်သူ ဂျက်ဖရီ အက်ပ်စတိန်းနဲ့ ပတ်သက်ခဲ့တဲ့ကိစ္စကြောင့် ဖိအားတွေပေးခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မင်းသားဘွဲ့အပါအဝင် တော်ဝင်ဘွဲ့ထူးတွေအကုန်ရုပ်သိမ်းခံခဲ့ရပေမဲ့ နန်းလျာဆက်ခံခွင့် အစဉ်အလာမှာတော့ နံပါတ်(၈) နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။

ပြည်သူ့ဝန်ထမ်းဆိုင်ရာ ကျင့်ဝတ်ဖောက်ဖျက်မှု သံသယနဲ့ အဖမ်းခံခဲ့ရတဲ့အင်ဒရူးဟာ ၁၁ နာရီအကြာ စစ်ဆေးခံရပြီးနောက် ကြာသပတေးနေ့ ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ သူကတော့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ အမြဲတမ်း ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။

BBC ရေဒီယို အစီအစဉ်တခုမှာ ပိုလတ်က ပြောကြားရာမှာတော့ မင်းသားဟောင်း အင်ဒရူးအနေနဲ့ နန်းပလ္လင်နဲ့ လက်တကမ်းအကွာကို ရောက်မလာစေဖို့အတွက် ဘက်ကင်ဟမ်နန်းတော်နဲ့ အစိုးရတို့ ပူးပေါင်းပြီး အစီအစဉ်တွေသေချာပေါက် လုပ်ဆောင်နေတယ်လို့ အတည်ပြုခဲ့ပါတယ်။

အဆိုပါ ကိစ္စဟာ နိုင်ငံရေးပါတီအားလုံးရဲ့ ထောက်ခံမှုကို ရလိမ့်မယ်လို့မျှော်လင့်ကြောင်း၊ ဒါပေမဲ့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးမှသာ အဆိုပါ ဥပဒေကို အကောင်အထည်ဖော်တာက ပိုမှန်ကန်လိမ့်မယ်လို့လည်းသူက ဆိုပါတယ်။

သောကြာနေ့မှာတော့ အင်ဒရူး နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ အခန်းပေါင်း၃၀ ပါ ဝင်ဆာနယ်မြေက တော်ဝင်စံအိမ်ဆီကို ရဲကားတွေနဲ့ ဗန်ကားတွေ ဝင်ထွက်သွားလာနေတာကို တွေ့ရပါတယ်။

အချိန်တခုမှာတော့ အဲဒီစံအိမ်ဝင်းထဲမှာ ကားအစီးရေ ၂၀ ထက်မက ရပ်ထားတာကို တွေ့ရပေမဲ့ အဆိုပါ ကားအားလုံးဟာ စုံစမ်းစစ်ဆေးမှု ဒါမှမဟုတ်ရှာဖွေမှုတွေနဲ့ သက်ဆိုင်ခြင်း ရှိ၊ မရှိကိုတော့ အတိအကျ မသိရသေးပါဘူး။

သူ့ကို ဖမ်းဆီးခဲ့တဲ့ တမ်းစ်ဗယ်လီရဲတပ်ဖွဲ့ဟာ တော်ဝင်စံအိမ်ကို လာမယ့်တနင်္လာနေ့အထိ ဆက်လက်ရှာဖွေသွားဖို့ ရှိတယ်လို့ BBC က နားလည်ထားပါတယ်။

အင်ဒရူးဟာ အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့ကိစ္စကို BBC Newsnight အစီအစဉ်မှာ အင်တာဗျူးဖြေကြားပြီးနောက် လူထုရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုကို ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာ တော်ဝင်တာဝန်တွေကနေ အနားယူခဲ့ပါတယ်။

လစ်ဘရယ်ဒီမိုကရက် ပါတီနဲ့ SNP ပါတီက လွှတ်တော်အမတ်တချို့က ဒီဥပဒေကို ထောက်ခံမယ်လို့ အချက်ပြခဲ့ပြီးတဲ့နောက် အစိုးရရဲ့ အဆိုပြုချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တော်ဝင်စနစ်ကို ဝေဖန်လေ့ရှိတဲ့ လေဘာပါတီ အမတ်တချို့ကတော့ ယော့ခ်မြို့စားဟောင်း (အင်ဒရူး) အနေနဲ့ နန်းပလ္လင်နဲ့ နီးစပ်ဖို့ဆိုတာ အလွန်ဖြစ်နိုင်ခြေနည်းတာကြောင့် ဒီလိုဥပဒေမျိုး တကယ်လိုအပ်ရဲ့လားဆိုပြီး သံသယရှိနေတယ်လို့ BBC ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကတော့ နန်းလျာဆက်ခံခွင့် အစီအစဉ်ကိုပြောင်းလဲဖို့ ဥပဒေထုတ်ဖို့ အစီအစဉ်မရှိဘူးလို့ ဒေါင်းနင်းလမ်း(ဝန်ကြီးချုပ်ရုံး) က ပြောခဲ့ဖူးပါတယ်။

အဆိုပါ လုပ်ဆောင်ချက်ဟာ လွှတ်တော်မှာ ဥပဒေပြဌာန်းဖို့ လိုအပ်မှာဖြစ်ပြီးအောက်လွှတ်တော်နဲ့ အထက်လွှတ်တော် အမတ်တွေက အတည်ပြုရမှာဖြစ်သလို ဘုရင်ကြီးကိုယ်တိုင်က လက်မှတ်ရေးထိုး အတည်ပြုမှသာ အသက်ဝင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် တတိယမြောက် ချားလ်စ်ဘုရင်ကို နိုင်ငံခေါင်းဆောင်အဖြစ်သတ်မှတ်ထားတဲ့ ကနေဒါ၊ သြစတြေးလျ၊ ဂျမေကာနဲ့ နယူးဇီလန် အပါအဝင်ဓနသဟာယ ၁၄ နိုင်ငံရဲ့ ထောက်ခံမှုကိုလည်း ရယူဖို့ လိုအပ်ဦးမှာပါ။

နောက်ဆုံးအကြိမ် လွှတ်တော်ဥပဒေနဲ့ နန်းလျာဆက်ခံခွင့်ကို ပြင်ဆင်ခဲ့တာကတော့ ၂၀၁၃ ခုနှစ်မှာဖြစ်ပြီး ကက်သလစ်ဘာသာဝင်နဲ့ လက်ထပ်ခဲ့လို့ နန်းလျာစာရင်းက ပယ်ထုတ်ခံခဲ့ရသူတွေကို ပြန်လည်ထည့်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ဥပဒေနဲ့ တဦးတယောက်ကို နန်းလျာစာရင်းကနေ ဖယ်ရှားခဲ့တဲ့နောက်ဆုံးအကြိမ်ကတော့ ၁၉၃၆ ခုနှစ်မှာဖြစ်ပြီး နန်းစွန့်ခဲ့တဲ့ အဋ္ဌမမြောက်အက်ဒဝပ်ဘုရင်နဲ့ သူ့ရဲ့ သားစဉ်မြေးဆက်တွေကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။