
ကျောင်းအုပ်ဆရာမကြီးနဲ့ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူတွေဟာ အခုဖြစ်စဉ်နဲ့ ပက်သက်ပြီး မီဒီယာတွေကို ထုတ်ဖော်မပြောကြဖို့ ရွာသားတွေကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
၂၀၊ ဖေဖော်ဝါရီ။
ဟင်္သာတမြို့နယ် အင်္ဂရမ်းအုပ်စု၊ အလကလက်ပံစု(နောက်)ကျောင်းမှာ အလယ်တန်းပြဆရာမဖြစ်သူက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းမှာရှိတဲ့ ကျောင်းသားအားလုံးကို လျှာနဲ့ လျက်ခိုင်းခဲ့တဲ့ကိစ္စကို မြို့နယ်ပညာရေးရုံး တာဝန်ရှိသူတွေက လာရောက် စစ်ဆေးခဲ့ပေမယ့် ဒီနေ့အထိ အရေးယူဆောင်ရွက် မပေးသေးပါဘူး။
“အခုထိ ဘာမှအရေးယူတယ်လို့ မကြားသေးဘူး။ အဲဒီဆရာမကတော့ ရွာကို မရောက်တော့ဘူး အဲဒီကတည်းက” လို့ အလက လက်ပံစုနောက်ကျောင်းမှာ တက်နေတဲ့ ကျောင်းသားတဦးရဲ့ မိခင်က DNA ကို ပြောပါတယ်။
အလက လက်ပံစု(နောက်)စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို အလယ်တန်း ပြဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့သွားပြီး ဘယ်သူ လုပ်ထားတာလဲမေးကာ အဖြေမရတဲ့အတွက် ကျောင်းသားအားလုံး (သုံးဆယ်ဝန်းကျင်)ကို ခေါ်ပြီး ဇန်နဝါရီ ၃၀ ရက်နေ့က လျှာနဲ့ လျက်ခိုင်းခဲ့တာဖြစ်ပါတယ်။
အဲဒီလို အိမ်သာနံရံမှာ ကပ်နေတဲ့ ရွှံ့စေးတွေကို လျက်ခိုင်းတဲ့အကြောင်း အိမ်ပြန်ရောက်ရင် မိဘတွေကို ပြန်မပြောကြဖို့၊ ပြန်ပြောခဲ့ရင် ကျောင်းရောက်လာတဲ့အခါ ရိုက်မယ်လို့လည်း အဲဒီဆရာမက ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ကျောင်းသားတွေက သူတို့မိဘတွေကို ပြန်ပြောခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကို ကျောင်းသားမိဘတွေ သိသွားပြီးတဲ့နောက် ကျောင်းအုပ်ဆရာကြီးဆီ ဖုန်းဆက်တိုင်ကြားခဲ့တာကြောင့် ဇန်နဝါရီ ၃၁ ရက်နေ့မှာ မြို့နယ်ပညာရေးရုံး တာဝန်ရှိသူတွေက လာရောက် စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် သုံးပတ်ကြာ ဒီနေ့ထိ အရေးယူ ဆောင်ရွက်မှု တစုံတရာ မရှိသေးတာပါ။
“အဲဒီတုန်းက မူလတန်းကလေးတွေ စာမေးပွဲနဲ့ဆိုပြီးတော့ ဆိုင်းငံ့ထားခဲ့တာ စာမေးပွဲပြီးပေမယ့် အခုထိ ဘာမှ မလုပ်သေးဘူး။ တို့ကတော့ အဲဒီဆရာမကို ဒီရွာမှာ မရှိရင် ပြီးပြီ” လို့ နောက်ထပ် လက်ပံစုရွာမှ ဒေသခံတဦးက ပြော ပါတယ်။
လက်ရှိမှာ လက်ပံစု(နောက်)ကျောင်းမှာ မူလတန်းကလေးငယ်တွေကို စာမေးပွဲစစ်ပြီးပြီ ဖြစ်ပေမယ့် အလယ်တန်း ကလေးတွေကိုတော့ စာမေးပွဲမစစ်ရသေးဘူးလို့ သိရပါတယ်။
အဲဒီလို အတန်းစုံ ကျောင်းသားကလေးငယ်တွေကို ရွှံစေးလျက်ခိုင်းခဲ့တဲ့ ဆရာမကို အဲဒီကျောင်းမှာ ထပ်မရှိစေလိုဘဲ ကျောင်းပြောင်းပေးဖို့ တောင်းဆိုသွားမယ်လို့ ကျောင်းသားမိဘတွေနဲ့ ကျောင်းကော်မတီဝင်တွေက ပြောထားကြပါတယ်။
ကျောင်းသားတွေကို အိမ်သာနံရံ လျက်ခိုင်းခဲ့တဲ့ ဆရာမဒေါ်မြမြသွယ်ကို DNA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ လက်ရှိ အရေးယူဆောင်ရွက်မှု အခြေအနေနဲ့ ပက်သက်ပြီး မေးမြန်းဖို့ လက်ပံစု(နောက်)ကျောင်းအုပ်ဆရာမကြီးကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာ မရှိပါဘူး။
ဒါ့အပြင် ကျောင်းအုပ်ဆရာမကြီးနဲ့ မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူတွေဟာ အခုဖြစ်စဉ်နဲ့ ပက်သက်ပြီး မီဒီယာတွေကို ထုတ်ဖော်မပြောကြဖို့ ရွာသားတွေကို တားမြစ်ထားတယ်လို့လည်း သိရပါတယ်။
ကျောင်းသားတွေကို အဲဒီလိုလုပ်တာဟာ ဆရာမတယောက်အနေနဲ့ လုံး၀မလုပ်သင့်တဲ့ လုပ်ရပ်တခုဖြစ်ပြီး လူ့အခွင့်အရေးနဲ့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာလည်း ရောက်ပြီး မိဘတွေအနေနဲ့ မြို့နယ်ရုံးထိ သွားရောက်တိုင်ကြားသင့်တယ်လို့ ရခိုင်ပြည်နယ်က ဆရာမတဦးက မှတ်ချက်ပေးပါတယ်။
အလကလက်ပံစုနောက်ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း ခြောက်ဆယ်ရှိတယ်လို့ သိရပါပြီး ဆရာမဒေါ်မြမြသွယ်က ကျောင်းသား ၃၀ ကျော်ကို အိမ်သာနံရံပေါ်က ရွှံ့တွေကို လျှာနဲ့ လျက်ခိုင်းခဲ့တာဖြစ်ပါ တယ်။